spot_img
Friday, September 22, 2023
spot_imgspot_imgspot_imgspot_img

လွိုင်လင်လေး အခြေစိုက် ခလရ (၅၃၀)တပ် က ၅ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်လင်လေး မြို့နယ်မှာ စစ်ကောင်စီရဲ့ လွိုင်လင်လေးအခြေစိုက် ခလရ (၅၃၀)တပ်ကနေ လွိုင်လင်လေးမြို့တွင်း နဲ့ အနီးတစ်ဝိုက်ကကျေးရွာတွေကို ဇူလိုင်လ ၂ ရက်နေ့ကနေစပြီး ၆ရက်နေ့အထိ ၅ရက်ဆက်တိုက် လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက‌နေ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ KNDF တပ်ရင်း (၁၂) နဲ့ပူးပေါင်းတပ်ဖွဲ့တို့ လွိုင်လင်လေးအခြေစိုက် ခလရ (၅၃၀) တပ်ကို အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီက ကျေးရွာတွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကို ပြုလုပ်နေတာဖြစ်တယ်လို့ ‌ ‌‌ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“ဒီဖက်ကသူတို့ကို သွားပြီးမှ ပစ်တယ်ပေါ့။ ပစ်တော့ သူတို့ပြန်ပစ်တာ အဲမျိုးပေါ့။သူတို့ (ပူးပေါင်းတပ်ဖွဲ့) သွားကစားထားတယ်လေး။ သွားကစားထားတော့ သူတို့(စစ်ကောင်စီ) ရမ်းသမ်းလျှောက်ပစ်တယ်ပေါ့။ပြန်ထုတယ်ပေါ့။ “ လို့ သူက ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ နဲ့ ၃ ရက်နေ့မှာ လက်နက်ကြီး ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး ကျန်ရက်တွေမှာတော့ အကြိမ်ရေနည်းသွားတယ်လို့ သူကဆက်ပြောပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ တချို့ရဲ့ နေအိမ် ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ခလရ (၅၃၀) တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်လင်လေးမြို့နယ်၊ လင်ဖုံကြီးကျေးရွာ၊ နမ်းဟူးကျေးရွာထဲကို လက်နက်ကြီးကျရောက် ပြီး နေအိမ်တချို့ ပျက်စီးသွားခဲ့တယ်လို့ KNDF တပ်ရင်း ၁၂ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သွားမှာကိုလည်း ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။ လွိုင်လင်လေးမြို့နယ်အတွင်း လက်နက်ကြီးမကြာခဏ ကျရောက်တာရှိပြီး အရပ်သားပြည်သူ ထိခိုက်မှုလည်း ရှိခဲ့ပါတယ်။

“အကုန်လုံးပဲပေါ့နော။ဘာဖြစ်လဲဆို ဒီဖက်စစ်ရှောင်တဲ့သူပဲဖြစ်ဖြစ် ၊ခြံတွေ တောင်ယာတွေ လယ်တွေပြန်လုပ်တဲ့သူအတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်အတွက်ပဲဖြစ်ဖြစ်ပေါ့နော။ တစ်ဦးတစ်ယောက်ထိခိုက်သွားမှာလား အဲမျိုးပေါ့နော။ “လို့ ‌အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် လတ်တလော စစ်ရေးအခြေအနေအရ လွိုင်လင်လေး- ထီးစဲခါး လမ်းမကြီးတစ်လျှောက် သတိပြုသွားလာကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ KNDF တပ်ရင်း (၁၂)က အသိပေးထားပါတယ်။

Recent posts