ကျော်စိုးသူ (လွှတ်တော်) Economics Development ရေးသားသည်။
လက်ရှိမြန်မာပြည်တွင် ကျင့်သုံးနေသော ဘတ်ဂျက်စနစ်တွင် ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်ဟူ၍ နှစ်မျိုး ရှိပေသည်။ ပြည်ထောင်စုဝန်ကြီးဌာန အများစုမှာ ပြည်ထောင်စုဘတ်ဂျက်တွင် ပါဝင်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်တွင်တော့ ဌာန အနည်းငယ်သာ ပါဝင်ကြတာကို တွေ့ရပေသည်။
ထိုသို့ ပြည်ထောင်စုနှင့် ဒေသ ဘတ်ဂျက်ပါ ဌာနများခွဲဝေသတ်မှတ်ထားမှုမှာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁) ၊ (၂) အရလည်း မဟုတ်ပဲ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ခွဲဝေပေးမှုအရသာ ဖြစ်နေသည်ကို တွေ့ရပေသည်။ အထူးသဖြင့် ရငွေ ရှာနိုင်သော၊ လုပ်ပိုင်ခွင့် ရှိသောဌာနအများစုကို ပြည်ထောင်စုဘတ်ဂျက်အောက်တွင်ထားတာ ရငွေမရှာနိုင်သော၊ လုပ်ပိုင်ခွင့် သိပ်မရှိသော ဌာနမျိုးကိုသာ ဒေသဘတ်ဂျက်အောက်သို့ ပေးပို့ လိုက်ကြခြင်း ဖြစ်ပေသည်။
ဤကဲ့သို့ စတင်ဖွဲ့စည်းတည်ဆောက်ခံခဲ့ရသော ဒေသဘတ်ဂျက်စနစ်များမှာ ၈ နှစ်ကျော်လာသည့်တိုင် မပြောင်းလဲပဲ ရှိနေသည်ကလည်း ဗဟိုချုပ်ကိုင်မှုလျော့ချရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အားရစရာ မရှိတာကို တွေ့ရပေသည်။ အထူးသဖြင့် သက်ဆိုင်ရာ ဌာနအသီးသီး၏ ညွှန်ကြားရေးမှူးချုပ်များ၏ အပြောင်းအလဲနှင့် ဘတ်ဂျက်စနစ်အပေါ် သိနားလည် ပြောင်းလဲချင်စိတ်ကသာ အဓိက ကျပေသည်။
သဘာဝဘေးနှင့် ပတ်သက်၍လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်တွင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကို အသစ်တိုးချဲ့ ဖွဲ့စည်းခဲ့သလို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအရအသုံးခန့်မှန်းခြေငွေစာရင်း တွင်လည်း သဘာဝဘေးလျော့ပါးရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးလုပ်ငန်းစဉ်များအတွက် လျာထားငွေကျပ်သန်း ၁၀၆၅၂.၁၅၉ လျာထားပေးခဲ့တာကို တွေ့ရပေသည်။
ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်များတွင်လည်း သဘာဝဘေးအတွက် ရန်ပုံငွေများ သီးခြားလျာထားဆောင်ရွက်နေတာကို တွေရပေသည်။ ကယားပြည်နယ်၏ ၂၀၁၈-၂၀၁၉ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင်လည်း သဘာဝဘေးကာကွယ်ခြင်းအတွက် ကျပ်သန်း ၃၀ဝ လျာထားတာကို တွေ့ရပေသည်။ ထိုရန်ပုံငွေများသည် သဘာဝဘေး ဖြစ်လာလျှင် သုံးစွဲနိုင်သလို ကြိုတင်ကာကွယ်ရေးအတွက်လည်း သုံးစွဲနိုင်မှာ ဖြစ်ပေသည်။
သဘာဝဘေးနှင့် ပတ်သက်၍ နောက်ထပ် သုံးစွဲနိုင်သော ဘတ်ဂျက်များ ရှိပါသေးသည်။ အရေးပေါ်ရန်ပုံငွေ ဖြစ်ပြီး နှစ်စဉ် ဘီလျှံ ၁၀ဝ လျာထားတာဖြစ်ပေသည်။ အရေးပေါ်ရန်ပုံငွေကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး / ပြည်နယ် အစိုးရများမှ တင်ပြတောင်းခံနိုင်ပြီး အထူးသဖြင့် သဘာဝဘေးဒဏ်များနှင့် ဆိုင်သော ကိစ္စ ရပ်များအတွက် အသုံးများကြပေသည်။ ထိုရန်ပုံငွေကို လာမည့် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်တွင် ဒေသအစိုးရများသို့ ခွဲဝေပေးမည့် အစီအစဉ်များကို တွေ့ရပေသည်။
သဘာဝဘေးဒဏ်ခံရသော ဒေသများအတွက် အင်မတန် ထိရောက်အဆင်ပြေမည်ဖြစ်သော်လည်း သဘာဝဘေးအန္တရာယ်နည်းပါးသော ဒေသများအတွက် ထိုခွဲဝေပေးသော ငွေပမာဏမှာ မနည်းပေ။
