ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးနဲ့ပတ်သက်ပြီး ကယားပြည်နယ်တွင် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ စတင်

ကန္တရဝတီတိုင်း(မ်)

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ဝူဟန်ကိုရိုနာဗိုင်းရပ် (အဆုတ်ရောင်ရောဂါ) ကူးစက်ပျံပွားနှုန်းနှင့် ပတ်သက်ပြီး ကယားပြည်နယ်တွင်လည်း ကြိုတင်ကာကွယ်မှုလုပ်ငန်းစဉ်များကို စတင်နေပြီဖြစ်ကြောင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။

“ရောဂါရဲ့ သဘောသဘာဝနဲ့ ဘယ်လိုကူးစက်နိုင်သလဲဆိုရင် ပြည်သူလူထုအကြားသိရှိဖို့အတွက် သေသေချာချာပညာပေးပြီးတော့ ဆောင်ရန်ရှောင်ရန်လေးကို သိရှိနိုင်ဖို့အတွက် ဆောင်ရွက်နေတာရှိပါတယ်” ဟု ဒေါက်တာဌေးလွင်ကပြောပါတယ်။

ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကြိုတင်ကာကွယ်ဆောင်ရွက်ရေးနှုင့်ပတ်သက်၍ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေးဌာနမှတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ဇန်နဝါရီလ ၂၈ရက်နေ့ ညနေပိုင်းမှာ မီဒီယာတွေကို ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဝူတန်ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအား တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားနေစဉ်

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး(အဆုတ်ရောင်ရောဂါ)ဟာ နိုင်ငံပေါင်း ၁၈နိုင်ငံအထိ ကူးစက်ပျံ့ပွားနေပြီး ဇန်နဝါရီလ ၂၈ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၄၀၀၀ကျော်ရှိနေပြီး သေဆုံးသူ ၁၀၀ကျော် ရှိနေပြီဖြစ်ပါတယ်။

၎င်း ဗိုင်းရပ်စ်က မြွေ၊ လင်းနို့ စတဲ့ တိရိစ္ဆာန်ကနေ ကူးစက်သော်လည်း ဗိုင်းရပ်စ်ပိုးရှိသူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံတဲ့သူတွေကိုလည်း ကူးစက်နိုင် တယ်လို့သိရပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ ကယားပြည်နယ်အတွင်း ဝင်ရောက်လာမည့် ကားဂိတ်၊ လေဆိပ်တွေကနေ ပြည်တွင်းပြည်ပခရီးသည်တွေကို စနစ်တကျ စောင့်ကြည့်စစ်ဆေးမှုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဌာနဆိုင်ရာ စုပေါင်းပြီး ပြည်သူတွေ ဖျားနာမှုရှိ မရှိ၊ နိုင်ငံခြားသားခရီးတွေထံကနေ ကူးစက်ရောဂါ ပါလာမှုရှိမရှိ နေ့စဉ် ထောက်လှမ်း စစ်ဆေးဆောင်ရွက်သွားဖို့ရှိတယ်လို့သိရပါတယ်။

ပြည်နယ်အတွင်း ရောဂါလက္ခဏာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ချက်ချင်းဆောင်ရွက်နိုင်ဖို့အတွက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကနေ သီးသန့်အဆောင်ထားရှိပြီး ကုသဖို့ပြင်ဆင်ထားကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံမှ သမားတော်ကြီး ဦးအောင်မင်းက ရှင်းလင်းပြောဆိုသွားပါတယ်။

