spot_imgspot_imgspot_imgspot_img
Sunday, June 16, 2024
spot_imgspot_imgspot_imgspot_img

ဝင်ငွေရဖို့ ဝဥကို ရွေးချယ်စိုက်ပျိုးခဲ့တဲ့ ကယန်းဒေသက တောင်သူ

Author

Date

Category

ခွန်းကလိုင်းဖရီး(ကန္တာရဝတီတိုင်း(မ်))

လွန်ခဲ့တဲ့ ၅ နှစ်ကျော် လောက်ကစပြီး ကယန်းဒေသမှာ စပါး၊ ငရုတ်နဲ့ ဖာလာကို အဓိက စိုက်ပျိုးရာကနေ ဈေးကွက်ဝင်တဲ့ ဝဥကိုလည်း စိတ်ဝင်တစား စိုက်ပျိုးလာကြပါတယ်။

ယခင်ကတော့ ဝဥကို တောတောင်တွေထဲက အလေ့ကျပေါက်တာတွေကိုပဲ ရှာဖွေတူးဖော်ခဲ့ကြပေမယ့် ခုတော့ ကယန်းဒေသက တောင်သူတွေဟာ ဝဥကို စီးပွားဖြစ် စနစ်တကျစိုက်ပျိုးလာကြတာပါ။

ခုလို တောဝဥတွေကို ရှာဖွေတူးဖော်ရာကနေ စနစ်တကျစိုက်ပျိုးလာတဲ့အထဲမှာ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းဒေသ၊ ရီလုံရီကန်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ အသက် (၄၈) အရွယ် စခွန်းတင်ဝင်းလည်း ပါဝင်ပါတယ်။

ဝဥစိုက်ပျိုးဖြစ်တဲ့အကြောင်းကို သူက “ပြီးခဲ့တဲ့ သုံး၊ လေးနှစ်က ဘာပဲစိုက်စိုက် သိပ်အဆင်မပြေတဲ့ အတွက်ကြောင့် ဝဥက ဈေးလည်းကောင်းတယ်။ ခါတိုင်းဆို တောတောင်ကနေ သဘာဝအလေ့ကျပေါက်တဲ့ ဝဥကို သွားရှာပြီး တူးရောင်းတယ်။ သူက ဈေးရှိတယ်။ ရှိခါကျတော့ စိတ်ကူးယဉ်တာပေါ့။ အဲလို သွားတူးရောင်းမယ့်အစား ခြံထဲမှာ သေချာစိုက်ပြီး ၁ ပိဿ ၁၀၀၀၀ ကျော်လောက် ရောင်းရရင် ဈေးကိုက်မယ်ထင်လို့။”လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ဝဥကို စိုက်ပျိုးခဲ့တာကြောင့် ခုဆိုရင် ရောင်းတန်းဝင်အရွယ် ဝဥတွေဖြစ်နေပြီလို့ စခွန်းတင်ဝင်းက ဆိုပါတယ်။

၅ ဧက စိုက်ပျိုးထားတဲ့ သူ့ရဲ့ ဝဥခြံကို ယခင်နှစ်ကတော့ နည်းနည်းပဲ တူးဖော်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အကုန်တူးဖော်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်စိုက်လာခဲ့တာ လေးနှစ်လောက်ရှိပါပြီ။ ပြီးခဲ့တဲ့နှစ်က နည်းနည်းစီပဲ ဖော်ခဲ့တာပေါ့နော်။ ဒီနှစ်မှပဲ စိုက်ခဲ့ သမျှအပင်တွေအားလုံး ကျနော် ပြန်ဖော်ဖို့ စိတ်ကူးထားတာပေါ့နော်။ အဲ့အတွက်ကြောင့် ဒီနှစ် နည်းနည်းပို များတာပေါ့။”

ဝဥကို မျိုးသီး ဒါမှမဟုတ် မျိုးစေ့ပေါ်မူတည်ပြီး စိုက်ပျိုးချိန် ၃ နှစ် သို့မဟုတ် ၄ နှစ်လောက်ကြာမှ ပြန်လည် တူးဖော် ရောင်းချတာတွေ ပြုလုပ်ကြတာပါ။

ခုလို တူးဖော်ပြီး အစိုရောင်းချကြတာတွေရှိသလို လှီးဖြတ်ကာ အခြောက်လှန်းပြီးမှ ရောင်းချ ကြတာတွေလည်း ရှိပါတယ်။

“ခုလောလောဆယ်တော့ ဖော်တော့ ဖော်ထားပြီးပြီ။ အခြောက်လည်းလှန်းထားတယ်ပေါ့နော်။ ဒီနှစ်ဈေးက တော့ တချို့ပုဂ္ဂိုလ်ပြောတာတော့ ၇၀၀၀၊ ၈၀၀၀ ကြားမှာတော့ ရှိမယ်လို့ ကျနော်ထင်တာပေါ့။ တခြားကုန်ဈေး နှုန်းနဲ့ အမီလိုက်နိုင်ဖို့ ဆိုလို့ရှိရင်တော့ ၁၀၀၀၀ လောက်ရောက်မှပဲ ကျနော်တို့က ပိုပြီး အဆင်ပြေမှာပေါ့။ ပိုပြီး ကိုက်မှာပေါ့။” လို့ သူက ဆက်ပြောပါတယ်။

