သန်စွမ်းသူတွေလို အခွင့်အရေးတန်းတူရှိရင်တော့ စိုးရိမ်စရာမရှိဘူး

စူးမယ် ၊ ထျိုးမြာ

နေအိမ်ခြံဝင်းတစ်ခုထဲက သစ်ပင်အောက် ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ခေါင်းငုံ့စာရေးနေတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယာက် အာရုံစူးစိုက်စာရေးနေတာကိုကြည့်ရင် သူမဟာ သာမန် လူတစ်ယောက်လို့ပဲ ထင်မြင်မိမှာပါ။ တကယ်ပါပဲ သူမဟာ သာမန်လူတစ်ယောက်ပါပဲ။

သူမဟာ ခြေတု တစ်ဖက် တပ်နေရတာကလွဲလို့ သာမန်လူတစ်ယောက်လုပ်နိုင်တဲ့ အလုပ်အားလုံးကို လုပ်နိုင်သူလည်း ဖြစ်ပါတယ်။ သူမကို မသန်ပေမယ့် စွမ်းတယ်လို့လည်း ပြောလို့ ရပါတယ်။ သူမဟာ မိသားစုထဲက မောင်နှမ လေးယောက်ထဲမှာ တတိယမြောက် သမီးဖြစ်ပြီး မိခင်ဖြစ်သူကတော့ ပညာရေးဝန်ထမ်းဖြစ်တဲ့ မူလတန်း ကျောင်းအုပ်ဆရာမ တစ်ဦးဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ စည်ပင် ရပ်ကွက်မှာ နေထိုင်တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားဆဲဖြစ်တဲ့ မလော်လာဝင်းဘဲဖြစ်ပါတယ်။ သူမ ဘဝတစ်လျှောက်မှာ အမြဲလိုလိုပင် အများသူငှာတွေရဲ့ ခွဲခြား ဆက်ဆံခြင်းကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။

သူမ အနေနဲ့ နှစ်စဉ် တစ်နှစ်တစ်တန်း ပုံမှန် အောင်နို်င်ပြီး မူလတန်း ကျောင်းတက်ချိန်မှာဆိုရင် ဆုကို အမြဲရရှိသူလည်း ဖြစ်ပါတယ်။ အလယ်တန်း နဲ့ အထက်တန်းရောက်ချိန်မှာတော့ ကြိုးစားမှု အားနည်းလာတဲ့အတွက် ဆုတွေ မရနိုင်တော့ပေမယ့် ကဗျာ၊ စာစီစာကုံး စတဲ့ ဆုတွေကို ရရှိလာပါတယ်။

ပင်ကိုယ် အရည်အချင်းနဲ့ ကြိုးစားချင်တဲ့စိတ် သူမမှာ ရှိနေပေမယ့် ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံခြင်းဟာ သူမကို စိတ်အားငယ်စေခဲ့ပါတယ်။

မလော်လာဝင်းက”တခါတလေဆို သွားလာရ ခက်ခဲတယ်။ တခါတလေဆိုရင် သူများတွေနှိမ်တယ်။” လို့ အသံ တုန်တုန်နဲ့ ရှိုက်ငိုပြီး ပြောပြသွားပါတယ်။

သူမဟာ ဒုတိယတန်းတက်ချိန် အသက် ၈ နှစ်အရွယ်မှာ ကြက်ခြေနီအဖွဲ့ရဲ့ အခမဲ့ အကူအညီနဲ့ ပထမဆုံးအကြိမ် စတင် ခြေတု တပ်ဆင်ခဲ့တာဖြစ်ပြီး ခြေတု မတပ်ခင်မှာတော့ သူမရဲ့ သွားလာရေးက အတော်လေး အခက်အခဲဖြစ်တယ်လို့ သူမရဲ့ မိခင် ဒေါ်စေးလာက ပြောပါတယ်။

၈ နှစ်အရွယ်မှာ ခြေတုတပ်ပြီးနောက်ပိုင်း ပျက်စီးတာတွေ တိုလာတာတွေ ဖြစ်တဲ့အတွက် နှစ်နှစ် တစ်ကြိမ် ပန်ကန်းက အဖွဲ့အစည်းရုံးမှာ နှစ်သောင်းပေးပြီး အမြဲလဲလို့ရလို့ အဆင်ပြေကြောင်း ဒေါ်စေးလာက ပြောပါတယ်။

ကြက်ခြေနီအဖွဲ့နဲ့ မတွေ့ခင်အချိန်ထိ ဘယ်အဖွဲ့အစည်းဆီကမှ အကူအညီ မရပေမယ့် အစိုးရက ကျောင်းမဖွင့်ခင် ပညာရေး အစီအစဉ်နဲ့ ကျပ် ၅၀၀ဝ ကနေ ၁၅၀၀ဝ အထိ ထောက်ပံ့ဖူးကြောင်း သိရပါတယ်။

ဒေါ်စေးလာက “ပတ်ဝန်းကျင်မှာ တော်တော်များများ အဲလိုမျိုး သူ့လိုမျိုးပေါ့။ သူ့လိုမျိုး လူလည်းရှိတယ်။ သူ့ထက်ဆိုးတဲ့ သူလည်းရှိတယ်။ မြင်ဖူးတယ်။ ကျမဆိုရင် အရင်က တော်တော်နဲ့ အားငယ်တယ်။ “လို့ အသံဖျော့ဖျော့လေးနဲ့ သမီးလေးကို ကြည့်ပြီး ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတွင်လည်း မွေးရာပါ ခြေလက် မပါသည့် အမျိုးသမီး ငယ်လေးတစ်ဦးရှိပါတယ်။ သူမဟာဆိုရင်လည်း အခုဆို အလယ်တန်းကျောင်းအထိ ပညာသင်ကြား နေပြီး စာမှာ ထူးခွန်သူတစ်ဦးဖြစ်ပါတယ်။

ဒီလိုကိုယ်အင်္ဂါမသန်စွမ်းတဲ့သူတွေအများကြီးထဲမှာ ယခုလို သာမန်ကျောင်းသူကျောင်းသားတွေနဲ့အပြိုင် ပညာဆည်းပူးနေကြရတာကို မြင်တွေ့ရပါတယ်။

စာသင်ကျောင်းတွေမှာ တရားဝင် နာမည်စာရင်းမရှိဘဲ ကျောင်းပျော်သာ တက်နေရတဲ့ ငွေတောင်ကျေးရွာက ဉာဏ်ရည်မပြည့်မှီတဲ့ မသက် ၁၄ နှစ်အရွယ် မဖြူ( နာမည်အရင်းမဟုတ်) ဟာ နှစ်စဉ် ကျောင်းတက်ခွင့် ရရှိဖို့ မိဘတွေက ကျောင်းဆရာတွေနဲ့ ညှိယူရပါတယ်။

မဖြူ(နာမည်အရင်းမဟုတ်)ဟာ ကျောင်းပျော်သာ တက်နေရတာ ဖြစ်တဲ့အတွက် ကျောင်းမှ ပေးတဲ့ စာအုပ်နှင့် တခြားပစ္စည်းများကို မရရှိခဲ့ပါဘူး။ မိဘတွေက စာအုပ်တွေကို ဝယ်ပေးဖို့ တတ်နို်င်ပေမယ့် မဖြူ( နာမည်အရင်းမဟုတ်)ဟာ အတန်းထဲက သူငယ်ချင်းများ ရရှိတဲ့ အခွင့်အရေးနည်းတူ လိုချင်သူ ဖြစ်ပါတယ်။

“သူက ဉာဏ်ရည်မမှီပေမယ့် ကျောင်းနေချင်တယ်။ သူက သိနေတယ်။ ကျောင်းက စာအုပ်တွေ ပေးရင် သူလည်း ရချင်တယ်။ ကျမတို့က ဝယ်ပေးလို့ရပေမယ့် သူများ ရသလို သူလည်း ရချင်တယ်” လို့ မဖြူ ( နာမည်အရင်းမဟုတ်)ရဲ့ မိခင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းများအတွက် ဖွင့်လှစ်ထားရှိတဲ့ မသန်စွမ်းအထူးကျောင်း ၁ရ ကျောင်းရှိပါတယ်။ မျက်မမြင်များအတွက် အထူးကျောင်းတွေကို ရန်ကုန်၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ မုံရွာနဲ့ ပခုက္ကူ တို့မှာလည်းကောင်း၊ နားမကြားသူတွေအတွက် အထူးကျောင်းတွေကို ရန်ကုန်နဲ့ မန္တလေးတို့မှာ လည်းကောင်း၊ ဉာဏ်ရည်မမှီသူများအတွက် အထူးကျောင်းကို ရန်ကုန်တွင်လည်းကောင်း ဖွင့်လှစ်ထားရှိပြီး ကိုယ်အင်္ဂါ မသန်စွမ်းကလေးများအတွက် အထူးကျောင်းမရှိဘဲ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေသာ ရှိပါတယ်။

ဒါကြောင့်လည်း ကိုယ်အင်္ဂါမသန်စွမ်းကလေးတွေဟာ သာမန်ကလေးတွေ တက်တဲ့ကျောင်းတွေမှာသာ ပညာသင်ကြားနေရပါတယ်။ ဒါကြောင့် တစ်ဖက်မှာ သာမန်ကလေးတွေလို ပြေးလွှား ဆော့ကစား မတတ်တဲ့အချိန်တွေ၊ ပညာလေ့လာ ဆည်းပူးတဲ့အချိန်တွင်မှာ သာမန်ကလေးတွေနဲ့ အပြိုင် ယှဉ်ပြိုင် ကြိုးစားကြရပါတယ်။ အဲဒီအချိန်မှာ တခြားကလေးတွေရဲ့ ပစ်ပယ်ခြင်း၊ ခွဲခြား ဆက်ဆံခြင်းတွေကြောင့် ထိုကလေးတွေမှာ အလိုလို စိတ်အားငယ်သွားတတ်ပါတယ်။

မသန်စွမ်းကလေးတွေအတွက် ကျောင်းသီးသန့် ထားပေးသင့်သလို ကန့်သတ်ချက်တွေ မထားရှိဘဲ သူတို့ လုပ်ဆောင်နို်င်တဲ့ အရာများကို လုပ်ဆောင်ခွင့် ပေးပြီး ပံ့ပိုး လုပ်ခိုင်းသင့်ကြောင်း မသန်းစွမ်းသူများရဲ့ မိခင်နဲ့ ကယားပြည်နယ်အတွင်းမှာ ရှိတဲ့လူမှုအသင်းအဖွဲ့ တချို့က သုံးသပ် ပြောထားကြပါတယ်။

အမည်မဖော်လိုသူ မသန်စွမ်း မိခင်တစ်ဦးက “ ကလေးတွေက ကျောင်းနေချင်တယ်လေး မသန်စွမ်းဖြစ်နေတော့ ကျောင်းတက်ခွင့် တရားဝင်မရဘူး။ အနီးပါတ်ဝန်းကျင်မှာ ကျောင်းတွေ ထားပေးစေချင်တယ်။” လို့ပြောပါတယ်။

မိခင်ဖြစ်သူရဲ့ ကျောင်းက စာရင်းဇယား အလုပ်တွေကိုလည်း အမြဲကူပေးလျက်ရှိတဲ့ မလော်လာဝင်း

၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ဦးရေ ၂၃ သိန်းကျော် ရှိပါတယ်။

၂၀၁၀-၂၀၁၁ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန စာရင်းအရ မသန်စွမ်းကျောင်းနေသူ ကလေး ၈၀၁ ဦး ရှိနေပါတယ်။ ၂၀၁ဝ အမျိုးသား မသန်စွမ်း စစ်တမ်းအရ ပုံမှန်ကျောင်းနေသူ မသန်စွမ်းကလေးဦးရေအနက် ၆၆.၅ ရာခိုင်နှုန်းဟာ မူလတန်း၊ ၂၂.၁ ဟာ အလယ်တန်း၊ ၈.ရရာခိုင်နှုန်း ဟာ အထက်တန်း ပညာပြီးဆုံးပြီး ၊ ၂.၂ ရာခိုင်နှုန်း ဟာ ဘွဲ့ရတဲ့အထိ ပညာသင်ယူနိုင်ကြတယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်း မည်သည့် မသန်စွမ်းမှု အမျိုးအစားမဆို ၅.၈ ရာခိုင်နှုန်း ရှိပြီး အမြင်ဘက်မှာ ၃.၁ ရာခိုင်နှုန်း၊ အကြားဘက်မှာ ၂.ဝ ရာခိုင်နှုန်း၊ လမ်းလျှောက် အမြင့်တက် ပစ္စည်းကိုင်တွယ်ဘက်မှာ ၂.၃ရာခိုင်နှုန်း၊ သင်ယူလေ့လာခြင်း မှတ်ဉာဏ်အာရုံစူးစိုက်ခြင်း ၂.၄ ရာခိုင် နှုန်းရှိတယ်လို့ ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စရင်းအရ သိရပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ မသန်စွမ်းဥပဒေ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် မသန်စွမ်း ကလေးငယ်တွေနဲ့ပတ်သက်ပြီး အခွင့်အရေးတွေ မရရှိန်ုိင်ကြသေးပါဘူး။

