spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးဖြစ်ပွားသူ များနေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက ထားလဲရွာခံတွေ စစ်ရှောင်နေကြတဲ့ ဝယ်ဒူလျားစစ်ရှောင်စခန်းမှာ တစ်ရွာလုံးနီးပါး သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးတွေဖြစ်ပွားနေကြတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေတဲ့ ဦးကျားရယ်က ပြောပါတယ်။

“အခုလောလောဆယ်ဖြစ်နေတာက သွေးလွန်တုပ်ကွေးဖြစ်နေတယ်။ ဖြစ်လာလို့ရှိရင် ရောဂါက နဲနဲကြာတယ်။ သူတို့မူးဝေပြီးတော့ တအားကိုက်ခဲတယ်၊ ချမ်းတုန်တယ်။ ကြည့်လိုက်ရင် ကလေးကော လူကြီးကော နှာခေါင်းသွေးယိုတယ်။ အဲ့ဒါ တော်တော်တော်စိုးရိမ်ရတယ်။” လို့ ဦးကျားရယ်က ပြောပါတယ်။

စစ်ရှောင်စခန်း ဆေးပေးခန်းရဲ့ လူနာစာရင်းအရ ရက်ပေါင်း ၂၀ အတွင်း သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးဖြစ်ပွားသူ ၂၀၀ ဝန်းကျင်ရှိနေပါတယ်။

“သွေးလွန်တုပ်ကွေးကတော့ ကလေးနဲ့ သက်ကြီးပိုင်းတွေပိုအဖြစ်များတယ်။ ဖျားတယ်၊ ကိုယ်ပူတယ်၊ ချမ်းတုန်တယ်။ အဲ့ဒီလိုဖြစ်ပြီးရင် နှာခေါင်းသွေးယိုတာတွေစဖြစ်ကြတယ်။” လို့ ထားလဲရွာခံ မော်စဲမြာက ပြောပါတယ်။

ဝယ်ဒူလျားစစ်ရှောင်စခန်းမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့အဖွဲ့က တစ်လတစ်ကြိမ် လာရောက်ကုသပေးတာရှိပေမဲ့ လတ်တလောအခြေအနေအရ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။

“ကျနော်လည်းရှိတဲ့ဆေးတွေနဲ့ပဲ ကုပေးလိုက်ရတယ်။ တချို့တွေကတော့ အချိန်တိုအတွင်းပျောက်တယ်။ တချို့ကတော့ ကြာတယ်။ ကြာတဲ့သူတွေကျတော့ နေရင်းထိုင်ရင်း အိပ်ပဲ အိပ်ချင်တယ်။” လို့ ဦးကျားရယ်က ဆက်ပြောပါတယ်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ များပြားနေတာကြောင့် စာမေးပွဲဖြေဆိုမယ့်ရက်ကို ရွေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၉၆ အိမ်ရှိပြီး လူဦးရေ ၃၈၆ ဦး ရှိနေပါတယ်။ ဝယ်ဒူလျားစစ်ရှောင်စခန်းမှာ သွေးလွန်တုပ်ကွေး မကြာခဏဖြစ်ပွားမှုရှိနေပြီး ကလေးငယ်တွေ အဖြစ်များကြတယ်လို့ သိရပါတယ်။

spot_img
spot_img