spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သက်ကြီးပိုင်း စစ်ဘေးရှောင်တွေမှာ နာတာရှည် သွေးတိုးရောဂါအဖြစ်များနေ

CJ / ကန္တာရဝတီတိုင်း( မ် )

ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ သက်ကြီးပိုင်း စစ်ဘေးရှောင်ပြည်သူတွေဟာ လူဦးရေ ၁၀၀ မှာ ၆၅ ယောက်က နာတာရှည် သွေးတိုးရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“များတယ် အသက် ၄၀ နဲ့ အထက်ဆိုရင် လူဦးရေ ၁၀၀ မှာဆိုရင် ၆၅ ယောက် ဖြစ်ပြီးသားပဲ။ အခုခြေနေမျိုးနဲ့ ပိုဆိုးတယ်။ သွေးတိုးပိုများတယ်၊ များတဲ့ အကြောင်းရင်းက ဒီလိုအခြေနေမျိုးကြောင့် စိတ်ဖိစီးမှုများနေလို့လဲပါတယ်၊ ပြီးတော့ တောထဲမှာ သွားနေတော့ အလုပ်အကိုင်မရှိတော့ အနေအထိုင် အစားအသောက်ကြောင့်လည်းပါတယ်။” လို့ စစ်ရှောင်တွေကို ကျန်းမာရေး ဝန်ဆောင်မှုပေးသူ ဆရာမတစ်ဦးက ဆိုပါတယ်။

အသက်၇၅နှစ်အရွယ် စစ်ရှောင် ဦးဝီရယ်ကတော့ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲကျန်းမာရေးကို စစ်ရှောင်စခန်းမှာ လာရောက်နေထိုင်ချိန် ပိုခံစားနေရတဲ့အတွက် ထွန်းရွှေဝါ၊ သံလိုက်ဆီ၊ ကျောက်ကိုမီးနဲ့နွေးအောင်ဖုတ်ပြီး ခန္တာကိုယ်နဲ့ တဆင့်ပြန်နွေးအောင်လုပ်တဲ့နည်းတွေကို အသုံးပြုပြီး ကျန်းမာရေးကို ပိုဂရုစိုက်နေရတယ်လို့ ဆိုပါတယ်။

“သွေးပေါင်ချိန်ကတော့တူတယ်။ ဒါပေမယ့် ကျနော်ဒီမှာသွားနေတော့ ဇက်ကျောခဏခဏတက်တယ်။ အရင်နှစ်ကဆိုရင် တအားအေးလို့ အဲဒီလိုဖြစ်တာလား ကျနော်စဉ်းစားပြီးတော့ ကျနော်ကိုယ် ကျောက်တွေနဲ့နွေးအောင်လုပ်တယ်။ ခြေထောက်တွေကိုဆိုရင်လည်း အမြဲတမ်းနွေးအောင်ထားတယ်။ နေပူရင်တောင် ခြေတောက်က အေးနေတာတွေလည်းရှိတယ်။ နေနည်းနည်းပူပြီး နွေးလာတဲ့အချိန်ဆိုရင်လည်း သွေးက ပုံမှန်လည်ပတ်ရမှာကို ဇက်ကျောက သွားတက်တဲ့ဟာမျိုးတွေလည်းရှိတယ်။ ဒီလိုမျိုးတောထဲမှာစစ်ရှောင်ရတော့ ခဏခဏဖြစ်တယ်။ ရွာထဲမှာဆိုရင် အဲလောက်မဖြစ်ဘူး။” လို့ ဦးဝီရယ်က ပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ ကျန်းမာရေး ဝန်ဆောင်မှု လိုအပ်ချက်မြင့်တက်နေပြီး ယခုလို ရာသီအကူးအပြောင်းမှာ ဆောင်းရာသီကာလအတွင်း သွေးတိုးရောဂါရှိသူတွေ လေဖြတ်တဲ့အခြေအနေအထိ ရောက်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

သွေးတိုးရောဂါဟာ ဆေးကုသရာမှာ ပျောက်ကင်းတဲ့ ရောဂါမဟုတ်ပဲ နာတာရှည်ရောဂါဖြစ််ပါတယ်။ ပျောက်ကင်းနိုင်ဖို့ ခက်ခဲတဲ့အတွက် ကျန်းမာရေး ဆရာ/မတွေ ပေးထားတဲ့ ဆေးတွေကို ပုံမှန်သောက်ပေးရတယ်လို့ ဆိုပါတယ်။

“ဆောင်းရာသီဘက်မှာ လူတွေက အေးတဲ့အခါကျတော့ ကိုယ်လက်လှုပ်ရှားမှုနည်းပါးတယ်၊ ပြီးတော့အစားအသောက်တွေကြောင့်လည်း မူးယစ်ဆေးဝါးတွေသုံးလာတာလည်း များလာတယ်ပေါ့နော။ အဲဒီ ယောကျာ်းလေးဆိုရင်လည်း ဆေးလိပ်တွေလည်း သောက်လာတယ်။ အနွေးဓာတ်ကြောင့် သောက်တဲ့လူတွေလည်းရှိတယ်လေ။ အဲဒီလိုမျိုးဆိုရင်တော့ ဒီအရက်သေစာ၊ အရက်ကြောင့် ဆေးလိပ်ကြောင့်ရော သွေးတိုးနဲ့ အများကြီးသက်ဆိုင်တယ်။ နွေးထွေးနေပြီးတော့ ကိုယ်လက်လုပ်ရှားမှု မလုပ်တဲ့ခါကျတော့ သွေးတိုးကြောင့် လေဖြတ်တဲ့အထိ ဖြစ်နိုင်တယ်။” လို့ စစ်ရှောင်တွေကို ကျန်းမာရေး ဝန်ဆောင်မှုပေးသူ ဆရာမတစ်ဦးက ဆက်ပြောပြပါတယ်။

သွေးတိုးရောဂါဟာ ကူးစက်ဖြစ်ပွားတတ်တဲ့ရောဂါမျိုးမဟုတ်ပဲ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစားအသောက်ထဲတွင်အတွက် အရက်နဲ့ ဆားများများ စားသုံးမှုတွေနဲ့ မညီညွတ်တဲ့လူနေမှု ဘဝပုံစံမှာ ကြာရှည်စွာနေထိုင်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်တတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။

သွေးတိုးရောဂါဟာ အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါအခြေအနေများနဲ့ ထိခိုက်ဒဏ်ရာ သို့မဟုတ် adrenal ဂလင်းမူမမှန်ဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်ခြင်း ဒါမှမဟုတ်ခြေပြတ်တဲ့အထိအပြင် မျက်စိအမြင်အာရုံ ပြောင်းလဲမှုများသို့မဟုတ် မျက်စိကွယ်တာအထိ နောက်ဆက်တွဲ ကျန်းမာရေးအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်နိုင်တယ်လို့ ကျန်းမာရေးအသိပညာပေးစာတွေကနေ သိရပါတယ်။

သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချို၊သွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ စိတ်ကျန်းမာရေးပြဿနာစတဲ့ ရောဂါတွေဟာ မကူးစက်နိုင်တဲ့ရောဂါတွေဖြစ်ပြီး အဲဒီရောဂါတွေကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၆၈ရာခိုင်နှုန်းရှိတယ်လို့ ၂၀၁၆ခုနှစ်အတွင်း ကျန်းမာရေးစာရင်းဇယားတွေအရ ကောက်ယူထားတယ်လို့ WHO က ဖော်ပြထားပါတယ်။

spot_img
spot_img