spot_imgspot_imgspot_imgspot_img
Saturday, June 22, 2024
spot_imgspot_imgspot_imgspot_img

သတင်းအမှောင်ချထားခံနေရဆဲ ကရင်နီပြည်သူများ

ဆန်းဘွန်း

စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံတစ်ဝန်း အင်တာနက်လိုင်းတွေ စတင်ပြတ်တောက်ခဲ့ပါတယ်။ စစ်ကောင်စီကအင်တာနက်ကို လိုအပ်သလို စိတ်ကြိုက်ထိန်းချုပ်ပြီး ပြည်သူတွေကိုသတင်းအမှောင်ချခဲ့တယ်လို့ဆိုရမှာပါ။

နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လုပ်ငန်းလည်ပတ်ရန် အင်တာနက်ကိုပြန်လည်ဖွင့်ပေးခဲ့သော်လဲ ကရင်နီပြည်နယ်လို တော်လန်ရေးအားကောင်းတဲ့ ဒေသတွေမှာ အင်တာနက်ပြတ်တောက် ထားခြင်းကို ဆက်လက်ဆောင်ရွက်နေခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မေလကစလို့ ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေပျင်းထန်လာတာကြောင့် စစ်ဘေးရှောင်းပြည်သူသိန်းနဲ့ ချီပြီး စစ်ရှောင်ကြရပါတယ်။ အချို့မှာ ဖုန်းလိုင်းမီးလိုင်းတွေအဆင်ပြေတဲ့ မြို့ကြီးပြကြီးနှင့်ပြည်ပဘက်ကို စစ်ရှောင်ကြပေမဲ့ အများစုမှာ နီးစပ်ရာကျေးရွာတွေ၊တောအုပ်တွေထဲမှာ ခက်ခဲစွာစစ်ဘေးရှောင်ကြရပါတယ်။

အာဏာမသိမ်းခင်အထိ အေးချမ်းစွာနေထိုင်ခဲ့ရတဲ့ပြည်သူတွေဟာ ရုတ်တရက်ဆိုသလို ခက်ခဲကြမ်းတမ်းတဲ့ဘဝရောက်သွားခဲ့ပါတယ်။ ထိုအခက်အခဲများစွာထဲမှ ဆက်သွယ်ရေးအခက်အခက်ဖြစ်တဲ့ ဖုန်းလိုင်းအင်တာနက်လိုင်းများလဲ တစ်ခုအပါအဝင်ဘဲဖြစ်ပါတယ်။ အင်တာနက်နှင့်ဖုန်းလိုင်းများ မရှိခြင်းရဲ့နောက်ဆက်တွဲတွေကတော့ ဆက်သွယ်ရခက်ခဲတာတွေ၊ သတင်းအမှားတွေယုံမိတာတွေ၊ သတင်းအချက်အလက်မရရှိနိုင်ခြင်းများဖြစ်ပေါ်လာပါတယ်။

မိမိပြည်နယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့သတင်းတွေ သိချင်သော်လည်း အင်တာနက်ဖုန်းလိုင်းများမရှိတာကြောင့် ဘာတွေဖြစ်ပျက်နေလည်းဆိုတာမသိနိုင်တော့ပါဘူး။ ကရင်နီလူထုတွေရဲ့ဘဝဟာ မျက်လုံးရှိရက်နဲ့ မျက်မမြင်တစ်ယောက်လို နေထိုင်နေရပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေရဲ့ သတင်းအမှားတွေကို ယုံကြည်လာပြီး စိုးရိမ်ပူပန်စိတ် များလာပါတယ်။

ကောလဟာလတွေကို အမှန်ထင်ပြီး ယုံကြည်မိတာတွေလဲရှိတယ်လို့ ဒီမောဆိုအနောက်ခြမ်းမှာစစ်ရှောင်နေတဲ့ ဒေါ်ရောဇာကပြောပါတယ်။

` တစ်ချို့ကပြောတယ် အိမ်ပြန်လို့ရပြီပြောလိုက်၊ ဒီနေရာစစ်တပ်တွေ ရောက်လာမယ်ပြောလိုက်နဲ့ တကယ်ဟုတ်မဟုတ်အဒေါ်တို့လဲမသိဘူးလေ တစ်ခါတစ်လေလဲယုံမိတာတွေရှိတယ်ပေါ့ အရင်က တစ်ခုခုသိချင်ရင် သားကိုဘဲမေးလိုက်တယ် သူကဖုန်းနဲ့ရှာပြီးပြန်ပြောပြတယ်)) ဟုဆိုပါတယ်

ဒေါ်ရောဇာဟာ ဒီမောဆိုဒေသခံဖြစ်ပြီး လက်ရှိမှာ ဖုန်းလိုင်းမီးလိုင်းေတွမရှိတဲ့ နေရာမှာ စစ်ရှောင်နေရပါတယ်။ စစ်ရှောင်နေရတာ၂နှစ်နီးပါးရှိနေပြီဖြစ်ပြီး သား၄ယောက်သမီးတစ်ယောက်မိခင်ဖြစ်ပါတယ်။

