spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဝန်ကြီးချုပ် ကိစ္စ NLD ရဲ့ထုတ်ပြန်ချက်အပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ တုန့်ပြန်

Author

Date

Category


ကန္တာရဝတီတိုင်း (မ်)

ကယားပြည်နယ် ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတခုသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက စက်တင်ဘာလ ၃ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။


ဒီအပေါ်မှာ ပုဂ္ဂိုလ်ရေးအရေမဟုတ်ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက ပြန်လည်တုန့်ပြန်ပြောဆိုထားပါတယ်။

ဦးလှထွေးက ” လွှတ်တော်ဥက္ကဌရဲ့လုပ်ပိုင်ခွင့်က ကိုယ်စားလှယ်(၅)ဦးကနေ ပေးအပ်လာမှ တင်ပြလာမှ လုပ်ပိုင်ခွင့်ရှိတာပါ။ ဒါကိုလည်း အားလုံးသဘောပေါက်ဖို့လိုပါတယ်။ အခုသဘောမပေါက်ဘဲနဲ့ ကျတော်က ဝန်ကြီးချုပ်ကိုဖြုတ်ချလိုက်တယ်ဆိုတဲ့ အသံတွေထွက်တယ်။ နောက်တစ်ချက်က NLD ရဲ့ကိုယ်စားလှယ်လောင်းမပါဘူးဆိုပြီးမှ ကျတော့်ကိုအမျိုးမျိုး တိုက်ခိုက်တယ်ပေါ့။ ကိုယ်စားလှယ်လောင်းပါတယ်၊ မပါဘူးဆိုတာ ကျတော်မပြောလိုဘူး။ ၂၆၃ အရပေးအပ်ထားတဲ့ ဖွဲ့စည်းပုံအရ ကျတော်လုပ်သွားတယ်ဆိုတဲ့အကြောင်း ကျတော်ပြောကြားလိုပါတယ်။” လို့ ပြောပါတယ်။

လွှတ်တော်ဥက္ကဌ ဦးလှထွေ မီဒီယာများနှင့်တွေ့ဆုံမေးမြန်းစဉ်။ ဓါတ်ပုံ- ကန္တာရတီတိုင်း(မ်)

ကယားပြည်နယ် ဝန်ကြီးချုပ်အယ်လ်ဖောင်းရှို ဝန်ကြီးချုပ် တာဝန်ကနေ ရပ်စဲခံလိုက်ရပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို ကို ယာယီဝန်ကြီးချုပ် အဖြစ် ခန့်အပ်လိုက်ကြောင်း ကို ယမန်နေ့က သမ္မတကနေ ညွန်ကြားချက်ထွက်လာပြီးနောက်မှာ NLD ကနေ ထုတ်ပြန်ချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကယားပြည်နယ် လွှတ်တော် ဥက္ကဌကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ် မရွေးတော့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ပေါင်းပြီး အာဃာတနဲ့ NLD ပါတီပုံရိပ် ထိခိုက်အောင် အချိန်ကိုက်ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်သူ ၃ဦးက ဥက္ကဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တွေအဖြစ်ပါဝင် နေပါတယ်။

ဒီကိစ္စမှာ စွပ်စွဲသူတွေကိုယ်တိုင် စစ်ဆေးသူအဖြစ် ပါဝင်ခြင်းဟာ တရားလိုက တရားသူကြီးသဖွယ် ဆောင်ရွက်နေတယ်လို့ အများပြည်သူအနေနဲ့ ထင်မြင်ယူဆဖွယ်ရာဖြစ်နိုင်ပါတယ်လို့ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါရှိပါတယ်။

အခုလို ဖွဲ့စည်းရခြင်းက ပါတီစုံအောင် တရားမျှတအောင် ဖွဲ့စည်းရခြင်းဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌက အခုလို ပြောပါတယ်။

“ဒီအဖွဲ့မှာ ပါတီမစုံဘဲနဲ့ ဥပမာ-တပ်မတော်သားတစ်ယောက်ကိုချန်လိုက်မယ် မထည့်ရင် တပ်မတော်သားကိုဘာလို့မထည့်လဲ ကျတော့်ကိုမေးခွန်းမေးမှာ။ကယားဒီမိုကရက်တစ်ပါတယ်။ မထည့်လို့ရှိရင် ဘာလို့မထည့်လဲလာမှာ။ ကြံ့ခိုင်ရေးကော အားလုံးပါအောင် မျှမျှတတလေးလုပ်ပေးတာပါ။”
အခုလို စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဘယ်သူဘယ်ဝါကိုထည့်ရမယ်၊မထည့်ရဘူးဆိုတာကတော့ ဥပဒေမှာပြောထားတာမရှိပဲ၊လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သာ ဖွဲ့ခွင့်ရှိတယ်လို့ တရားလွှတ်တော် ရှေ့နေ ခူးတလေ(ခ)ပိုးရယ်က ပြောပါတယ်။

“ဘယ်သူ၊ ဘယ်ဟာနဲ့ ဖွဲ့စည်းရမယ်ဆိုတဲ့ဟာက အဓိကတော့ လွှတ်တော်အမတ်တွေဖြစ်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ဖို့လိုတာပေါ့နော်။” လို့ ခူးတလေ(ခ)ပိုးရယ်က ပြောပါတယ်။

စွပ်စွဲပြစ်တင်သူတွေက တစ်ဦး နုတ်ထွက်လိုက်တဲ့ပြီးသော်လည်း လွှတ်တော် ဥက္ကဌကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဆက်လက်ဖွဲ့စည်းပြီး ဆောင်ရွက်နေတဲ့အပေါ်မှာလည်း လွှတ်တော်ဥက္ကဋ္ဌဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမရှိဘူးလို့ NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အခုလိုစွပ်စွဲပြစ်တင်ပြီးသားကိစ္စမှာ ပြန်လည်နုတ်ထွက်တဲ့ ဥပဒေမရှိတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်သွားတာဖြစ်တယ်လို့ လွှတ်တော် ဥက္ကဌ ဦးလှထွေးက ဆိုပါတယ်။

“သူပြောသွားတာက နိုင်ငံဝန်ထမ်းဥပဒေနဲ့ပြောသွားတာပါ။ စွပ်စွဲခံရတာကို သူ့ကိုလည်း ချေပခွင့်ပေးပါတယ်။ ဒါပေမယ့် တစ်ရက်မှမလာပါဘူး ၂၆၃အရမှာ စွပ်စွဲတဲ့သူကို စွပ်စွဲဖို့တိုင်တဲ့သူက စုံစမ်းစစ်ဆေးရေးမှာ မဖွဲ့ရတဲ့ဥပဒေမရှိပါဘူး။” လို့ ဦးလှထွေးက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဦးလှထွေးက အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီကနေ ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)ကနေ အနိုင်ရရှိခဲ့သူဖြစ်ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလအနေဖြင့် ၎င်းမဲဆန္ဒနယ်မှာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဦးလှထွေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့မှာ နုတ်ထွက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts