spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဝမ်းရေးအတွက် ဌားရမ်းစိုက်ပျိုးနေရတဲ့ စစ်ရှောင်မိသားစုလေး

ကန္တာရဝတီတိုင်း(မ်)

စိမ်းစိုနေတဲ့ တောတောင်တွေ ၊ စိုက်ခင်းတွေ တည်ရှိပြီး တောင်ခြေကျောက်ဆောင်နား မိုးကာ အမိုးလေးနဲ့ တဲ တွေကို တွေ့ရပါတယ်။ မနက်စောစောမှာဆိုရင် မြူနှင်းတွေ ဖုံးလွှမ်းထားတဲ့အတွက် အေးချမ်းသာယာတဲ့ နေရာတစ်ခုလို့ဆိုနိုင်ပါတယ်။
သဘာဝကို မြတ်နိုးသူတိုင်းအတွက်ကတော့ ဒီနေရာကို နေချင်စရာလို့ မြင်ကြမှာ အမှန်ပါပဲ။

အဲ့ဒီနေရာကတော့ ဒီးမော့ဆို အနောက်ဖက်ခြမ်းက တိုက်ပွဲကြောင့် တစ်နှစ်ကျော်ကြာ အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

အဲ့ဒီနေရာမှာတော့ လက်ရှိမှာဆိုရင် စစ်ရှောင်မိသားစု အနည်းငယ်သာ ရှိပြီး လူဦးရေ ၂၀ကျော်သာ ရှိပါတယ်။

အဲ့ဒီစစ်ရှောင်နေရာ နေထိုင်တဲ့သူတွေထဲမှာ ဒေါ်လေတီးရှာတို့ မိသားစုလည်း အပါအဝင်ပါ။

နံနက်ခင်းတိုင်းရဲ့ မနက် ၅နာရီ အချိန်မှာဆိုရင် ဒေါ်လေတီးရှာဟာ မိုးကာတဲအိမ်လေးထဲက မီးဖို မှာ မီးမွေးပြီး မနက်စာချက်ပြုတ် ဖို့အတွက် စတင်ပြင်ဆင်ပြီး ဆန်ဆေး ၊ ထမင်းအိုး တည်ပါတယ်။

ဟင်းချက်ဖို့အတွက်ကတော့ သူတို့အဖို့ စျေးဆိုင်သွားဝယ်စရာ မရှိပေမယ့် လတ်လတ်ဆတ်ဆတ် ရှင်သန်နေတဲ့ ခြံထဲက ဟင်းသီးဟင်းရွက် ကို သွားခူးဆွတ် လိုက်ရုံပါပဲ။

ဒေါ်လေတီးရှာဟာ အသက် ၆၅နှစ်ကျော် အရွယ်ရှိပြီး လက်ရှိ စစ်ရှောင်နေရာမှာ ခင်ပွန်း ရယ် ၊ သားအငယ်ဆုံး ရယ်၊ ချွေးမ နဲ့ မြေး တစ်ဦး ရယ် စုစုပေါင်း ၅ ဦး နေထိုင်ကြတာဖြစ်ပါတယ်။

ချွေးမ ဖြစ်သူနဲ့ အတူ မနက်စာ ပြင်ဆင် ချက်ပြုတ်အပြီးမှာတော့ ခြေလက်ဆေး၊ မျက်နှာသစ်ပြီး မနက်စာ စားဖို့အတွက် ပြင်ဆင်ကြပါတယ်။ ထမင်းပွဲမှာတော့ အသားဟင်း မပါဘဲ အသီးအရွက်တွေကိုသာ ချက်ပြုတ်ထားပါတယ်။ အငွေ့တထောင်းထောင်း နဲ့ ပူပူနွေးနွေး ထမင်း၊ ဟင်းတွေကို မနက်စာအဖြစ် သုံးဆောင်ကြပါတယ်။

မနက်စာ စားပြီးတဲ့အချိန်မှာတော့ တစ်နေ့တာရဲ့ ပထမဆုံး လုပ်ငန်းကို စတင် လုပ်ဆောင်ဖို့ ပြင်ဆင်ကြပြန်ပါတယ်။ သူတို့ မိသားစုကတော့ လက်ရှိ စစ်ရှောင်နေတဲ့ နေရာက သူများရဲ့ တောင်ယာခြံ တစ်ခုကို ငှားပြီး စပါးနဲ့ ပြောင်းဖူးကို စိုက်ပျိုးထားကြပါတယ်။

စိုက်ပျိုးထားတဲ့ ခြံခင်းထဲက စပါးခင်းကို ပေါင်းလိုက်ဖို့အတွက် တဲအိမ်ကနေ နံနက် ၇နာရီမှာ စတင်ထွက်ခွာကြပါတယ်။ သူတို့ရဲ့ တစ်နေ့တာ နီးပါး ကို ခြံခင်းထဲမှာပဲ ကုန်ဆုံးကြပါတယ်။

စစ်ရှောင်နေရတာဖြစ်သလို သူများခြံကို ငှားပြီး စိုက်ပျိုးရတာ ဖြစ်တဲ့အတွက် သီးနှံပင်တွေကို မြေဩဇာ ကောင်းကောင်း မထည့်နိုင်တဲ့ အတွက် အပင်မသန်ဘူးလို့ ဒေါ်လေတီးရှာရဲ့ ချွေးမ ဖြစ်တဲ့ ဂျိုဝါးနာက ပြောပြပါတယ်။