သူမရဲ့သားသမီးတွေဟာ တစ်ယောက်တစ်နေရာစီရှိနေပြီး တစ်ခါတစ်ခါဖုန်းပြောရဖို့ တောင်ပေါ်ထိတက်ရတယ်လို့ဆိုပါတယ်။ အသက်၅၀ ကျော်ရှိပြီဖြစ်တဲ့ဒေါ်ရောဇာအတွက်ကတော့ ပေ၅၀၀ ကျော်မြင့်တဲ့တောင်ပေါ်တက်ရတာဟာ ခက်ခဲကြမ်းတမ်းတဲ့ခရီးတစ်ခုဖြစ်ပါတယ်။

တစ်ချို့သောပြည်သူတွေဟာ သတင်းအချက်အလက်မရတာကြောင့် စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့ လမ်းကိုသွားမိပြီး အသတ်ခံရ အဖမ်းခံရတဲ့သူတွေလဲရှိပါတယ်။

ဒီမောဆိုအရှေ့ခြမ်းကိုသွားတဲ့ ပြည်သူနှစ်ဦးဟာ တိုက်ပွဲဖြစ်နေမှန်းမသိဘဲ ထီးပေါ်ဆိုလမ်းမကိုဆိုင်ကယ်နဲ့ ဖြတ်မောင်းရာ စစ်တပ်နဲ့တိုးပြီးအသတ်ခံရတဲ့ အဖြစ်မျိုးလဲ ကရင်နီပြည်နယ်မှာဖြစ်ခဲ့ဖူးပါတယ်။

ဒါတွေဟာ အင်တာနက်မရှိတာကြောင့် သတင်းအချက်အလက်မရတာကြောင့် ဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်မှန်ဖြစ်တစ်ခုဖြစ်ပါတယ်။

လက်ရှိကရင်နီပြည်နယ်မှာဆိုရင် လွိုင်ကော်မြို့ပေါ်ကလွဲပြီးအခြားမြို့များအားလုံးနီးပါး အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။ တစ်ချို့နေရာတွေမှာ စစ်ကောင်စီကဖြတ်တောက်ထားတာဖြစ်ပြီး တစ်ချို့မှာ မီးမရတာတွေကြောင့် တာဝါတိုင် အလုပ်မလုပ်တာပါ။

ဒါအပြင့် ခေတ်ပျက်ကို အခွင့်ကောင်းယူနေတဲ့သူတွေဟာ တာဝါတိုင်ဖျက်ဆီးတာတွေ ဘက်ထရီခိုးယူတာတွေကြောင့် အင်တာနက်ဖုန်းလိုင်းများပြတ်တောက်ခဲ့တယ်လို့ဒေသခံတစ်ဦးကဆိုပါတယ်။
တာဝါတိုင်တစ်ခုသာရှိပြီးအခြား စက်ပစ္စည်းတစ်ခုမှမရှိတဲ့တိုင်တွေကို ဒီမောဆိုမြို့မှာအများအပြားတွေ့မြင်နိုင်ပါတယ်။

အရင်ကတစ်မြို့လုံးအင်တာနက်လိုင်းရခဲ့တဲ့ ဒီမောဆိုမြို့ဟာ လက်ရှိမှာ အင်တာနက်လိုင်းရတဲ့နေရာများကို လက်ချိုးရေလို့ရနိုင်ပါတယ်။ တစ်ချို့သော ကွင်းပြင် နှင့် တောင်ပေါ်တွေမှာသာ အင်တာနက်လိုင်းရတာပါ။

အင်တာနက်အသုံးပြုလိုသူတွေဟာ နီးစပ်ရာတောင်ပေါ်တွေမှာခက်ခဲစွာတက်ရောက်ပြီးအသုံးပြုနေရပါတယ်။ တောင်ပေါ်တွင်အင်တာနက်အသုံးပြုနေစဥ်မှာလဲ စစ်ကောင်စီလက်နက်ကြီးပစ်တာတွေ လေယာဥ်ဝဲနေတာတွေကိုလဲ စိုးရိမ်နေရတယ်လို့ ဒေခံတစ်ဦးကဆိုပါတယ်။

“လေယာဥ်ဆိုခနခနဝဲတယ် ဟိုတစ်ရက်ကဆို ကိုယ့်အပေါ်တည့်တည့်မှာဘဲ ပစ်ချတော့မယ်လိုလို vpn တောင်မချိတ်ရသေးဘူး တောင်အောက်ပြန်ဆင်းလာရတယ်” လို့သူကဆိုပါတယ်။

အင်တာနက်မရှိခြင်းက ကရင်နီလူထုအပေါ် ဆက်သွယ်ရေးအဆင်မပြေမှုများအပြင် စီးပွားရေး၊လူမှုရေး၊ပညာရေးအဘက်ဘက်မှလည်း ထိခိုက်နစ်နာမှုတွေရှိနေပါတယ်။