“ရောဂါလက္ခာဏာကို ကြိုသိထားတဲ့အတွက် ဖျားတယ် ချောင်းဆိုးတယ် နှာချေတယ် ရင်ကြပ်လာရင်ပေါ့ ပြည်ပလူနာဌာနမှာ ရောက်ရောက်ချင်း လူနာကအဲလိုပြောလာရင် Mask ကို အဲ့လူနာကိုတပ်ခိုင်းဖို့၊ လူနာနဲ့ မေးတဲ့သူနဲ့ အနည်းဆုံး ၁မီတာအကွာကနေမေးဖို့၊ အဲလိုလက္ခဏာနဲ့လူနာရောက်လာလို့ရှိရင် သာမန်လူနာစမ်းသပ်တဲ့အခန်းကို မထည့်တော့ဘဲနဲ့ သပ်သပ်ပြင်ထားတဲ့အခန်းကို ထည့်မှာပေါ့နော။ ဆရာဝန်ကိုအကြောင်းကြားမယ် လိုအပ်တဲ့အကာအကွယ် ဝတ်စုံ နှာခေါင်းစည်း မျက်မှန်ပေါ့ အကုန်တပ်ပြီးတော့ လူနာကိုမေးပါမယ်။ တကယ်လို့ လူနာက အဲလိုလက္ခဏာရှိရင် သေချာတယ် နိုင်ငံခြားသားဖြစ်ရင်လည်း တရုတ်ပြည် ဝူဟန်ဖက်ကနေ ဆက်စပ်မှုရှိသလားပေါ့။ ဒါမှမဟုတ် အဲလို လက္ခဏာရှိတဲ့သူနဲ့ထိတွေ့တာသေချာခဲ့ရင် သီးသန့်ထားတဲ့အဆောင်ကိုပို့ပါမယ်။ လုပ်ထုံးလုပ်နည်းအတိုင်း ဓတ်ခွဲခန်းကိုအကြောင်းကြားပြီးတော့ လိုအပ်တဲ့ နှာခေါင်းကသလိပ်ယူတာတွေလုပ်ပါမယ်။ ပြီးတော့ သက်ဆိုင်ရာကိုအကြောင်းကြားပြီးတော့ ကုသမှုလုပ်ဖို့စီစဉ်ရမှာဖြစ်ပါတယ်”လို့ လွိုင်ကော်ပြည်သူ့ဆေးရုံမှ သမားတော်ကြီး ဦးအောင်မင်းက ပြောသွားပါတယ်။

ဗိုင်းရပ်စ်ရောဂါလက္ခာဏာတွေက ကိုယ်ပူခြင်း၊ ချေင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှုခက်ခဲခြင်း စသည်တို့ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ဖို့ ရေနှင့်ဆပ်ပြာသုံးပြီး လက်ဆေးခြင်း၊ ရောဂါလက္ခဏာတစ်ခုခုဖြစ်ပါက ချက်ချင်းဆေးကုသမှုခံယူခြင်း၊ နှာချေ ချောင်းဆိုးလျှင် ပါးစပ်နှင့်နှာခေါင်းကိုဖုံးအုပ်ခြင်း၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်း၊ မချက်ပြုတ်ရသေးသောအသားငါးတွေ စားသုံးခြင်းမှရှောင်ကြည်ခြင်း၊ လူထူထပ်သောနေရာများအား သွားလာခြင်းမှ ရှောင်ကြည်ခြင်းတို့ဖြစ်ပါတယ်။

Comments

comments

Next Post

အကြီးစားဝက်မွေးမြူရေးစီမံကိန်း တာဝန်ရှိသူတွေက ဒေသခံလူထုတွေကို လုပ်ငန်းပြန်လည်ချပြ

Wed Jan 29 , 2020
နော်ဒွေးအယ်ခူ ဒေသခံလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းတွေက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ပြုလုပ်တဲ့ အကြီးစား ဝက်မွေးမြူရေးစီမံကိန်းနဲ့ပတ်သက်လို့ ကြိုတင်အသိပေးတိုင်ပင်မှုနဲ့ လူထုသဘောထားရယူထားတာမရှိဘူးလို့ ပြောဆိုခဲ့တာကြောင့် ကုမ္ပဏီဖက်က တာဝန်ရှိသူတွေက ၎င်းတို့ရဲ့လုပ်ငန်းကို ပြန်လည်ချပြ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြန် ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ စီမံကိန်းတာဝန်ခံ ကိုသိန်းနိုင်ဝင်း “ကျတော်တို့က ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံမှုလာလုပ်တဲ့အတွက်ကြောင့် သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ သူတို့ရဲ့စီးပွားရေးတို့ကို ထိခိုက်မယ့်ကိစ္စမျိုးတွေ ကျတော်တို့ အလေးထားပြီးဆောင်ရွက်ရမှာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လဲ ကျတော်တို့ သူတို့နဲ့ထပ်ပြီး တွေ့ဆုံသွားမှာပါ။ သူတို့ လုံးဝ ၁၀၀ရာခိုင်နှုန်း လက်ခံနိုင်တဲ့အတိုင်းအတာထိကို ကျတော်တို့ကလည်း နည်းမှန်လမ်းမှန်နဲ့ တကယ်ဆောင်ရွက်ထားတဲ့ဟာတွေကို ချပြဆွေးနွေးသွားမှာပါ”လို့ ပြောပါတယ်။ နယ်သာလန် နိုင်ငံအခြေစိုက် ပြင်သစ်ဝက်မျိုးပွားခြံ De Heus Myanmar Co.,Ltd […]