spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်လင်လေးမြို့ရှိ မြေယာအငြင်းပွားမှု တရားနည်းလမ်းအရ နှစ်ဖက်လုံးတရားစွဲဆိုခံရနိုင်

Author

Date

Category

အန်ထောနီ

လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ ပိန်းချစ်ကျေးရွာအုပ်စု အိုင်စန့်ကျေးရွာမှာ ပြည်သူချင်းချင်း မြေယာအငြင်းပွားမှုကိစ္စကို တရားဥပဒေနည်းလမ်းကြောင်းအရ ဖြေရှင်းမယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံး တရားစွဲဆိုခြင်းခံရနိုင်ဖွယ်ရှိတယ်လို့ လွိုင်လင်လေး သစ်တောဦးစီးဌာန တာဝန်ခံက ထောက်ပြထားပါတယ်။

“ လောလောဆယ်အကြမ်းဖျင်းကို ကျနော်ပြောမယ်နော သူကကြိုးဝိုင်းထဲကျရောက်နေတာ။ နှစ်ဦးစလုံးကကြိုးဝိုင်းထဲကျရောက်နေတော့ ဟိုး၂၀၁၃ ခုနှစ် မတ်လမှာ စာရင်းကောက်တဲ့အထဲမှာလည်း မပါနေဘူး။ သူတို့သာအဲ့လိုမျိုးပြဿနာဖြစ်နေမယ်ဆိုရင် နှစ်ဦးလုံးတရားစွဲခံရမှာပဲ။ သစ်တောဥပေဒအရ တရားစွဲခံရမှာပဲ အဲ့လိုတော့ရှိတယ် ။ ဘာကြောင့်လဲဆိုတော့ ပုံစံ (၇) လည်းမရထားဘူး ဘာကြောင့်မရလဲဆိုရင်တော့ ကြိုးဝိုင်းထဲမှာရောက်နေတော့လေး။ သူတို့အချင်းချင်းပြန်လည်ညိုနိုင်းပြီးတော့လုပ်သွားမယ်ဆိုရင်တော့ အဲ့တာကလည်း သူတို့လုပ်ခဲ့တာလည်း ဘိုးဘွားခေတ်ကတည်းကလုပ်ခဲ့တာဆိုတော့ အခုမှတိုင်တန်းတာတွေလုပ်မယ်ဆိုရင်တော့ အဆင်မပြေဘူး။” လို့ လွိုင်လင်လေး သစ်တောဦးစီးဌာန တာဝန်ခံ ကိုသန်းလွင်က ပြောပါတယ်။

လယ်ယာမြေဥပေဒတွက်ပေါ်ပြီးနောက်မှာ တိုင်းရင်းသားဒေသဘက် မြေယာဓလေ့ထုံးတမ်းတွေနဲ့ ကိုက်ညီမှုမရှိပဲ အခုလိုရွှေ့ပြောင်းတောင်ယာတွေ အငြင်းပွားမှုတွေ လယ်ယာမြေပေါ်မှာ ကျူးကျော်နေထိုင်သူတွေ သစ်တောမြေပေါ်မှာ ကျူးကျော်နေထိုင်သူတွေ စတဲ့ပြဿနာတွေကို ကယားပြည်နယ်အတွင်း ကြုံတွေ့လာခဲ့ကြတာဖြစ်ပါတယ်။

လွိုင်လင်လေးမြို့ ပိန်းချစ်ကျေးရွာအုပ်စု အိုင်စန့်ကျေးရွာမှာ ဘိုးဘွားစဉ်ဆက်ကတည်းက လုပ်ကိုင်စားသောက်လာတဲ့ ခြံတွေဖြစ်ကြတယ်ဆိုပြီး ပြည်သူအချင်းချင်းက အပြိုင်အဆိုင် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေမှုအပေါ်မှာ လက်ရှိမှာ ကျေးရွာ လူကြီးတွေက ဝင်ရောက်ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ကယန်းသာယာ ကျေးရွာမှ ဦးစိုးမိုးဝင်း ဆိုသူက ဘိုးဘွားစဉ်ဆက်လုပ်ကိုင်စားသောက်တဲ့ ဒေါ်အားမီမာ တို့ရဲတောင်ယာသို့ရောက်လာပြီး ထောပတ်သီးစိုက်ဖို့အတွက် ခြံအငှားပေးလုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သို့သော်လည်း ဒေါ်အားမီမာ ဖက်လက်မခံခဲ့ပေမယ့်လည်း ဦးစိုးမိုးဝင်းက၂၀၁၈ ခုနှစ်ကစပြီး ထောပတ်လုပ်ငန်းဖြင့် နည်းနည်းချင်းစီ ခုတ်စားကာ ယခုနှစ်မှာတော့ ဒေါ်အားမီမာလုပ်စားခဲ့တဲ့မြေ ၅ ဧကကိုလည်း လုပ်ကိုင်စားသောက်သွားတယ်လို့ဒေါ်အားမီမာက ဆိုပါတယ်။