“ အဲ့လောက် ရွာမှာနေတာထက်တော့ ပိုမကောင်းနိုင်ဘူးပေါ့နော။ ကိုယ့်မှာ ဝင်ငွေလည်း မရှိခါကျတော့ နည်းနည်းပါးပါး သွားချေးယူရင်းနဲ့ မြေဩဇာတွေလည်း ထည့်တယ် ဒါပေမယ့် သူများလိုမျိုး မြေဩဇာ အကောင်းစားတွေလည်း မထည့်နိုင်ဘူး။ နောက် ပြောင်းဖူးတွေဆိုလည်း အဲ့လောက်ထိ အပင်မသန်တော့ဘူးပေါ့နော။ စပါးတို့ဆိုလည်း ပိုးသတ်ဆေးတွေ ဘာတွေလည်း မဖျန်းနိုင် အားဆေးတွေလည်း ဘားမထည့်နိုင်တော့ အကုန်လုံး ဝါ ကုန်ပြီပေါ့နော။ သူတို့လည်း ပိုမရှည်လာနိုင်တော့ဘူး။ ပိုးတွေလည်း စားကုန်ပြီပေါ့။ စားရပါ့မလားတော့ မသိဘူးပေါ့နော “ လို့ ဂျိုဝါးနာက ပြောပါတယ်။

ခြံခင်းထဲ အလုပ်လုပ်ပြီး ညနေ ၄နာရီခွဲ ဆိုရင် တဲအိမ်လေးဆီ ပြန်လာကြပြီး ညနေစာ ပြန်လည် ချက်ပြုတ်ရပါတယ်။ မီးအလင်းရောင် မရှိ တဲ့ တောတောင်ထဲမှာတော့ ညနေစာ စားပြီးရင် မိသားစုအချင်းချင်း ဝိုင်းဖွဲ့စကားပြောတာ အိမ်နီးချင်းတွေနဲ့လှမ်းစကားပြောကြပြီး ညတာကိုဖြတ်သန်းကုန်ဆုံးကြရတာပါပဲ။

ဒေါ်လေတီးရှာတို့ မိသားစုကတော့ ဒီးမော့ဆိုမြို့နယ် ဒေါဘူးငံရယ် ၅ မိုင် ကျေးရွာမှာ နေထိုင်ပြီး တိုက်ပွဲကြောင့် စစ်ရှောင်လာခဲ့တာ တစ်နှစ်ကျော် ရှိသွားပြီဖြစ်ပါတယ်။ ခြံအငှား စိုက်ထားတာအပြင် အနီးအနားမှာ နေ့စားခေါ်တာတွေ လိုက်သွားတယ်လို့ ဆိုပါတယ်။

“ ဝင်ငွေခါကျတော့ သူများ နီးနီးနားနားက အဲ့လို နေ့စားတွေ လာခေါ်လို့ ရှိရင်တော့ ကိုယ် က တခါတလေတော့ သွားရတာပေါ့နော။ အဲ့ဒါတွေနဲ့ပဲ ဆေးဖိုးတွေ၊ ဆီတခါတလေ ဝယ်စားတာနဲ့၊ ဆီထည့်တာနဲ့ဆို အဲ့ဒါ သူ့ အိမ်ထောင်ဦးစီးနဲ့ သူ့သားနဲ့ပဲ ရှာရတာပေါ့နော။ “ လို့ သူက ဆက်ပြောပါတယ်။

အေးချမ်းသာယာတဲ့ ရှုခင်း တောတောင်ကြား တစ်နေရာမှာ နေထိုင်နေကြရပေမယ့် သူတို့ရဲ့ ရင်ထဲမှာတော့ မအေးချမ်းနေပါဘူး။
လက်ရှိမှာဆိုရင် အိုးအိမ်စွန့်ပြီး စစ်ရှောင်နေရတာဖြစ်တဲ့အတွက် အိမ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ ဆိုရင်လည်း မရှိတော့ဘူးလို့ ဆိုပါတယ်။

“ တိုက်ပွဲမှာ ဘာတွေဆုံးရှုံးခဲ့ရလဲဆိုတော့ အိမ်လည်း သူများ မီးနဲ့ လာရှို့သေးတယ်။ နောက် လောင်တော့ လောင်သွားသေးတယ်။ ဒါပေမယ့် အကုန်လုံး တော့ မပါသွားဘူးပေါ့နော။ ရှိတဲ့ စက်ပစ္စည်းနည်းနည်းပါးပါး ဆိုလည်း သူများ အကုန်လုံး လာသယ်သွားကုန် ဘာမှ မရှိတော့ဘူး အခု အိမ်တစ်လုံး ပဲ ကျန်တော့ပါတယ် “ လို့ ဂျိုဝါးနာက ဆက်ပြောပြပါတယ်။

အခုလိုမျိုး တောတောင်ကြားထဲ တဲတိုးပြီး နေစရာမလိုတဲ့ဘဝ၊ ကိုယ့်တောင်ယာထဲမှာပဲ လွတ်လွတ်လပ်လပ် ပြန်လည်လုပ်ကိုင် စားသောက်ဖို့ ကတော့ ဒေါ်လေတီးရှာမိသားစုအပါအဝင် စစ်ရှောင်နေကြသူအားလုံးရဲ့ အကြီးမားဆုံး မျှော်လင့်ချက်တစ်ခုဆိုရင်လည်း မမှားပါဘူး။

spot_img
spot_img