မသုံးဖြစ်ပါက ဥပဒေစည်းမျဉ်းစည်းကမ်း အတိုင်း ပြန်လည်အပ်နှံစေဖို့ ဆောင်ရွက်သင့်ပေသည်။ သို့မဟုတ် ပါက ထိုငွေများရန်ပုံငွေလွှဲသုံး၍ မကုန်ကုန်အောင် သုံးမည့် ဒေသအစိုးရများကြောင့် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေကို ထိခိုက်စေမှာ ဖြစ်ပေသည်။
ထိုရန်ပုံငွေကို ရန်ပုံငွေမလွှဲနိုင်သည့် ဥပဒေပါ စည်းကမ်းများကိုပါ ဒေသအစိုးရများသို့ ငွေနှင့်အတူ ပေးပို့ သင့်ပေသည်။ သို့မဟုတ်ပါကထိုငွေများကို ဘတ်ဂျက်ပိတ်ကာနီး ၃ လအလို ပိုလျှံပြန်အပ်ချိန်တွင် အအပ်ပြပြီး GRF မှ အကုန်ပြန်တောင်းသုံးနိုင်သည့် ဒေသအစိုးရများ၏ လုပ်ပိုင်ခွင့်ကြောင့် အမှန်တကယ် သဘာဝဘေးကြုံလာချိန်တွင် သုံးစရာဘတ်ဂျက်မရှိသည့် အဖြစ်မျိုးနှင့် ကြုံတွေ့ရနိုင်ပေသည်။
ပြည်ထောင်စုမှ ဒေသအစိုးရများသို့ ဖယ်ဒရယ်အရ ဘဏ္ဍာရေးဗဟိုချုပ်ကိုင်မှုများ လျော့ချကာ သဘာဝဘေးရန်ပုံငွေအတွက် ခွဲဝေပေးခြင်းဟာ လက်တွေ့တွင် အမှန်တစ်ကယ် ထိရောက် အကျိုးဖြစ်ထွန်းမည်ဖြစ်သလို အခြားတစ်ဖက်တွင်လည်း ထိုရန်ပုံငွေနှင့် ပတ်သက်သည့် ဥပဒေ ၊ စည်းမျဉ်းစည်းကမ်းတွေ ကိုလည်း လိုက်နာဆောင်ရွက်စေဖို့နဲ့ အရေးယူအပြစ်ပေးဖို့ကိုလည်း ဆောင်ရွက်ရန် လိုမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ယခုကာလတွင် သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသော မွန် ဒေသ၏ ဘတ်ဂျက်တွင် သဘာဝဘေးအန္တရာယ် အတွက် မည်မျှ လျာထားသည်ကို ထုတ်ပြန်ကြေငြာတာ မတွေ့ရပေ။ ပြည်ထောင်စုဘတ်ဂျက်၏ အရေးပေါ် ရန်ပုံငွေမှသာ ကျခံသုံးစွဲနေသည့် သတင်းများကိုသာ တွေ့ရပေသည်။ အဆိုပါ အဖြစ်သည် ဖယ်ဒရယ်ဘဏ္ဍာရေးစနစ်အတွက် စိန်ခေါ်မှုပင်ဖြစ်ပြီး လာမည့်ဘတ်ဂျက်နှစ်တွင်မူ အဆိုပါ သဘာဝဘေးရန်ပုံငွေများအား ဒေသအစိုးရများမှ စီမံခန့်ခွဲအသုံးချမှုကပင် အဖြေဖြစ်လာဖွယ် ရှိပေသည်။
စနစ်တိုင်းတွင် ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေသလို ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းတွင်လည်း အားသာချက်၊ အားနည်းချက်များ ရှိပေသည်။
လူသားအရင်းအမြစ်စွမ်းဆောင်ရည် နိမ့်ပီး ဗဟိုချုပ်ကိုင်မှုစနစ်အောက် အသားကျခဲ့သော မြန်မာနိုင်ငံအနေဖြင့် ဖယ်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျော့ချရေးမှာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုအားသာနိုင်ပေသည်။
အချုပ်အားဖြင့်ဆိုသော် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ဖြစ်သော သဘာဝဘေးအန္တရာယ် များကြုံတွေရခြင်းများမှာ နောက်ပိုင်းကာလများတွင် ပိုမိုကြုံတွေ့လာနိုင်ပေသည်။ ထိုသဘာဝဘေးအန္တရာယ်များကို လက်တွေ့ရင်ဆိုင်ရမည့် ဒေသအစိုးရများ အနေဖြင့် မိမိတို့၏ ဘတ်ဂျက်များတွင် ကြိုတင်ကာကွယ်ရေး အတွက်လည်း လျာထားနိုင်ကြမှာ ဖြစ်သလို ဘတ်ဂျက်လျာပြီးသည်နှင့်လည်း မိမိပိုင်ငွေကဲ့သို့ ထင်ရာမသုံးစွဲဖို့နဲ့ ပြည်သူ့ဘဏ္ဍာငွေများဖြစ်သည်ကို သတိချပ်ဖို့ လိုမှာဖြစ်ပေသည်။
သို့မှသာ ဖယ်ဒရယ်အရ ခွဲဝေထောက်ပံ့ပေးသည့် ပြည်သူ့ဘဏ္ဍာများ လေလွင့်မှုနည်းမှာ ဖြစ်ပြီး သဘာဝဘေးဒဏ်ကြုံတွေ့ခံစားနေရသော ပြည်သူများအတွက်လည်း များစွာအကျိုးကျေးဇူး ဖြစ်ထွန်းမှာ ဖြစ်ကြောင်း မီးမောင်းထိုး ရေးသားတင်ပြလိုက်ရပေသည်။