ဆက်မလုပ်ဖို့ကို ဒေါ်အားမီမာက တောင်းဆိုပေမယ့်လည်း ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးတပ်ဦး က.လ.လ.တ ပိုင်မြေဟုဆိုကာ ဆက်လက်လုပ်ကိုင်တဲ့အပြင် ခြိမ်းခြောက်စာတွေကိုလည်း တောင်ယာခင်းထဲမှာကပ်ထားတယ်လို့ လွိုင်လင်လေးမြို့ ပိန်းချစ်ကျေးရွာအုပ်စု အိုင်းစန့်ကျေးရွာမှာနေတဲ့ တောင်ယာကျူးကျော်ခံရသူ ဒေါ်အားမီမာက ပြောပါတယ်။

“ ဒီနှစ်ရောက်လာတော့ သူကခြံကို အကုန်လုံးပြောင်အောင်ခုတ်တယ်လေး။ သူ့ကိုငှားပေးဖို့ပြောတဲ့ အပိုင်းမှာ သူကအကုန်လုံးပြန်ခုတ်သွားတယ်ပေါ့နော်။မခုတ်နဲ့ပြောလည်းခုတ်တယ် နောက်ပြီးတော့သူက ခြိမ်းခြောက်စာရေးပြီးတော့မှ တဲမှာလာကပ်ထားတယ်လေး သတ္တိရှိရင် လာရှင်းဆိုပြီးတော့မှ သူကလာကပ်ထားတယ်လေ။ အဲ့တော့ကျမက တစ်အားဒေါသထွက်ပြီးတော့မှ ကိုယ့်ခြံလည်းခုတ်သေးတယ် အဲ့လိုမျိုးခြိမ်းခြောက်စာလည်းကပ်ထားတယ်ဆိုတော့ တစ်အားဒေါသထွက်ပြီးတော့ အရင်ကကျမတို့ခြံဟောင်းမှာစိုက်ထားတဲ့ သူ့ထောပတ်ပင်တွေကို သွားခုတ်လိုက်တာ စိတ်တိုလို့လေး။” လို့ပြောပါတယ်။

အခုလိုထောပတ်ပင်တွေဖျက်စီးခံရတဲ့ ကယန်းသာယာကျေးရွာကနေ ဦးစိုးမိုးဝင်းဟာ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ က.လ.လ.တ အဖွဲ့အစည်းမှာ လက်နက်ကိုင်ရဲဘော်တစ်ချို့ကို ခေါ်ဆောင်လာပြီး သဘောအတိုင်းမြေယာသတ်မှတ်သွားတယ်လို့ဆိုပါတယ်။

ဒေါ်အားမီမာအနေဖြင့် လက်နက်ကိုင်ဆောင်ထားတဲ့ ရဲဘော်တစ်ချို့ကို ကြောက်ရတဲ့အတွက် ဘာမျှပြန်မပြောနိုင် ၊ မလုပ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။

ကယန်းသာယာကျေးရွာနေ ဦးစိုးမိုးဝင်းကလည်း ထိုမြေနေရာဟာ အရင်ကတည်း ၎င်းတို့ရဲ့ ဘိုးပွားတွေလည်း လုပ်ကိုင်စားသောက်ခဲ့ကြောင်းနှင့် ယခုလက်ရှိထိုမြေနေရာမှာ လုပ်ကိုင်စားသောက်သူတစ်ယောက်မှ မရှိတဲ့အတွက်ကြောင့် ထောပတ်ပင်လုပ်ငန်းကို အစိုးရထံမှ နှစ် ၃၀ ဂရမ်လျှောက်ထားပြီးဖြစ်တယ်လို့ ရှင်းပြပါတယ်။