မသန်စွမ်းတွေဟာ သန်စွမ်းသူ တစ်ယောက် လုပ်နို်င်တဲ့ အလုပ်မှန်သမျှ လိုက်လုပ်နိုင်သလို တချို့ သန်စွမ်းသူတွေ မလုပ်နို်င်တဲ့ အလုပ်ကိုပါ လုပ်နိုင်တာဖြစ်တဲ့အတွက် တန်းတူ အခွင့်အရေးရရှိဖို့ လိုအပ်ကြောင်း လူမှုအသင်းအဖွဲ့များမှ တွေ့ဆုံမေးမြန်းထားချက်အရ သုံးသပ်ပြောဆိုထားကြပါတယ်။

“တော်တော်များများက ဒီမွေးရာပါ မသန်စွမ်းတွေက မှီခိုတွေပဲနေတာများတယ်။ သူတို့အတွက် တည်းတံ့အသက်မွေးဝမ်းကြောင်းကို ကျနော်တို့ ဖန်တီးထားတဲ့ပုံစံမရှိဘူးလို့မြင်တယ်။” KSWDC ( Karenni Social Warfare Development Center ) ပြည်တွင်း တာဝန်ခံ ဦးဗညားက ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေထဲမှာလည်း မသန်စွမ်းသူတွေ အခွင့်အရေးအတွက် အတိအကျ ထည့်သွင်း ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိ အခြေအနေအရ အာဆီယံနိုင်ငံတွေထဲမှာ မသန်စွမ်းတွေရဲ့ အခွင့်အရေး အနည်းဆုံး နိုင်ငံ သုံးနိုင်ငံထဲမှာ ပါဝင်နေပြီး မသန်စွမ်းကလေးငယ်အရေအတွက်ရဲ့ ထက်ဝက်ကျော်ဟာလည်း ကျောင်းပညာရေးကို မရရှိနိုင်ကြဘူးလို့ အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

မသန်စွမ်းဥပဒေအတည်ပြုပြဋ္ဌာန်းပြီး ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ( International day of persons with Disabilities for 2015) အထိမ်းအမှတ် အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်က မသန်စွမ်းသူဦးရေဟာ နိုင်ငံ့လူဦးရေ စုစုပေါင်းရဲ့ ( ၄.၆) ရာခိုင်နှုန်းရှိပြီး ကိန်းဂဏန်းအားဖြင့် ( ၂၃) သိန်းကျော် ရှိနေပါကြောင်း၊ ကုလသမဂ္ဂ မသန်စွမ်းသူများရဲ့ အခွင့်အရေးများ ဆိုင်ရာ ကွန်ဗင်းရှင်း ( United Nations Convention on the Rights of Persons with Disabilities- UNCRPD )ကို မြန်မာနိုင်ငံအနေနဲ့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့မှာ ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်းကို ပြောဆိုသွားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမအစည်းအဝေးမှာ မသန်စွမ်းနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တချို့က တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် လုပ်ရမယ့် အင်အားစုတွေမှာ မသန်စွမ်းကိစ္စတချို့ ထည့်သွင်းတင်ပြပေမယ့် ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ဘူးလို့ ယူဆကြောင်း လေ့လာသူအဖြစ် တက်ခွင့်ရတဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ မသန်စွမ်းသူ တစ်ဦးဖြစ်တဲ့ ကိုနေလင်းစိုးက ပြောပါတယ်။
ကိုနေလင်းစိုးက “မသန်စွမ်းကိစ္စကို မသန်စွမ်းတွေပဲ လုပ်လို့ မရဘူးပေါ့နော်။ မသန်စွမ်း အဖွဲ့အစည်းတွေပဲ လုပ်လို့ မပြီးမြောက်နို်င်ဘူး။ အားလုံးမှာ တာဝန်ရှိတယ်။ ” ပြောပါတယ်။

သားသမီးအတွက် ရှေ့ကမားမားမတ်မတ် ရပ်တည်ပေးနေတဲ့ မလော်လာဝင်း၏ မိခင်

ယခင်က ကိုယ်ခန္ဓာသန်စွမ်းရမည် ဆိုတဲ့အချက်ကို လုပ်ငန်းခေါ်စာတော်တော်များများမှာ ထည့်သွင်းထားတာဟာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို ကန့်သတ်လိုက်တာ ဖြစ်တဲ့အတွက် အခွင့်အရေး ဆုံးရှုံးစေတယ်လို့ သူက ဆိုပါတယ်။

