spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သဘာဝပတ်ဝန်းကျင် အခြေအနေ အဆိုးဆုံးစာရင်းတွင် ကယားပြည်နယ်ပါရှိ

Author

Date

Category

ဒွေးအယ်ခူ

ကယားပြည်နယ် သဘာဝပတ်ဝန်းကျင် အခြေအနေသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် အဆိုးဆုံးတွင် ရှိနေကြောင်း ၂၀၁ရ ခုနှစ် ပတ်ပန်းကျင်ရေးရာပြည်သူ့စစ်တမ်းအရ သိရသည်။

ကယားပြည်နယ်တွင် အများဆုံးဖြစ်ပွားနေသော ပတ်ဝန်းကျင်ဆိုင်ရာ အဓိကပြဿနာများသည် မြေယာသိမ်းဆည်းခံရခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် သတ္တုတူးဖော်ခြင်း တို့ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

“သစ်ထုတ်သွားတဲ့နေရာတွေမှာ သစ်ပင်တွေပြန်မစိုက်ပျိုးတာတို့၊ ပျက်စီးသွားတဲ့မြေတွေကို ပြန်လည်ပြီးပြုပြင်တာတို့ အဲဒါတွေမလုပ်တဲ့အတွက်ကြောင့် ပတ်ဝန်းကျင်အခြေအနေပိုဆိုးလာတာလို့ ထင်တာပေါ့။” ဟု ကယားပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်လှုပ်ရှားနေသူ ကိုဒီးဒီက ပြောသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ပတ်ဝန်းကျင်အခြေအနေများကို လေ့လာဆန်းစစ်ရာတွင် ကယားပြည်နယ်သည် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအများဆုံးနှင့် သတ်မှတ်အဆင့်၏ နောက်ဆုံးအဆင့် ၁၂ တွင်တည်ရှိနေကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ရေးသားပြုစုသည့်  မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက်(၂၀၁၇)  အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ သဘာဝပတ်ဝန်းကျင်အခြေအနေကို လေ့လာဆန်းစစ်မှုပြုလုပ်ရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် လူထုအခြေပြုအဖွဲ့အစည်းများဖိတ်ခေါ်ကာ ပတ်ဝန်းကျင်အခြေအနေ တိုင်းတာနိုင်သည့် အချက် ၅၉ မျိုးနှင့် လေ့လာဆန်းစစ်ခဲ့သည်ဟု သိရသည်။

တောတောင် ရေ၊ လေ၊ မြေ၊ သစ်တော၊ သစ်ပင်၊ တောတိရစာ္ဆန်များ၏ အခြေအနေ များကိုလေ့လာရာတွင် အမှတ်အားနည်းနေခြင်း ၊ ပတ်ဝန်းကျင်အခြေအနေ ပိုပြီးဆိုးဝါးမှု ဖြစ်စေသည့် တွန်းအားများ ၊ ဖိအားများ နှင့် သက်ဆိုင်ရာအစိုးရမှ မည်ကဲ့သို့ တုံ့ပြန်သည်ဆိုသည့်အချက်ကို ကြခြင်း  အရပ်ဖက်အဖွဲ့များ၊ ပြည်သူများနှင့် ပတ်ဝန်းကျင်ရေးရာကို စီမံခန့်ခွဲရာတွင် ပါဝင်ခွင့်၊ ပူးပေါင်းခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် အစရှိသည့် အချက်များကို လေ့လာရာတွင် အားနည်းသည့်အတွက်ကြောင့် ကယားပြည်နယ်သည် အောက်ဆုံးအောက်ပိုင်းမှာ ရောက်နေခြင်းဖြစ်သည်ဟု စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း Program Director ဦးလွင်မောင်မောင်ဆွေက ကန္တာရဝတီတိုင်း(မ်)ကို ရှင်းပြပါသည်။