ဒီနှစ်မှာတော့ ဝဥအစို ၁ ပိဿကို ၁၃၀၀ ကျပ်လောက်နဲ့ ပေးဝယ်နေတာရှိပြီး ဝဥအခြောက် ၁ ပိဿကို ၈၀၀၀ ကျပ် ဝန်းကျင်ခန့် ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။

ဝဥဈေးကောင်းတဲ့နှစ်တွေမှာဆိုရင် အခြောက် ၁ ပိဿကို ၁၀၀၀၀ ကျပ်အထက် ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။

ကယန်းဒေသမှာ စိုက်ပျိုးထားတဲ့ ဝဥအများစုဟာ ချင်းပြည်နယ်က ဝယ်ယူလာတဲ့ ပန်းရောင်အမျိုးနဲ့ ပင်လောင်းဖက်က အဖြူရောင်အမျိုးတွေကို အစိုက်များတယ်လို့ ဆိုပါတယ်။

ဝဥစိုက်ပျိုးဖို့အတွက် မျိုးဝယ်ယူရတာနဲ့ စိုက်ပျိုးတဲ့အခါမှာလည်း မြေသြဇာတွေကို ဝယ်ယူအသုံးပြုရတဲ့အတွက် အရင်းအနှီးကုန်ကျစရိတ်များတယ်လို့ စခွန်းတင်ဝင်းက ပြောပါတယ်။

“အရင်းအနှီးက တော်တော်ကုန်တယ်။ ပထမဆုံး ကျနော်တို့ ဝယ်တဲ့အချိန်ဆိုရင်တော့ ရွက်ပေါ်သီးကို ၁ ပိဿ ၁၄၀၀၀၊ ၁၅၀၀၀ အထိဝယ်ရတာပေါ့နော်။ ဒါပေမယ့် ခုချိန်ကတော့ အဲ့လောက်ဈေးမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ ကျနော်တို့ အသီးနဲ့ ကျနော်မနိုင် မနှင်းနဲ့ စိုက်နေရပါတယ်။ အသီးကြီးကို ၁ ပိဿ ၁၄၀၀၀၊ ၁၅၀၀၀ အထိ ပေးဝယ်ရတယ်။ နွားချေး၊ ကြက်ချေး အဲ့လောက်မထည့်နိုင်ဘူး။ မထည့်နိုင်တဲ့ အတွက် ကြောင့် ခုက သေးတာပေါ့နော်။” လို့ပြောပါတယ်။

စခွန်းတင်ဝင်းက သူ့ရဲ့ ဝဥစိုက်ခင်းကို သဘာဝမြေသြဇာကိုပဲ ဝယ်ယူအသုံးပြုတာဖြစ်ပြီး နွားချေး သုံးပုံးအိတ် တစ်အိတ်ကို လေးထောင်ကျပ်လောက်အထိ ပေးဝယ်ရတယ်လို့ သူက ဆိုပါတယ်။

ဝဥစိုက်ပျိုးရေးဟာ ကုန်ကျစရိတ်များပေမယ့်လည်း တခြား သီးနှံတွေနဲ့ ယှဉ်ရင်ဝင်ငွေ ပိုရတယ်လို့ စခွန်းတင်ဝင်းက ယုံကြည်ပြီး စိုက်ပျိုးနေတာ ဖြစ်ပါတယ်။

“ဝဥခါကျတော့ တခြားဟာနဲ့ နှိုင်းယှဉ်ရင်တော့ ဝင်ငွေပိုရတယ်လို့ ပြောရမှာပေါ့နော်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ဝဥစိုက်တယ်။ အကုန်တော့ စိုက်ဖူးခဲ့တာပေါ့နော်။ ဒီပြောင်းတို့ဆိုလည်း စိုက်ဖူးတယ်။ ဒါပေမယ့် ပြောင်းက နေရာကျဉ်းကျဉ်းလေးနဲ့ စီးပွာမဖြစ်ဘူး။ ကျနော်တို့ စားဝတ်နေရေးအတွက် အဆင်မပြေဘူးပေါ့နော်။ ကျနော်တို့ ခြံကျဉ်းသမားခါကျတော့ ဒီဝဥခါကျတော့ ပိုပြီး ကိုက်တာပေါ့။ ခြံကျဉ်းသမားအတွက်လည်း ပိုကိုက်တယ်။ တပိုင်တနိုင်အနေနဲ့လည်း စိုက်လို့ရတယ်။ လုပ်လို့ ကိုင်လို့အဆင်ပြေတယ်ပေါ့နော်။ ၁ ဧကကို ကျနော်တို့ မရဘူးထားအုံး။ ကျနော်တို့ သိန်း ၁၀၀ တော့ ကျော်ပြီးသားပေါ့နော်။ အဲ့လောက်ထိရတယ်။ တခြားသီးနှံဆိုလို့ရှိရင် အဲ့လောက်မရနိုင်ဘူးပေါ့နော်။” လို့ သူ့ရဲ့ ဝဥစိုက်ခင်းနဲ့ ပါတ်သက်ပြီး ပြောပြသွားပါတယ်။

spot_img
spot_img

Recent posts