ကယားပြည်နယ်မှာ မွေးရာပါမသန်စွမ်းသူနဲ့ အရွယ်ရောက်မှ အကြောင်းတခုခုကြောင့် မသန်စွမ်းဖြစ်သွားသူများ (ဥပမာ- မိုင်းထိ) ရှိပြီး မသန်စွမ်းအများစုဟာ အမျိုးသမီးများဖြစ်တယ်လို့ ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂမှ ခူးသဲရယ်က ပြောပါတယ်။

အမျိုးသမီး မသန်စွမ်းသူတွေဟာ အမျိုးသားတွေထက် မိမိကိုယ်ကို ယုံကြည်မှု အားနည်းခြင်း၊ လူမှုအသိုင်းအဝန်းမှ ကျား၊မ ခွဲခြား ဆက်ဆံမှုများ ရှိနေသေးတာဖြစ်လို့ ပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားနေချိန် အခက်အခဲတွေ ရှိနေကြောင်း ခူးသဲရယ်က ပြောပါတယ်။

လုံခြုံရေးအရ ကြည့်မယ်ဆိုရင်လည်း ဘဝလုံခြုံမှု မရှိတဲ့ အမျိုးသမီး မသန်စွမ်းသူတွေအတွက် အစိုးရ၊ လူမှုအသင်းအဖွဲ့၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း စတဲ့ အဖွဲ့တွေကနေပြီး လိုအပ်ချက်တွေကို ကူညီပေးခြင်း၊ ပင်ကိုယ်စွမ်းရည်ရှိသလို အခွင့်အရေးပေးခြင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်ခြင်း စတဲ့ အစီအစဉ်တွေကို လုပ်ပေးသင့်တယ်လို့ ခူးသဲရယ်က ဆက်ပြောပါတယ်။

ခူးသဲရယ်က ” သူတို့ ရှေ့ဆက် အသက်ရှင်နေထိုင်ဖို့ ကူညီပေးတာတွေ အပြည့်အစုံရှိတာ မတွေ့ဖူးသေးဘူး”လို့ ပြောပါတယ်။

ဒီလို မသန်စွမ်းသူတွေရဲ့ ပညာဆည်းပူးလေ့လာခွင့်တွေ ၊ အခွင့်အရေး၊ တန်းတူညီမျှခွင့်၊ အလုပ်အကိုင် အခွင့်အရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုတွေကို လုပ်ပေးသင့်သလို အစိုးရအနေနဲ့လည်း မသန်စွမ်းသူတွေအတွက် တာဝန်ယူ လုပ်ဆောင်ပေးသင့်တယ်လို့ ဦးဗညားက ပြောပါတယ်။

ဦးဗညားက “မသန်စွမ်းတဲ့သူတွေ စာရင်းကို သေချာကောက်ဖို့လိုအပ်တယ်။ ကောက်ယူတဲ့နေရာမှာလည်း မြို့ပေါ်ကိုပဲ ကောက်တာမဟုတ်ဘဲ ကျေးလက်အထိ သွားကောက်ဖို့လိုတယ်။ ဒီအချက်အလက်တွေ ကျနော်တို့ ရှိဖို့လိုတယ်။ ဒီ အချက်အလက်တွေလုပ်တဲ့နေရာမှာလည်း သူတို့ကိုယ်တိုင်မနိုင်ဘူးဆိုရင် ကျနော်တို့ ဒီမှာရှိတဲ့ အရပ်ဖက် အဖွဲ့တွေ အစုဖွဲ့တွေ ဝိုင်းပြီးတော့မှ ပံ့ပိုးပေးလို့ရတယ်။ ဒါက အစိုးရရဲ့ တာဝန်တစ်ခုလို့ မြင်တယ်။”လု့ိ ပြောပါတယ်။

ဒေါ်စေးလာကတော့ သူ့သမီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန်အထိ အခက်အခဲရှိပေမယ့် ကျောင်းပြီးသွားလို့ အလုပ်ရှာချိန်မှာ ကန့်သတ်ချက်တွေကြောင့် အခွင့်အရေး ဆုံးရှုံးသွားမှာကို စိုးရိမ်ကြောင်း ပြောသွားပါတယ်။

ဒေါ်စေးလာ “စိုးရိမ်မှုတွေရှိနေတယ်။ အလုပ်တွေရအောင်ပေါ့။ သန်စွမ်းသူတွေလို အခွင့်အရေးတန်းတူရရင်တော့ စိုးရိမ်စရာ မရှိဘူးလေ”လို့ ပြောပါတယ်။

Save

Comments

comments

Next Post

၂၀၁ရ ကနာ္တရဝတီတိုင်း(မ်) သတင်းစာ

Mon Apr 10 , 2017
  Comments comments