spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်- မိုးဗြဲလမ်းမကြီးတစ်လျှောက် တိုက်ပွဲအတွင်း စစ်ကောင်စီဖက် (၂၀)ဦးထက်မနည်းသေဆုံး၊ စစ်ကောင်စီယာဉ်တန်းတွေ တပ်စခန်းတွေထဲရောက်ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်- မိုးဗြဲလမ်းမကြီးတစ်လျှောက်မှာ ဇူလိုင်လ (၂၀)ရက်နေ့မှစပြီး ဇူလိုင်လ (၂၈)ရက်နေ့အထိ ၈ ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း နဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့သလို စစ်သုံးကား နှစ်စီးလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ စစ်ယာဉ်တန်းကတော့ (၅၄)တပ်ထဲကို ဝင်သွားတယ်လို့လည်း ပြောတယ်ပေါ့နော။ စစ်ယာဉ်တန်းတွေကတော့ လွိုင်ကော်မြို့ထဲ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေထဲကို ရောက်သွားပြီလို့ပြောပါတယ်။ လွိုင်ကော်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဖက်က ၂၀ဦးထက်မနည်းသေဆုံးခဲ့တယ်ပေါ့နော။ ၂၄ရက်နေ့မှာ ကျနော်တို့ ပူးပေါင်းတပ်တွေ ဖြတ်တိုက်လိုက်တယ်။ စစ်ကောင်စီဖက်က ကား ၂စီးပျက်စီးသွားတယ်ပေါ့နော။ စစ်ကောင်စီဖက်ကတော့ ထိခိုက်တာတွေရှိမယ်။ အကျဆုံးကတော့ ၂၀ဦးခန့်ရှိမယ်ပေါ့နော။ “ လို့ KNDFသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သိမ်းဆည်းရမိတဲ့လက်နက်တွေကတော့ MA-1 (၅) လက် ၊ MA-2 စက်ကလေး (၁)လက် ၊ MA-3 (၂)လက် အပါအဝင် ဆက်စပ် ခဲယမ်းမီးကျောက် နဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ပါတယ်။ စစ်ကောင်စီကနေ စစ်ယာဉ်တန်း ၁၀၀ ဝန်းကျင်နဲ့ အင်အားဖြည့်ဝင်ရောက်ခြင်း၊ စစ်ကြောင်းထိုးခြင်းတွေကို လုပ်ဆောင်လာတဲ့အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တန်းတွေကတော့ လွိုင်ကော်မြို့ထဲ စစ်ကောင်စီရဲ့ တပ်စခန်းတွေထဲ ရောက်ရှိတာတွေရှိတယ်လို့ KNDFသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်နေတဲ့အတောအတွင်း စစ်ကောင်စီတပ်ဟာ ဖယ်ခုံ – မိုးဗြဲ လမ်းမကြီးမှ တဆင့် လွိုင်ကော်ဖက်ကို ဦးတည်တဲ့ စစ်ယာဉ်တန်းနဲ့ အင်အားဖြည့် ဝင်ရောက်လာခဲ့တဲ့အတွက် မိုးဗြဲမြို့အထွက် လမ်းမကြီးတစ်လျှောက်မှာလည်း KNDF တပ်ရင်း (၃) နဲ့မိတ်ဖက်တပ်ဖွဲ့ကနေ ကြားဖြတ် ပူးပေါင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ဇူလိုင်လ (၂၄) ရက်နေ့ နဲ့ (၂၅) ရက် နှစ်ရက်တာအတွင်း လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းကျေးရွာ ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် နဲ့ မိုးဗြဲဖက်မှ စစ်ယာဥ်တန်းကားများဖြင့် လွိုင်ကော်ဖက်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီတပ်မတော်(KA)၊ KNDF တပ်ရင်း (၂)၊ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၄)၊ KNDF ETD ၊ Loikaw PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတွင်းသို့ စစ်ကောင်စီတပ်ဟာ ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းမကြီးအား အသုံးပြုပြီး စစ်ယာဥ်တန်းကားများ အပြင် အရပ်သားကားများအား အသွင်ယူပြီး အသုံးပြုကာ ဝင်ရောက်နေတဲ့အတွက် လမ်းမကြီးတစ်လျှောက် ကရင်နီပူးပေါင်းတပ်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါးဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့နယ်အတွင်းက နွားလဝိုးကျေးရွာအပြင် အနီးအနားက ကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လက်ရှိမှာလည်း လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံ လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့မှ စစ်ရေးလှုပ်ရှားမှု ရှိနေသေးတဲ့အတွက် ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တဲ့အတွက် သွားလာနေကြတဲ့ မိဘပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊ သတိရှိစွာနဲ့ သွားလာကြဖို့ KNDF က မေတ္တာရပ်ခံ အသိပေးထားပါတယ်။

spot_img
spot_img

Recent posts