spot_img
Thursday, June 1, 2023
spot_imgspot_imgspot_imgspot_img

လွိုင်ကော် – ဒေါတမကြီး – ဘောလခဲလမ်းကို ပြန်လည်ဖွင့်လှစ်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော် – စံပြ( ၆ ) မိုင် – ဒေါတမကြီး – ဘောလခဲလမ်းကို ယနေ့ ဇန်ဝါရီလ ( ၁၈ ) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပြီလို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ၁၈ရက်နေ့( ဗုဒ္ဓဟူးနေ့ )ကနေ စတင်ပြီး ၃ရက်ဆက်တိုက် သွားလာခွင့်ပြုမှာဖြစ်ပြီး နောက်တစ်ကြိမ်ကို ၁၀ ရက်အကြာမှ ပြန်လည်သွားလာခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

သွားလာခွင့်ရတဲ့ ရက်တွေမှာ မနက် ၆နာရီကနေ ညနေ ၅နာရီအထိဖွင့်လှစ်မှာဖြစ်ပြီး ပြည်နယ်ခြား ခရီးသည်၊ အလုပ်သမားများ ဖြတ်သန်းသွားလာခြင်းနဲ့ ကန့်သတ်ကုန်ပစ္စည်း သယ်ဆောင်ခြင်းတွေကို လုံးဝမပြုလုပ်ဖို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

လမ်းပိတ်ရက်တွေမှာ သာရေး၊ နာရေးကိစ္စတွေအတွက် သက်သေခံအထောက်အထားပြည့်စုံမှသာလျှင် ဖြတ်သန်းသွားလာခွင့်ပြုမယ်လို့ ဆိုပါတယ်။ အခုလို လမ်းတွေကို ပြန်ဖွင့်တာဟာ လူထုတောင်းဆိုချက်အရဖြစ်ပြီး၊ စစ်ရေးအခြေအနေအရ ပြန်ပိတ်တာမျိုးလည်း ရှိနိုင်တယ်လို့ ကရင်နီပြည်အစိုးရပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“လိုအပ်လို့ ပိတ်တာမျိုးတွေရှိသလို လူထုတောင်းဆိုချက်အရ ဒီစားဝတ်နေရေး အခက်အခဲတွေကြောင့် သွားလာဖို့ အခက်အခဲတွေကြောင့် ပြန်ဖွင့်တာမျိုးတွေ ရှိတာပေါ့နော။ ဆိုတော့ ဒါမျိုးကတော့ အများကြီးတော့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေအပေါ်မူတည်ပြီးမှ သူတို့ လုပ်ကိုင်ရခြင်းဖြစ်တယ်ပေါ့။ အဲဒီလို တားမြစ်တာတို့ ပိတ်ပင်တာတို့ ခဏလေး ယာယီအဲဒီလိုမျိုး လုပ်တာတွေကတော့ အချိန်မရွေးရှိနိုင်ပါတယ်။ ဆိုတဲ့ဟာကို ကျနော်ထပ်ပြောချင်တာပေါ့။” လို့ သူက ပြောပါတယ်။

အဲဒီလမ်းကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၅ရက်မှာ အများပြည်သူလုံခြုံရေးအတွက် ယာယီပိတ်ထားမယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။ ယခင်ကလည်း ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားတာတွေ မကြာခဏထုတ်ပြန်ထားပြီး ပြန်လည်သွားလာခွင့်ပြုတဲ့အချိန်မှာလည်း တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ စတဲ့ တစ်ပတ်မှာ သုံးရက် သွားလာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာရှိတဲ့ KNDF B-09 ၊ KNDF B-10 ၊ KA နဲ့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမှတ် ( ၁ ) ခရိုင် ဒီးမော့ဆိုမြို့နယ် ညွှန်ကြားရေးမှူး၊ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကေးလျားမြို့နယ် အုပ်ချုပ်ရေးမှူးတို့ကနေပြီး စည်းဝေးဆုံးဖြတ်ချကာ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။

လွိုင်ကော် – စံပြ( ၆ ) မိုင် – ဒေါတမကြီး – ဘောလခဲလမ်းကို လက်ရှိမှာ ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တို့က လုံခြုံရေးယူ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Recent posts