spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော် – မိုးဗြဲ လမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီ စစ်ကား အစီး (၇၀) နဲ့ အင်အားဖြည့် တိုးမြှင့်ထားပြီး စစ်ရေးတင်းမာနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့ထဲကို ဇူလိုင်လ ၂၄ ရက်နေ့ ကစပြီး အင်အားဖြည့် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မိုးဗြဲ – လွိုင်ကော် လမ်းမကြီးတလျှောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လွိုင်ကော် – မိုးဗြဲ လမ်းမကြီး တစ်လျှောက်မှာ စစ်ကောင်စီ စစ်ကား အစီး (၇၀) နဲ့ အင်အားဖြည့်လာတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၂ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

“လောလောဆယ် ခုက ပစ်ခတ်မှုတွေတော့ ရှိနေသေးတာပေါ့နော်။ ဒီကုန်းသာ အဆင်းနားမှာပေါ့။ ပြီးတော့ သူတို့နယ်မြေရှင်းလင်းရေး လုပ်နေတာတွေ အင်းအားဖြည့် ဆေးစစ်နေတာတွေ အဲ့တာကြောင့် အရိပ်ယောင် မြင်တွေ့နေရတယ်။ အင်အားက ပထမပိုင်းမှာက ၂၅၀ ၊ ၃၀၀ နီးပါးတော့ ရှိတာပေါ့။ ခြေလျင်နဲ့လာတယ်။ ခြေလျင်နဲ့လာပြီးတော့ ညနေခင်းမှာ ကားနဲ့ ဝင်တယ် (၄၀ ) တစ်ခါ (၃၀) တစ်ခါပေါ့နော်။ ခုလောဆယ်က ထိတွေ့ တိုက်ခိုက် အနည်းငယ် ရှိပါသေးတယ်။ “လို့ ( KNDF တပ်ရင်း ၂ ) တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အဖွဲ့ ဝင် ဦးဗညားကတော့ စစ်ကောင်စီဟာ ကရင်နီပြည်အတွင်းကို တပ်အင်အားအလုံးအရင်းနဲ့ ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။ ပို့လာတဲ့ စစ်ကောင်စီစစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ဖယ်ခုံမြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“သူတို့ကတော့ကရင်နီ ပြည်နယ်ကို စောနက ပြောသလို တကယ့်ကိုစံပြအနေနဲ့ ကျတော်တို့ကိုထားပြီးတော့မှ ဖျက်ဆီးဖို့ အတွက်ပေ့ါနော် လုံးဝကိုပျက်စီးအောင် ကြံဆောင်နေတယ် ဆိုတာတော့ ကျတော်တို့ ပြောလို့ရပါတယ်”လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အဖွဲ့ ဝင် ဦးဗညားက ပြောပါတယ်။

လတ်တလော အဆိုပါ မိုးဗြဲ – လွိုင်ကော် လမ်းမကြီးတလျှောက်ကို ပြည်သူတွေအနေနဲ့ သွားလာခြင်းမလုပ်ဖို့ KNDF တပ်ရင်း ၂ ရဲ့ တာဝန်ရှိသူက တိုက်တွန်းပြောဆိုပါတယ်။

“ မဖြစ်မနေ အရေးကြီး သတိထားပြီး သွားလာစေချင်တယ်။ အတတ်နိုင်ဆုံးက မသွားလာသေးတာ အကောင်းဆုံးပါပဲ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီကတော့ လမ်းမကြီးတစ်လျှောက်က ကျေးရွာတချို့မှာ တပ်စွဲနေရာယူထားတာရှိတာကြောင့် ဒေသခံတွေက လွိုင်ကော်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတာရှိပါတယ်။ မိုးဗြဲ- လွိုင်ကော်မြို့ကို သွားတဲ့လမ်းတစ်လျှောက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ရက်နေ့ကတည်းက ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“စစ်ကောင်စီက ကျနော်တို့ပြည်နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ပို့လာတဲ့အပေါ်မှာ တော်လှန်ရေးအင်အားစုတွေကတော့ ဖြတ်တောက်တိုက်ခိုက်မှုတွေရှိတယ်။ အဲ့ဒီအတွက်ကြောင့်မလို့ စစ်ကောင်စီက ရွာတွေမှာ ဝင်နေတာရှိတယ်။ လူထုတွေတိမ်းရှောင်နေတဲ့ ဧရိယာထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက်ကြောင့်မလို့ လူထုတွေ သေကြေပျက်စီးနေတာကိုလည်း ကြားနေရပါတယ်။”လို့ ဦးဗညားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ရက်နေ့မှာ မိုးဗြဲ- လွိုင်ကော် လမ်းမကြီးအတိုင်း ဆင်းလာတဲ့ တပ်မ (၅၅) ကို ဖယ်ခုံ PDF တပ်ရင်းအမှတ် 1006 နဲ့ KNDF တပ်ရင်း ၃ တို့ ကြားဖြတ်တိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဖက်က ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်မှ ကန်းကျိုင်းရွာဘုန်းကြီးကျောင်းနဲ့ ဆောင်ကန်း (ရှမ်း) မှာ တပ်စွဲထားပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကတည်းက ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီရဲ့ တပ်မ (၄၄)၊ (၅၅)၊ (၆၆)၊ (၇၇)၊ (၉၉) ကနေ အင်အားအလုံးအရင်းနဲ့ဝင်ရောက်လာပြီး တပ်ဖြန့်ထားသလို ကရင်နီပြည်တွင်း နေရာအနှံ့အပြားမှာလည်း စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေရဲ့ ထိခိုက်မှုအခြေအနေတွေကိုတော့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အသီးသီးက သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

spot_img
spot_img

Recent posts