spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဝါးမှုန်တွေဟာ စစ်ရှောင်လူထုတွေရဲ့ ကျန်းမာရေးချို့ယွင်းစေမှုမှာ တစ်စိတ်တစ်ပိုင်းပါဝင်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ဝါးတဲဆောက်ပြီးနေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ နေ့စဉ်ရက်ဆက် ဝါးတဲက ကျလာတဲ့အမှုန်အမွှားတွေကို ရှုရိုက်ရတာဟာ သူတိုရဲ့ ကျန်းမာရေးချို့ယွင်းမှုတွေမှာ တစိတ်တပိုင်း ပါဝင်ပတ်သက်နေတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ ကျန်းမာရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာရဲဇော်က ကန္တာရဝတီတိုင်း(မ်) ရဲ့ မေးမြန်းမှုအပေါ် သုံးသပ်ပြောဆိုထားပါတယ်။

“ဒါတွေက တကယ်လို့ ပက်လက်အိပ်တဲ့အခါမှာ အမှုန်တွေက မျက်လုံးထဲဝင်ရင် မျက်စိတွေ နာတာမျိုးတွေ မျက်လုံးယားတာမျိုးတွေ ဖြစ်နိုင်သလို အဲ့ဒီအမှုန်တွေ ရှုမိလို့ နှာခေါင်းထဲမှာက နှာကို ခနခနချေရတယ်ဆိုတဲ့ ပုံစံမျိုးတွေ ပြီးရင် အဲ့ဒါကို ရှုရှိုက်မိတဲ့အခါ အဆုတ်ထဲမှာ ရောက်တဲ့အခါမှာလည်း အဲ့ဒီအမှုန်အမွှားတွေ ရှိနိုင်တယ်ဆိုတာလည်း ဖြစ်နိုင်တယ်။ ဖြစ်နိုင်ချေများတယ်။ ဒါပေမယ့် ဒီအချက်တစ်ခုတည်းကြောင့် ဒါဖြစ်သွားရပါတယ်ဆိုတဲ့ သုံးသပ်ချက်ကတော့ မဖြစ်နိုင်ဘူး။ One of there ပေါ့နော။ အဲ့ဒီထဲက အချက်တွေထဲက တစ်ခုပေါ့။” လို့ ဒေါက်တာရဲဇော် က ပြောပါတယ်။

နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရင်း ရှိတဲ့ ဝါးနဲ့ တဲထိုးပြီး ခိုလှုံနေကြတဲ့ ကရင်နီစစ်ရှောင်လူထုတွေရဲ့ တဲအိမ်လေးတွေဟာ ဝါးပိုးထိုးတာကြောင့် ကျလာတဲ့ အမှုန်အမွှားတွေကို ရှုမိ၊ စားမိသူတွေဟာ နှာစေး၊ ချောင်းဆိုး၊ ရင်ကြပ်စတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေကို ရောဂါ ပျောက်သင့်သလောက် မပျောက်ကင်းစေ နိုင်ဘူးလို့ စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

အဆိုပါ ရောဂါတွေဟာ ဝါးအမှုန်တွေတစ်ခုတည်းကြောင့် တပ်အပ်ဖြစ်ပွားတာမျိုး မဟုတ်ပေမယ့် အဲ့ဒီရောဂါလက္ခာတွေဟာ ဝါးအမှုန်တွေကြောင့် မပျောက်ကင်းနိုင်ရတဲ့အရာတွေထဲက တစ်ခုဖြစ်တယ်လို့ ဒေါက်တာရဲဇော်က ဆက်လက်ပြောဆိုထားတာ ဖြစ်ပါတယ်။

“ကျမတို့ ဝါးခုတ်တာလည်း သူ့လနဲ့ သူ့အချိန်နဲ့ ခုတ်တာမဟုတ်တော့ အိမ်တိုင်းလိုလို ဝါးပိုးထိုးတယ်။ ကြာကြာနေဆို ဝါးအခင်းတွေကော ဘေးက အကာတွေကော ဆွေးကုန်တယ်။ အဲ့လိုမျိုးပေါ့နော။ ပြီးတော့မှ အမှုန်အစက်တွေတော့ တော်တော်များတယ်။ ပြီးတော့မှ ကလေးငယ်မိသားစု အမျိုးသမီးတွေပေါ့နော။ နောက်တချို့ကလေးတွေက မွေးရာပါ ရင်ကြပ်တာတို့ အသက်ရှုလမ်းကြောင်း မကောင်းတဲ့ဟာတွေကြောင့် တော်တော်များများ အဲ့ဒီပိုးထိုးတဲ့ သဲပြားကို အမှုန်၊ အစက်တွေ သူတို့ရှူရတော့ ခနခန နေမကောင်းတာတွေ အဲ့လိုမျိုးဖြစ်တယ်ပေါ့နော” လို့ စစ်ရှောင်စခန်းတစ်နေရာက ကျန်းမာရေးစေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းထဲက ကျန်းမာရေးဆေးပေးခန်းနေရာကို လာရောက်ပြသကြသူတွေထဲမှာ အသက်ရှုလမ်းကြောင်းနဲ့သက်ဆိုင်တဲ့ လက္ခာဏာ၊ နှာစေး၊ ချောင်းဆိုး တဲ့သူတွေဟာ တနေ့ကို အနည်းဆုံးလေးဦး ပါဝင်နေတယ်လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ဆယ်နှစ်အောက်ကလေးငယ်တွေနဲ့ နာတာရှည်ရောဂါအခံရှိသူတွေမှာ ပိုမိုအဖြစ်များတယ်လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတစ်နေရာမှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ သူမနေတဲ့တဲဟာ ဝါးပိုးအမှုန်တွေ အဆမတန် ကျလာတာကြောင့် ပြီးခဲ့တဲ့ တစ်လပိုင်းမှာပဲ ဝါးတွေကို လဲလှယ်ခဲ့ပေမယ့် မတ်လ ရောက်တဲ့အချိန်မှာ လဲလှယ်အသုံးပြုထားတဲ့ ဝါးတွေဟာ တဖန်ပိုးထိုးခံရပြန်တယ်လို့ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

“အိမ်တိုင်းလိုလို ပိုးထိုးတယ်ပေါ့နော။ ကျမတို့ ဘယ်လိုတင်စားလိုက်လဲဆို ကျမတို့ စစ်ရှောင်တဲ့ရွာက ပိုးထိုးတဲ့ရွာ ဖြစ်နေလားမသိဘူး။ အဲ့လောက်ထိ ကျမတို့ တင်စားတယ်ပေါ့နော။ အိမ်တိုင်းလိုလို ဖြစ်နေတယ်။ အခြားနေရာဒေသက စစ်ရှောင်တွေတော့ ဖြစ်လားမဖြစ်လားတော့ မသိဘူး။ ကျမတို့နေရာက အိမ်တိုင်းလိုလို ဖြစ်တယ်လေ။” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကိုယ်ခံအားရှိသူတွေအနေနဲ့ အဆိုပါ ဝါးအမှုန်တွေကို တုံ့ပြန်နိုင်စွမ်းရှိပေမယ့် ကိုယ်ခံအားနည်းပါးသူတွေမှာတော့ တုံ့ပြန်နိုင်စွမ်းနည်းပါးတဲ့အတွက် ဝါးအမှုန်တွေကို ရေရှည်အနေနဲ့ ရှုမိ၊ စားမိခဲ့ရင် အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာ၊ အစာအိမ်ပြဿနာတွေအတွက် အန္တာရာယ်ရှိလာနိုင်တယ်လို့ ဒေါက်တာရဲဇော်က သုံးသပ်ပြောဆိုထားပါတယ်။

အိပ်ယာ၊ ထမင်းစားတဲ့နေရာ၊ အိုးခွက်ပန်းကန်တွေထဲကို ပိုးထိုးတဲ့ ဝါးအမှုန်တွေကျလာတဲ့အတွက် ရေရှားပါးမှုကြောင့် မကြာခနဆေးကြောတာ မလုပ်နိုင်ပဲ ပိုမိုစားသုံးမိတာတွေလည်း ဖြစ်စေတယ်လို့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေက သူတို့ရဲ့ တွေ့မြင်ချက်တွေကို ပြောပြလာကြပါတယ်။

စစ်ရှောင်တွေအားလုံးဟာ ဝါးတဲကို မိုးကာအမိုးမိုးပြီး နေထိုင်ကြရတာဖြစ်ပါတယ်။ ဝါးကို သူ့အချိန်ရာသီမှာ ခုတ်နိုင်ရင်တော့ ဝါးပိုးထိုးတာ သက်သာနိုင်ပေမယ့် အရေးပေါ် လိုအပ်ချက်အရ ခုတ်နေရတာဖြစ်ပါတယ်။

ဝါးခုတ်တဲ့အချိန်ရာသီနဲ့ ကိုက်ညီမှုမရှိပဲ အသုံးပြုနေရတာကြောင့် ဝါးပိုးထိုးတဲ့ဒဏ်ကို ပိုမိုခံစားကြရတာဖြစ်တယ်လို့ ကျေးလက်နေ လူကြီးသူမတွေက သုံးသပ်ပြောဆိုထားကြပါတယ်။

spot_img
spot_img

Recent posts