“အကြမ်းဖျင်းပြောရရင်တော့ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်ခွင့်အားနည်းတာတို့၊ သက်ဆိုင်ရာအစိုးရဌာနအနေနဲ့ ပတ်ဝန်းကျင်ရေးရာတွေကို စီမံခန့်ခွဲတဲ့နေရာမှာအားနည်းတာတို့ အဲဒါတွေအားနည်းတဲ့အတွက်ကြောင့် အမှတ်နည်းရခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ရတယ်။” ဟု ဦးလွင်မောင်မောင်ဆွေက ပြောပါသည်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN) ၏ ၂၀၁၂ ခုနှစ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရာ အကြီးစားစီမံကိန်းများနှင့် ပတ်သက်၍လည်းကောင်း ၊ သံယံဇတဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍လည်းကောင်း ၊ သစ်ထုတ်လုပ်မှုများနှင့် ပတ်သက်၍လည်းကောင်း ဆန်းစစ်ချက်များပြုလုပ်ခဲ့ရာ ၎င်းအခြေအနေများကြောင့် ကယား(ကရင်နီ)ပြည်နယ်သည် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ခြိမ်းခြောက်ခံနေရပြီးဟု ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

KCSN၏ ထုတ်ပြန်ကြေငြာချက်ထဲတွင် ၁၉၉၅ ခုနှစ် ကတည်းကစ၍ ထူးကုမ္မဏီနှင့် ကယားဖူးကုမ္မဏီတို့သည် ကယားပြည်နယ်မှ သစ်များထုတ်ယူရန် နဝတ အစိုးရက အဓိက ပါမစ် ( Permit) ရထားသည်။ ထူးကုမ္မဏီကို စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သည့် ဦးတေဇက ပိုင်ပြီး ကယားဖူးကုမ္မဏီကို ဒေသခံစီးပွားရေးသမား ဦးကြည်စိန်က ဦးဆောင်ကာ သစ်လုပ်ကွက်များရှိ သစ်များကို မြန်မာ့သစ်ထုတ်လုပ်ရေး ဟူသောအမှတ် တံဆိပ်များဖြင့် ရိုက်နှိပ်ထားသဖြင့် သစ်များအားလုံးကို အစိုးရပိုင်ကြောင်း ပြထာသည်ဟု ပါရှိပါသည်။

၁၉၉၅ ခုနှစ် မတိုင်မီအချိန်တွင် ထိုင်းနယ်စပ်ရှိ မြန်မာသစ်များကို ထိုင်းကုမ္မဏီများက သစ်ထုတ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ကြသည်။ သို့သော် နဝတ အစိုးရတပ်ထိုးစစ်ဆင်မှု အပြီး KNPP ခြေကုပ်စခန်း များသိမ်းပိုက်ထိန်းချုပ်ပြီးနောက်တွင် သံလွင်မြစ်နှင့် ပွန်ချောင်းအရှေ့ဘက်ရှိ သစ်တောများကို မြန်မာသစ်ကုမ္မဏီများက အစားထိုးကာ ကျွန်းနှင့် သစ်မာများကို စတင်ခုတ်ယူခွင့်ပြု လာပါတော့သည်။

ခန့်မှန်းချေ ၁၉၉၆ ခုနှစ် အတွင်း သစ်ထုတ်လုပ်မှု တန်ပေါင်း(၁၀၀၀၀၀)ကျော်ထုတ်ယူခဲ့ပါသည်ဟု လည်း KCSN၏ ထုတ်ပြန်ကြေငြာချက်ထဲတွင် ဖော်ပြပါရှိထားပါသည်။  

သို့ဖြစ်၍ ဗမာတပ်မတော်နှင့် ၎င်းတို့ခရိုဏီများသည် ကရင်နီပြည်နယ်ရှိ သစ်များကို ၁၉၉၅ ခုနှစ်ကတည်းက ယနေ့အချိန်ထိ စိတ်ကြိုတ်ခုတ်ယူ ရောင်းချနေကြပြီး NLD အစိုးရ သစ်လက်ထက်တွင် သစ်ထုတ်လုပ်မှုကို ဩဂုတ်လ ၂၀၁၆ ခုမတ်လ ၂၀၁ရ ခုနှစ်အထိ တားမြစ်လိုက် သော်လည်း လိုက်နာခြင်းမရှိခဲ့ပါဟု KCSN ထုတ်ပြန်ချက်အရ သိရှိရပါသည်။

တစ်ဖက်မှာလည်း ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ တွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လုပ်မှု)လမ်းညွှန်ချက်များ ဆွေးနွေးခြင်း၊ NGO/CSOs အဖွဲ့များအပါအဝင် ဌာနများနှင့် ပူးပေါင်းပညာပေးဆွေးနွေးခြင်း၊ စက်ရုံ အလုပ်ရုံများ၊ စီမံကိန်းလုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်လျှက်ရှိကြောင်း ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဆွေထံမှ တဆင့် သိရပါသည်။

spot_img
spot_img

Recent posts