spot_imgspot_imgspot_imgspot_img
Wednesday, March 26, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော် အကျဉ်းထောင်မှာ ထောင်ဝင်စာတွေ့ခွင့် ပိုမိုကန့်သတ်လာ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော် အကျဉ်းထောင်မှာ ထောင်ဝင်စာတွေ့ဖို့အတွက်ဆိုရင် မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းပါယူဆောင်လာရတဲ့အပြင် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာသာ ထောင်ဝင်စာတွေ့ခွင့်ပေးတယ်လို့ သိရပါတယ်။

” ပုံမှန်ဆိုရင် အရင်တုန်းကဆိုရင် ထောင်ဝင်စာသွားတွေ့ရင် ဒီအတိုင်းပဲ သွားတွေ့လိုက်တယ်။ အဲဒီထောင်ဝင်စာကိုသွားပို့လိုက်တယ်။ အဲဒီအဝင်ဂိတ်မှာပေါ့နော။ နာမည်ပေးလိုက်တယ်။ အဲလောက်ပဲပေါ့။ အခုခါကျတော့ မဟုတ်တော့ဘူး။ ဝင်ချင်းချင်းဆိုရင် ပစ္စည်းတွေကို တစ်နေရာစစ်တယ်။ အပြင်မှာ သူအရင်ဆုံးစစ်တယ်။ အဲဒါစစ်ပြီးပြီဆိုရင် ငါတို့ရဲ့ မှတ်ပုံတင်နံပါတ်ကအစ ပေးရတယ်။ ပြီးရင် သူတို့စည်းကမ်းထုတ်တာကတော့ အိမ်ထောင်စုစာရင်းလည်းယူသွားရတယ်ပေါ့။ အိမ်ထောင်စုစာရင်းမိတ္တူလည်း ယူသွားရတယ်ပေါ့။ ပြီးတော့ ကိုယ့်ရဲ့မိသားစုဝင်ပဲ ဝင်လို့ရတယ်ပေါ့။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ထောင်ဝင်စာတွေ့သူဟာ ထောင်ထဲမှာရှိနေသူနဲ့ အိမ်ထောင်စုစာရင်းတစ်ခုတည်းရှိရမှာဖြစ်သလို သူတို့ သတ်မှတ်ထားသလောက်သာ ပစ္စည်းတွေကို ပေးပို့ရတယ်လို့ ဆိုပါတယ်။
ယခင်က အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ ထောင်ဝင်စာသွားတွေ့လို့ရပေမယ့် လက်ရှိမှာတော့ တစ်ပတ်မှာ သုံးရက်သာခွင့်ပြုသလို မနက် ၉နာရီကနေ နေ့လည် ၁၂နာရီအထိနဲ့ ညနေ ၂နာရီကနေ ၄နာရီအထိသာ ထောင်ဝင်စာတွေ့ခွင့်ပေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်အင်းစိန်အကျဉ်းထောင်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် ထောင်ဝင်စာကို ပိတ်လိုက်ပြီး ယခုလ နိုဝင်ဘာလ ၁ရက်နေ့မှသာ ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ထောင်ဝင်စာတွေ့ခွင့်ပြန်လည်ခွင့်ပြုခဲ့ပေမယ့် ပိုမိုတင်းကျပ်တဲ့ ကန့်သတ်မှုတွေ ပြုလုပ်နေတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ လုံခြုံရေးအတွက် စိုးရိမ်ရသလို မိသားစုဝင်ကိုယ်တိုင် လာမပို့နိုင်တဲ့ သူတွေအတွက် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

“တချို့လူဆိုရင် အဝေးမှတစ်ခါ နှစ်လမှတစ်ခါ အဲလိုမျိုးပဲ လာပို့နိုင်တဲ့လူတွေရှိတယ်။ အဝေးကနေ လာတဲ့လူတွေဆိုရင်လည်း သူတို့ပစ္စည်းတွေဆိုရင်လည်း လိုသလောက်ပို့ပေးဖို့ အခက်အခဲတော့ ရှိတယ်ပေါ့။” လို့ လွိုင်ကော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ထောင်ဝင်စာ ပြန်ဖွင့်တဲ့အချိန် မိသားစုဝင်တော်တော်များများ ထောင်ဝင်စာလာတွေ့ပေမယ့် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မပါလာတဲ့အတွက် ပြန်လှည့်ပြန်ရတဲ့သူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းကျနေသူတွေဟာ ထောင်တွင်းအစားအသောက်အဆင်မပြေတဲ့အတွက် အပြင်ကနေ လာပို့တဲ့ အစားအသောက်တွေကိုသာ မှီခိုရပြီး လက်ရှိကန့်သတ်ချက်အရဆိုရင် ထောင်ထဲမှာရှိနေပြီး မိသားစုအဝေးရောက်နေတဲ့သူတွေအတွက် ထောင်ဝင်စာရဖို့ ပိုမိုခက်ခဲသွားနိုင်တယ်လို့ အကျဉ်းကျခံနေရတဲ့ မိသားစုဝင်တွေကဆို ကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ )ရက်နေ့ကနေ ယခုချိန်ထိ ကရင်နီပြည်နယ်တွင် ဖမ်းဆီခံရသူ ၂၈၀ ဦးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ( ၁ )ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img
spot_img

Recent posts