spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သိထားသင့်သော သားဆက်ခြားနည်း (သို့မဟုတ်) သန္ဓေတားနည်းများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ဖို့နဲ့ သားသားမီးမီးတွေယူဖို့ စိတ်အဆင်သင့်မဖြစ်မှုတွေနဲ့ ရောဂါအခံရှိသူတွေအတွက် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိခြင်းဟာ ရှိပြီးသားရောဂါအခံတွေ ပိုဆိုးစေသလို ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ရင်သွေးငယ်ကိုပါ ဆိုးကျိုးဖြစ်စေတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဖျက်ချခြင်းက အမျိုးသမီးအတွက် စိတ်ရောကိုယ်ပါ ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ အမျိုးသမီးတဦးဟာ သန္ဓေတားခြင်းကို အတိုင်းအတာတခုအထိ မှန်ကန်တဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။

လက်ရှိဈေးကွက်မှာ ကိုယ်ဝန်သန္ဓေတားဆေး(ထိုးဆေး/စားဆေး) နဲ့ သားဆက်ခြားနည်းတွေ ရွေးချယ်စရာ များစွာရှိပါတယ်။ ကိုယ်ဝန်သန္ဓေတားနည်းတွေကို ရွေးချယ်တော့မယ်ဆိုရင် မိမိရဲ့အခြေအနေ၊ ရောဂါအခံတွေအပေါ်မူတည်ပြီး ဘယ်နည်းလမ်းက အဆင်ပြေဆုံးဖြစ်မလဲဆိုတာကို နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကြံပြုချက်ကို လိုက်နာဖို့လိုပါတယ်။

အမျိုးသမီးအတွက် သန္ဓေတားခြင်းနည်းများ

အမျိုးသမီးများအတွက် သ‌န္ဓေတားနည်း များစွာရှိတဲ့အထဲမှာမှ သဘာဝနည်းဖြင့် သန္ဓေတားခြင်းအပြင်၊ နေ့စဉ်သောက်ဆေး၊ အရေးပေါ် သောက်ဆေး၊ သုံးလခံထိုးဆေး၊ အမျိုးသမီးသားအိမ်အတွင်း ပစ္စည်းထည့်ခြင်း၊ လက်မောင်းတွင်း ပစ္စည်းထည့်ခြင်း နဲ့ သားကြောဖြတ်ခြင်း စတာတွေကို အသုံးပြုကြပါတယ်။

အဆိုပါ သန္ဓေတားခြင်းနည်းလမ်းတွေဟာ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် အန္တရာယ်ကင်းပြီး မိမိနဲ့သင့်တော်ရာကို ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတဦးနဲ့ တဦးမှာ ဟော်မုန်း အပြောင်းအလဲတွေ မတူညီတာကြောင့် မိမိရဲ့ ရောဂါအခံ ရှိ၊ မရှိနဲ့ မိမိနဲ့ သင့်တော်တဲ့နည်းလမ်းတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ သေချာဆွေးနွေးပြီး အသုံးပြုရမှာဖြစ်ပါတယ်။

အရေးပေါ် သောက်ဆေးဖြင့် သန္ဓေတားခြင်း

အရေးပေါ်တားဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီးတဲ့နောက် (ဒါမှမဟုတ် ) ပုံမှန်သုံးနေကျ သန္ဓေတားနည်းတခုခု ချို့ယွင်းသွားတဲ့အခါ သောက်ရတဲ့ဆေးဖြစ်ပါတယ်။ အဆိုပါဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး (၇၂) နာရီအတွင်း သောက်လို့ရတယ် ဆိုပေမဲ့ စောစောသောက်နိုင်ရင် ဆေးအာနိသင်ပိုရနိုင်တာ ဖြစ်ပါတယ်။

အရေးပေါ် သောက်ဆေးဖြင့် သန္ဓေတားခြင်းဟာ အရေးပေါ်မှသာ သောက်သင့်တဲ့ ဆေးတမျိုးဖြစ်ပြီး၊ မကြာခဏ သောက်မိရင် ရာသီစက်ဝန်းကို အပြောင်းအလဲဖြစ်စေနိုင်သလို၊ သန္ဓေတားနိုင်စွမ်းကိုပါ လျော့ကျပြီး၊ ရေရှည်အသုံးပြုမယ်ဆိုရင် ဆေးအာနိသင် ပျက်ပြယ်သွားနိုင်ပါတယ်။

ဒါတွေအပြင် ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ စတာတွေ ခံစားရနိုင်ပြီး ရာသီရက်ပြောင်းတာ၊ ရာသီမမှန်တာ၊ ရာသီထိမ်တာ၊ ရာသီစောလာတာတွေ ဖြစ်နိုင်ပါတယ်။

ကွန်ဒုံးအသုံးပြုခြင်းဖြင့် သန္ဓေတားခြင်း

ကွန်ဒုံးမှာ အမျိုးသားသုံး၊ အမျိုးသမီးသုံး Condom (ကွန်ဒုံး) ဆိုပြီး နှစ်မျိုးရှိပေမဲ့ အမျိုးသား Condom (ကွန်ဒုံး) က ပိုမိုအသုံးပြုရလွယ်ကူပြီး လက်ရှိ အများဆုံးအသုံးပြုနေတဲ့ နည်းဖြစ်ပါတယ်။

ကွန်ဒုံးကို စနစ်တကျအသုံးပြုရင် ကိုယ်ဝန်မရအောင် ကာကွယ်နိုင်သလို လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ တခုတည်းသောနည်းလမ်း ဖြစ်ပါတယ်။

