spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော် သီရိမင်္ဂလာဈေး (တောင်ဈေး) လက်နက်ကြီးကြောင့် မီးလောင် ပြာကျ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

(၁၁.၁၁) မြို့ပြစစ်ဆင်ရေးဆင်နွဲနေတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး)မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်စောပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင် ပြာကျခဲ့ရတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

“ညနေပိုင်း (ဒီဇင်ဘာလ ၉ ရက်) လောက်ထဲက လောဓမ္မ စျေးနားက လက်နက်ကြီးနဲ့ စပစ်ခံနေရပြီ။ အဲ့နားက ကံချားဆိုင် (ကုန်မာဆိုင်) နဲ့ အိမ်အချို့က လက်နက်ကြီးထိ နေတယ်ကြားတယ်။ ညသန်းခေါင်နားရောက် မှ တောင်စျေး မီးစ လောင်တယ် ။ ခုမနက် ၆နာရီလောက်ထိ မငြိမ်းသေးဘူး ။ ဘယ်သူမှလည်းမငြိမ်းရဲကြဘူးလေ ” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက် ၁ နာရီချိန်ကစပြီး သီရိမင်္ဂလာ တောင်ဈေးရဲ့ ဈေးတန်းတွေမှာ မီးလောင်ခဲ့တာဖြစ်ပြီး ကူးစက်လောင်ကျွမ်းမှုကြောင့် ဈေးတန်းတစ်ခုလုံး ပျက်စီးဆုံးရှုံးမှု များပြားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ လွိုင်ကော်မြို့တွင်းတိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး အချိန်မီ မီးငြိမ်းသတ်ဖို့လည်း ပစ်ခတ်မှုတွေရှိနေတာကြောင့် မလွယ်ကူဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သီရီမင်္ဂလာစျေး(တောင်စျေး )အပါအဝင် ဈေးအနီးအနားက လောဓမ္မရပ်ကွက်အတွင်း နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ လွိုင်ကော်မြို့တွင်း ဒေသခံတွေ ရှိနေဆဲဖြစ်တဲ့ လောဓမ္မ ၊ ရွှေတောင် ၊မင်္ဂလာ အစရှိတဲ့ ရပ်ကွက်အတွင်းကို စစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်မှုရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သီရိမင်္ဂလာဈေးဟာ ကရင်နီဒေသခံတွေရဲ့ အားကိုးအားထားရတဲ့ ဈေးကြီးဖြစ်တဲ့အပြင် ဒေသခံတိုင်းရင်းသား အများစု လာရောက် ဈေးရောင်းနေတဲ့ နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိနေပြီဖြစ်ပါတယ်။

“ဆိုင်ခန်းတွေ အားလုံးလိုလိုသွားပြီလို့ကြားတယ်။ ကျမတို့ ဆိုင်ခန်းလေးပါသွားရင် ဘယ်လို ရှေ့ဆက် လုပ်စားရတော့မလဲရှင်။ ဝယ်ထားတာမှမကြာသေးဘူး “လို့ လွိုင်ကော်ဒေသခံတစ်ဦးက ဆိုပါတယ်။

၂၀၂၁ခုနှစ် စာရင်းအရ သီရိမင်္ဂလာတောင်ဈေးမှာ ဆိုင်ခန်းပေါင်း (၁၀၆၂)ခန်း ၊ ပျံကျ ၄၀၀ ကျော်နဲ့ ဈေးသူ/သား ၅၀၀ကျော်က ရောင်းချလျက်ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိ (၁၁.၁၁)စစ်ဆင်ရေး စတင်ပြီးနောက် ဈေးတန်းအများစုက ပိတ်ထားလိုက်ရပြီး စစ်ဘေးရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts