spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော် စစ်ရှောင်လူထုတွေကို ရှမ်းပြည်မှာ လက်ခံပေးပြီး စားဝတ်နေရေး ကူညီဆောင်ရွက်ပေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ်ထဲကို စစ်ရှောင်လာတဲ့ စစ်ဘေးရှောင်လူထုတွေကို ရှမ်းပြည်တောင်ပိုင်းက ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးနေကြတယ်လို့ သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ကတည်းက လာရောက်စစ်ရှောင်နေသူတွေရှိသလို ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေကိုလည်း အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးနေတာရှိတယ်လို့ ဆီဆိုင် စစ်ရှောင်ကူညီသူ ခွန်ကျော်ဆွေက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အလှူရှင်တွေ မရောက်တာလည်း ကြာပြီဆိုတော့ အခု ကျနော်တို့ ဘယ်လိုလုပ်လဲဆိုတော့ တတ်နိုင်သလောက်လေး‌ပေါ့။ ရှိတာလေးနဲ့ ဒေသခံတွေရဲ့ အကူအညီလေးနဲ့ နေရာလေးချထားပေးပြီး တတ်နိုင်သလောက်လေးပေါ့။ လောလောဆယ်တော့ ကျနော်တို့ အလွန်ဆုံးတော့ ၄/၅ ရက်စာပဲ ကျနော်တို့ ပေးနိုင်တဲ့ အနေအထားတစ်ခုပဲရှိတယ်။ ဒီထက်ပိုပြီး တော့ ပေးဖို့တော့ ကျနော်တို့မှာလည်း အရင်းအမြစ်မရှိတော့ဘူးဗျ” လို့ ခွန်ကျော်ဆွေက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ကရင်နီပြည်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူလူထုတွေဟာ ရှမ်းပြည်နယ် တောင်ကြီး ၊ညောင်ရွှေ၊ ဆီဆိုင်၊ အင်းလေး စတဲ့ နေရာ အသီးသီးမှာ သွားရောက်တိမ်းရှောင်ကြတာရှိပြီး ဒေသခံတွေ အနေနဲ့လည်း တတ်နိုင်သလောက် ပါဝင် ကူညီဆောင်ရွက်ပေးနေကြတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေရောက်ရှိနေတဲ့ ကျေးရွာ အသီးသီးက ဒေသခံတွေဟာ စစ်ရှောင်တွေအတွက် ရည်ရွယ်ပြီးကူညီဖို့ မေးမြန်းလာသူတွေရှိသလို စစ်ရှောင်ရှိတဲ့ နေရာ အထိ ကိုယ်တိုင် လာရောက် ကူညီပေးတာရှိတယ်လို့ အင်းလေး ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

“ အလှူငွေထည့်ချင်တဲ့ သူတွေက ဖုန်းတော်တော် ဆက်လာကြတယ်ဗျ။ စစ်ရှောင်အတွက် လှူချင်တယ်ဆိုပြီးတော့ အဲ့နဲ့ ကျနော်က ပြန်ပြီးတော့ ဘုန်းကြီးကျောင်းကိုပဲ သွားလှူ ဘာညာ ပြောပေးလိုက်တာဗျ။ လာလှူကြတယ်ဗျ။ အရင်တစ်ခေါက်ဆို လှေနဲ့ အသီးအရွက်တတ်နိုင်သူက အသီးအရွက် လှေတစ်စီးတတ်နိုင်သူက လာပြီးတော့ လှူကြတယ်”လို့ အင်းလေး ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ငွေကြေးတတ်နိုင်သူတွေကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အိမ်ငှားပြီးနေထိုင်ကြသလို တချို့ စစ်ဘေးရှောင်တွေကတော့ ရောက်ရှိနေတဲ့ ကျေးရွာ က ရွာခံတွေရဲ့ စီစဉ်ဆောင်ရွက်ပေးထားတဲ့နေရာတွေမှာ တည်းခို နေကြတယ်လို့သိရပါတယ်။

လွိုင်ကော်မြို့ပေါ် တိုက်ပွဲတွေ ပြင်းထန်လာတဲ့နောက်ပိုင်းမှာ ဘေးလွတ်ရာကို တိမ်းရှောင်လာကြတဲ့ လွိုင်ကော်က စစ်ရှောင်လူထုတွေ အနေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ရဲ့ အခြေပြုဒေသတွေမှာ လာရောက်ခိုလှုံနိုင်ကြောင်းကိုလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)က အသိပေးထားတာ ရှိပါတယ်။

လက်ရှိမှာလည်း ပအိုဝ်းနယ်မြေအတွင်း လာရောက် စစ်ရှောင်လာသူတွေကို နေရာထိုင်ခင်း၊ စားသောက်ရေး အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးထားတာရှိတယ်လို့ PNLO တာဝန်ခံ ခွန်ထွန်းက ပြောပါတယ်။

“ရှိပါတယ်။ ကျနော်တို့ကတော့ ရှိပါတယ်ခများ။ စီစဥ်ထားတာရှိပါတယ်။ နေရာချထားရေး အဖွဲ့တွေ ကျနော်တို့ဖွဲ့ထားပါတယ်။ အခုတော့ စစ်ရှောင်စောင့်ရှောက်ရေး ကော်မတီဖွဲ့ပြီးတော့မှ တာဝန်ယူဆောင်ရွက်ပေးတာရှိပါတယ်”လို့ တာဝန်ခံ ခွန်ထွန်းက ပြောပါတယ်။

ကရင်နီပြည်မှာ (၁၁.၁၁) စစ်ဆင်ရေးစတင်တာ ၁၀ ရက်မြောက်ရှိနေပြီဖြစ်ပြီး လွိုင်ကော်မြို့ပေါ် မှာ နေ့စဥ်နဲ့အမျှ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ‌ရှမ်းပြည်ထဲကိုရောက်ရှိလာတဲ့ လွိုင်ကော် စစ်ရှောင်ဦးရေဟာ ၁သောင်း‌ကျော်ရှိနိုင်ပြီး ရှိနှင့်ပြီးသား စစ်ရှောင်ဦးရေလည်း သောင်းချီရှိနေနိုင်တယ်လို့ ဆီဆိုင်စစ်ရှောင်ကူညီသူ ခွန်ကျော်ဆွေက ခန့်မှန်းပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts