spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော် သင်္ကြန်ပွဲ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ လွိုင်ကော် PDF ထုတ်ပြန်

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့ ( သင်္ကြန်အကြတ်နေ့ ) မှာ စစ်ကောင်စီက လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံးမှာ သင်္ကြန်ပွဲ ပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ လွိုင်ကော် PDF အဖွဲ့က ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

လွိုင်ကော် PDF နဲ့ Falcon Wings အဖွဲ့တို့ ပူးပေါင်းပြီး မနက် ၈ နာရီခွဲအချိန်မှာ drone မစ်ရှင် နှစ်ခုကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ( ဒ.က.စ ) လွိုင်ကော်ရဲ့ ဗဟိုကင်းနဲ့ အစိုးရအဖွဲ့ရုံးက စစ်ကောင်စီခန့် ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ အရာရှိတို့ရှိတဲ့ ဗဟိုမဏ္ဍပ်တို့ကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပြုလုပ်ခဲ့တဲ့ မိုဆို၊ ပဇီကြီး၊ နန့်နိမ်၊ အနန့်ပါ၊ လက်ယက်ကုန်း အပါအဝင် နိုင်ငံတဝန်း စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် ပြန်လည်တုံ့ပြန်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ထိသွားတာကတော့ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိနဲ့ ပြည်နယ်ထွေအုပ် ဦးကျော်ကျော်အုန်း၊ တခြားဝန်ထမ်းတွေလည်း ထိသွားသေးတယ်။ ဦးကျော်ကျော်အုန်း ကတော့ တော်တော်ထိသွားတယ် အခြေအနေမကောင်းဘူး။ တခြား ဒဏ်ရာများတဲ့ ၇ ယောက်ရှိတယ်။ အဲ့ဒီလူတွေကို နေပြည်တော်ကို ရဟတ်ယာဉ်နဲ့ ပို့လိုက်တယ်။” လို့ သတင်းရင်းမြစ် တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း က ပြည်နယ်အစိုးရရုံး မဏ္ဍပ်မှာ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်နေစဥ် ဗုံးကြဲခံရမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ပွဲမှာပါဝင်ခဲ့တဲ့ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း လူ ၂၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေဟာ လွိုင်ကော် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ စစ်ကောင်စီပိုင် MRTV မီဒီယာကနေ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img