ဦးစိုးမိုးဝင်းဟာ ထောပတ်နှင့်ကော်ဖီစိုက်တဲ့ကုမ္ပဏီဖြစ်တဲ့ ဝင်းလက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဖျက်စီးခံလိုက်ရတဲ့ထောပတ်ပင်မှာလည်း ( ၂ ) နှစ်သားအရွက်ရှိပြီမို့ စီးပွားရေးကိုများစွာထိခိုက်လာတယ်လို့ဆိုပါတယ်။

“ ဒီမြေတွေကိုလည်း ကျနော်တို့လိုချင်တာမဟုတ်ပါဘူး ကျနော်တို့က အမှန်ပြောရရင် အဲ့တာက ဘယ်သူမှပိုင်ရှင်မရှိလို့ ဝင်လုပ်တာ။ သူလည်းသူ့မြေမဟုတ်ဘူး ကျနော်တို့လည်း ကျနော်တို့မြေမဟုတ်ပါဘူး အဲ့တာရိုင်းနေလို့တာ ကျနော်တို့ကခုတ်ထွင်ရှင်းလင်းထားပြီး စိုက်ပျိုးထားတာပါ။ သူတို့မြေပြောရအောင်လည်း သူတို့မှာလည်းဘားမှအထောက်အထားမရှိဘူး ကျနော်တို့က တစ်ရွာတည်းနေတစ်ရေတည်းသောက်တဲ့သူတွေပါ။” လို့ ဦးစိုးမိုးဝင်း ကပြောပါတယ်။

က.လ.လ.တ ခေါ်လာရတဲ့အကြောင်းအရင်းမှာလည်း ခြိမ်းခြောက်ဖို့မဟုတ်ပဲ ဖြစ်နေတဲ့မြေယာပြသာနာကို ကူညီဖြေရှင်းပေးဖို့အတွက်သာ ခေါ်လာတာဖြစ်ကြောင်း ဦးစိုးမိုးဝင်းက ပြန်လည်ပြောဆိုခဲ့ပါတယ်။

ထိုကိစ္စနှင့်ပတ်သက်ပြီး အိုင်စန့်ကျေးရွာရဲ့ ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ သန်းဌေးရဲ့ပြောပြချက်အရတော့ ဟိုး..ရှေးယခင်အချိန်တုန်းကတော့ ထိုမြေနေရာကို ဒေါ်အားမီမာရဲ့အဖွားဖြစ်သူက လုပ်ကိုင်စားသောက်ခဲ့တယ်လို့ ဆိုပါတယ်။

သို့ပေမယ့်လည်း ဒေါ်အာမီးမာရဲ့အဖွားလုပ်ကိုင်စားသောက်အချိန်က အကျယ်အဝန်းဟာ ယခုလက်ရှိ ဦးစိုးမိုးဝင်းထောပတ်ပင်စိုက်ထားတဲ့အထိ မရောက်ဘူးလို့ ဆိုပါတယ်။

ထိုမြေနေရာကို ဒေါ်အားမီမာ မလုပ်စားခင် တစ်ခြားသူတွေက အရင်လုပ်စားခဲ့ဖူးတာရှိပြီး ယခုလက်ရှိထောပတ်ပင်စိုက်ထားတဲ့မြေနေရာကတော့ ဦးစိုးမိုးဝင်းရဲ့အဖေ လုပ်ကိုင်စားသောက်ခဲ့တဲ့မြေနေရာဖြစ်တယ်လို့ ဦးကျော်သန်း ကပြောပြလာပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ က.လ.လ.တ မှ ရဲဘော်တစ်ချို့ကို ခေါ်ဆောင်လာတဲ့ကိစ္စရပ်မှာလည်း အထက်အမိန့်ကြောင့်ခေါ်ဆောင်သွားတာမျိုးမဟုတ်သည့်အပြင် ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ကြိုတင်သိရှိခဲ့ရခြင်းမရှိဘူးလို့ က.လ.လ.တ အဖွဲ့အစည်းမှ လွိုင်ကော်မြို့နယ်မှူး ကိုတလူထူး ကပြောပါတယ်။

“ ဒီကိစ္စက ဒီလိုရှိတယ် ကျနော်ပြောပြမယ် သူတို့ရွာသားအချင်းချင်းပဲ သူတို့လီဆူးအချင်းချင်းပဲပေါ့နော်။ မြေယာလုကြတယ် နောက်ပြီးတော့ရဲဘော်ကို အသုံးချပြီးတော့ခေါ်သွားတယ်ပေါ့နော်။ ခေါ်သွားတဲ့အချိန်ကို ကျနော်လည်းမသိဘူးပေါ့နော် ဒါပေမယ့် ဒီလို အဖွဲ့အစည်းအားကိုး၊ ရဲဘော်အားကိုးပြီးတော့မှ ဒီလိုအဓ္ဓမလာလုပ်သွားတယ်ဆိုတော့ ကျနော့်ရဲဘော်တွေကို အကုန်လုံးပြန်ရုပ်သိမ်းလိုက်ပြီလေး။ သူတို့ရွာသားတွေအနေနဲ့ သူတို့ဘာသာရှင်း ကျနော်တို့အဖွဲ့အစည်းနဲ့လုံးဝမဆိုင်ဘူးဆိုတာကို ပြောလိုက်ပြီလေး” လို့ပြောပါတယ်။

အခုလိုကြုံနေရတဲ့ပြဿနာကို အိုင်စပ် ကျေးရွာဥက္ကဌကို သွာရောက်တိုင်ပင်ခဲ့ပေမယ့်လည်း ကျေးရွာဥက္ကဌနှင့် ဦးစိုးမိုးဝင်း တို့မှာ ညီအကိုတွေဖြစ်နေတာကြောင့် ၎င်းနှင့်မသက်ဆိုင်ကြောင်းသာ ပြောလာခဲ့တယ်လို့ ဒေါ်အားမီးမာ ကပြောပါတယ်။

“ ကျမသူ့ကိုပြောတယ်ပေါ့နော် ဥက္ကဌ ဟိုမှာဥက္ကဌရဲ့အကိုက ကျမတို့ခြံမှာ တအားခုတ်နေပြီနော သူတို့ခုတ်သင့်တယ်ပြောခါကျတော့ သူကကျမကိုဘယ်လိုပြန်ပြောလဲဆိုရင် အဲ့တာကငါတို့နဲ့မဆိုင်ဘူးတဲ့ အဲ့တာက က.လ.လ.တ ဂွင်။ နင်မကျေနပ်ရင် က.လ.လ.တ ကိုသွားတိုင်လို့ပြောတယ်။ ကျမကလည်း အဖွဲ့အစည်းတွေ ဘာတွေမတိုင်ချင်ဘူးပေါ့ သူခုတ်လို့ပိုတဲ့ဟာပဲငါလုပ်မယ်ဆိုပြီးတော့မှ သူခုတ်လို့ပြီးတဲ့ဟာအကုန်လုံးယူတာမကသေးဘူး ကျမတို့ထယ်ထားတဲ့ဟာပါပါယူသွားတယ်လေး” လို့ပြောပါတယ်။

မိသားစု ၉ ယောက်ရှိတဲ့ဒေါ်အားမီမာတို့ဟာ (၇)ဧက ဝန်းကျင်ကျယ်ဝန်းတဲ့ ဘိုးဘွားပိုင်မြေမှာ ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် စပါးတစ်လှည့်၊ ပြောင်းတစ်လှည့် စိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်းပြုနေကြတာဖြစ်ပါတယ်။

သစ်တောဦးစီးဌာန တာဝန်ရှိသူရဲ့ထောက်ပြထားချက်အရ အဆိုပါ အငြင်းပွားမှုကို တရားနည်းလမ်းအရ အပြန်အလှန်တရားစွဲဆိုမှုနဲ့ သွားမည်ဆိုပါက နှစ်ဘက်လုံး မြေယာဆုံးရှုံးသွားနိုင်တဲ့အတွက် အငြင်းပွားမှုဖြစ်နေတဲ့မြေယာကို တစ်ဝက်စီခွဲယူလုပ်ကိုင်စားသောက်ကြဖို့ ကျေးရွားလူကြီးတွေက ညှိနှိုင်းမှုပြုလုပ်ပေးခဲ့ကြတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts