spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ရိက္ခာမရရှိတဲ့အတွက် ချေးငှားပြီးစားသောက်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ရိက္ခာမရရှိတဲ့အတွက် စစ်ရှောင်တွေဟာ ချေးငှားပြီး စားသောက်နေရတယ်လို့ စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တောင်ယာမရှိတဲ့အိမ်ထောင်စုတွေပေါ့။ အဲ့ဒါတွေကျတော့ တော်တော်များများကတော့ ဒီကနေသွားတယ်။ main (အဓိက) ဂိုဒေါင်ကနေပဲပေးတာပေါ့နော။ ဒါပေမဲ့ လုံးဝမပေးနိုင်တဲ့ လ တွေအများကြီးရှိတယ်။ အဲ့လိုဆိုရင် သူတို့ရဲ့နီးစပ်ရာ လူတွေက ပေးနိုင်သလောက်လေး ကူညီကြတယ်။ အကယ်၍ ဘယ်သူမှ မပေးနိုင်ဘူးဆိုရင် ချေးငှားစားရတာရှိတယ်။ အဆင်ပြေလို့ ပြန်ပေးနိုင်တဲ့အခါဆိုရင် ပြန်ဆပ်ရတာတို့ အဲ့လိုရှိတယ်။” လို့ အဆိုပါ စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၂၀၂၃ခုနှစ်အတွင်းမှာ အဲဒီဒေသဘက်ကို လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် အလှူရှင်မရောက်ရှိနိုင်တော့ဘဲ ဒေသတွင်း လူမှုအသင်းအဖွဲ့တချို့က တခါတရံမှသာ ထောက်ပံ့ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ လွိုင်ကော်မြို့ရဲ့ အရှေ့ဘက်ခြမ်းမှာတည်ရှိနေတာဖြစ်ပြီး စစ်ရှောင် တွေပြန့်ကျဲနေထိုင်ကြတာဖြစ်ပါတယ်။

တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတဲ့ စစ်ရှောင်တွေအများစုရှိနေပေမဲ့ လူဦးရေရဲ့ ၄ပုံ ၁ပုံဟာ တောင်ယာမရှိတာကြောင့် အလှူရှင်က ထောက်ပံ့ပေးတဲ့ ဆန်ရိက္ခာကိုသာ မှီခိုအားထားနေရတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေရဲ့ အဆိုအရ အလှူရှင်တွေက ထောက်ပံ့ပေးတဲ့အချိန်မှသာ ချေးငှားထားတဲ့ ဆန်ကို ပြန်လည် ဆပ်ပေးနိုင်တာဖြစ်ပြီး အလှူရှင်မရှိပါက ဆွေမျိုးတွေထံ အကူအညီတောင်းရတယ်လို့ ဆိုပါတယ်။

“အိမ်ထောင်စု လေးပုံတစ်ပုံလောက်ကျတော့ တောင်ယာမရှိတဲ့အိမ်ထောင်စုတွေဖြစ်တယ်ပေါ့နော။ ဆိုတော့ ဒီအိမ်ထောင်စုတွေက ဦးစားပေးရမယ့် အိမ်ထောင်စုထဲမှာ အမြဲတမ်းထည့်ထားတယ်။ ဆန်နည်းနည်းပါးပါးရတာရှိမယ်၊ ဆန်အိတ် ၂၀၊ ၃၀ လိုမျိုးဆိုရင် တောင်ယာမရှိတဲ့အိမ်ထောင်စုတွေကို ဦးစားပေးဖြစ်တယ်ပေါ့။”လို့ စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆေးဝါးလိုအပ်ချက်နဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေအတွက် စာရေးကိရိယာနဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ စစ်ရှောင်စခန်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ရွာပေါင်း ၃၀ ကျော်က လူဦးရေ ၄၀၀၀ ကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီ စစ်ရှောင်ဦးရေ ၂သိန်းကျော်ရှိနေပြီး စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အလှူရှင်ထောက်ပံ့ပေးနိုင်မှု အားနည်းလာတာကြောင့် စစ်ရှောင်စခန်းတွေမှာ ဆန်ရိက္ခာပြတ်လပ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

spot_img
spot_img

Recent posts