အထူးသဖြစ်လူငယ်တွေဟာ ကိုဗစ်ကာလကစလို့ကျောင်းတွေ စာတွေကို အွန်လိုင်းကဘဲ တက်ရောက်လေ့လာနေကြပါတယ်။ အခုလိုအင်တာနက် မရှိတာကြောင့် ပညာရေးမှာလည်းအခက်အခဲရှိတယ် လို့ ဒေသခံလူငယ်တစ်ဦးကဆိုပါတယ်။

“အင်တာနက်သုံးရဖို့ဆိုအဝေးကြီးသွားရတယ် ဆိုင်ကယ်နဲ့သွားရင်လဲ ဆီကုန်တယ် မသွားလို့လဲမရဘူးလေ အွန်လိုင်းအတန်းတက်နေတော့ အခက်အခဲတော့ရှိတာပေါ့”

သူဟာ နေ့စဥ် လိုင်းရတဲ့နေရာကို လက်တော့တစ်လုံးဖြင့် အွန်းလိုင်းကနေအင်္ဂလိပ်စာကိုသင်ယူနေပါတယ်။ သူနေတဲ့စစ်ရှောင်ကနေအင်တာနက်ရတဲ့နေရာကို ၁၀မိနစ်ခန့်ဆိုင်ကယ်မောင်းလာရပြီး တစ်ခါတစ်လေမှာ ဓာတ်ဆီစျေးကြီးတာကြောင့် လမ်းလျောက်လာရတာလဲရှိတယ်လို့ဆိုပါတယ်။

အင်တာနက်ဖုန်းလိုင်းရတဲ့နေရာမှာဆိုရင် နေ့စဥ် အွန်လိုင်းအတန်းတက်တဲ့သူတွေ၊ ဂိမ်းဆော့တဲ့သူတွေ၊ သူငယ်ချင်းဆွေမျိုးတွေနဲ့ဖုန်းပြောတဲ့သူတွေနဲ့ပြည့်နက်လို့နေပါတယ်။အွန်လိုင်းကနေစျေးရောင်းစျေးဝယ်ပြုလုပ်နေတဲ့လူငယ်တွေဟာလဲအင်တာနက်မရှိတာကြောင့် အလုပ်ကိုရပ်တန့်လိုက်ရပါတယ်။

ကရင်နီပြည်မှာလျပ်စစ်မီးနှင့်အင်တာနက်လိုင်းပြတ်တောက်နေတာဟာ ၂နှစ်နီးပါးရှိနေပါပြီ။ စစ်ရှောင်ပြည်သူတွေဟာ မီးမရှိတာဟာ မျက်လုံးမရှိသလို ဖုန်းလိုင်းမရှိတာဟာ နားမကြားသလို နေထိုင်လာရင်းနဲ့နေသားကျနေပါပြီ။

တစ်ချို့မှာ ဖုန်းလိုင်းရှိရေးအတွက် အထိုင်ဖုန်းများ ပြန်လည်အသုံးပြုလာကြပါတယ်။စစ်ရှောင်စခန်းတွေမှာ အထိုင်ဖုန်းကို ကိုထူကိုထအနေနဲ့ စုပေါင်းဝယ်ယူထားပြီး အများပိုင်အဖြစ်အသုံးပြုနေရပါတယ်။ အထိုင်ဖုန်းတွေဟာလဲစျေးကြီးသော်လည်း ဆက်သွယ်ရေးအတွက်အရေးကြီးတာကြောင့် ဝယ်ယူသုံးစွဲနေရပါတယ်လို့ စစ်ရှောင်စခန်းက တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

“၁သိန်းကျော်၂သိန်းနီးပါးရှိတယ် စစ်ရှောင်တွေစုပြီးဝယ်ထားရတာ တစ်ခါတစ်လေ အလှူရှင်တွေနဲ့ဆက်သွယ်ရတာအရမ်းခက်လို့လေ တစ်ချို့လဲ မိသားစု ဆွေမျိုးတွေနဲ့ပြောချင်ရင်လဲ ဒီဖုန်းကိုဘဲအသုံးပြုကြတာပေါ့” ဟုဆိုပါတယ်။

မီးရရှိရေးအတွက်လည်း မီးစက်၊ ဆိုလာ၊ ဖရောင်းတိုင်တွေကိုစျေးကြီးစွာဝယ်ယူအသုံးပြုနေရပါတယ်။ ဒါတွေဟာ၁၉ရာစုကို ခေတ်နောက်ပြန်ဆွဲနေထိုင် ရသလိုပါဘဲ။

တိုက်ပွဲတွေမကြာခနဖြစ်နေပြီး မြို့ပျက်ကြီးသဖွယ်ဖြစ်နေတဲ့ ဒီမောဆိုမြို့မှာဆိုရင် အင်တာနက်နှင့်ဖုန်းလိုင်းများ ပြန်လည်ရရှိဖို့ ဘယ်လောက်ကြာကြာ စောင့်မျော်ရအုံးမလဲဆိုတာကိုတော့ အတတ်မပြောနိုင်သေးပေမဲ့ ကရင်နီပြည်သူတွေဟာ သတင်းအမှောင်ချခံရတဲ့ဘ၀ထဲမှာ ဆက်လက်ရှိနေအုံးမှာကတော့သေချာပါတယ်။

spot_img
spot_img