နေ့စဉ်တားဆေးကဒ်သောက်ခြင်းဖြင့် သန္ဓေတားခြင်း
နေ့စဉ်တားဆေးကဒ်သောက်ပြီး သန္ဓေတားနည်းကို အသုံးပြုမယ်ဆိုရင် အဆိုပါဆေးကို နေ့စဉ်အချိန်မှန် မပျက်မကွက် သောက်ပေးရမှာဖြစ်ပါတယ်။
ဒီနည်းကတော့ အသုံးပြုရအလွယ်ကူဆုံးဆိုပေမဲ့ အဝလွန်တဲ့သူ၊ ဆေးလိပ်သောက်တဲ့သူ၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ ရင်သားကင်ဆာ စတဲ့ရောဂါအခံရှိတဲ့သူတွေနဲ့ ကလေးမွေးပြီးခါစအမျိုးသမီးတွေမှာ အသုံးပြုရင် ဘေးထွက်ဆိုးကျိုးရှိနိုင်တယ်လို့ သိရပါတယ်။

(၃) လခံ ထိုးဆေးအသုံးပြုပြီး သန္ဓေတားခြင်း
(၃) လခံ တားဆေးကတော့ တားဆေးထိုးမယ်ဆိုရင် ဆရာဝန် (သို့မဟုတ်) ဆေးလုပ်သားတွေဆီကနေ ကိုယ်ဝန်မရှိကြောင်းအတည်ပြုပြီးမှ ဆေးထိုးရမှာဖြစ်ပြီး၊ နောက်တကြိမ် ထပ်မံပြန်ထိုးရမယ့်နေ့ကို မှတ်သားထား ရမှာ ဖြစ်ပါတယ်။ ဒါမှ စိတ်ချရသော ကိုယ်ဝန်တားနည်းဖြစ်စေမှာ ဖြစ်ပါတယ်။
နှလုံးရောဂါ၊ အသည်းရောဂါ၊ ရင်သားကင်ဆာ၊ ဆီးချိုသွေးချို စတဲ့ရောဂါအခံရှိသူတွေ နဲ့ ကိုယ်ဝန်ရှိတယ်လို့ မိမိကိုယ်မိမိထင်ရတဲ့အချိန်မှာ (၃) လခံထိုးဆေးကို အသုံးမပြုသင့်ပါဘူး။ (၃) လ ခံ ထိုးဆေးဟာ သွေးအားနည်းတဲ့ အမျိုးသမီးအတွက် အသင့်တော်ဆုံး သန္ဓေတားနည်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဆေးရဲ့ ကောင်းကျိုးတွေကတော့ နို့တိုက်မိခင်တွေ အသုံးပြုနိုင်ပြီး၊ (၃) လ တခါ လွယ်ကူစွာထိုးနိုင်တာကြောင့် သန္ဓေတားဆီးခြင်းကို အာနိသင်အပြည့်အဝကာကွယ်ပေးသလို သားအိမ်ကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာလရှည်ကြာအသုံးပြုမယ်ဆိုရင် အရိုးကိုထိခိုက်စေနိုင်ပြီး အရိုးပါးနိုင်ချေ များတာ၊ ရာသီလာခြင်း မူမမှန်တာ၊ ခေါင်းကိုက်တာ၊ ဝက်ခြံထွက်တာအပြင် အလေးချိန်တက်လာနိုင်ပါတယ်။

အမျိုးသမီးလက်မောင်းတွင်း ပစ္စည်းထည့်ခြင်းဖြင့် သန္ဓေတားနည်း

အမျိုးသမီးလက်မောင်းတွင်း ပစ္စည်းထည့်ခြင်းဖြင့် သန္ဓေတားနည်း Contraceptive implant ကတော့ လက်မောင်းအောက် အရေပြားထဲကို ဟော်မုန်း (Hormone) ပါတဲ့ အချောင်းလေးထည့်တာ ဖြစ်ပါတယ်။

အဆိုပါ သန္ဓေတားပစ္စည်းဟာ မီးခြစ်ဆံအရွယ်အစားရှိတဲ့ ပျော့ပျောင်းတဲ့ပစ္စည်းဖြစ်ပြီး၊ အသေးစား ခွဲစိတ်မှုနဲ့ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးရတာဖြစ်ပါတယ်။

ဒီနည်းလမ်းရဲ့ ကောင်းကျိုးတွေကတော့ ပစ္စည်းပေါ်မူတည်ပြီး ၃ နှစ်၊ ၅ နှစ် စသဖြင့် နှစ်နဲ့ချီခံပြီး သားဆက်ခြားနိုင်တဲ့နည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၉၉ ရာခိုင်နှုန်းကျော်အထိ စိတ်ချရတဲ့ သားဆက်ခြားနည်း တခုဖြစ်တာကြောင့် ထည့်တဲ့အချိန်မှာပဲ ဆေးခန်းကို သွားရမှာဖြစ်ပြီး ပုံမှန်စစ်ဆေးနေစရာ မလိုတဲ့အပြင် ပစ္စည်းဖယ်လိုက်တာနဲ့ ကိုယ်ဝန် ပြန်ဆောင်နိုင်ပါတယ်။

ဆိုးကျိုးတွေအနေနဲ့ ပစ္စည်းစစခြင်းထည့်ပြီး လအနည်းငယ်မှာ ရာသီမမှန်တာ၊ ရာသီမလာတာ ဖြစ်တတ်ပါတယ်။ ပစ္စည်း ပြန်ထုတ်တဲ့အချိန်မှာ ထည့်တုန်းကအတိုင်း မူလနေရာမှာ ရှိမနေတတ်တာကြောင့် ဖယ်ထုတ်တဲ့အခါ ခက်ခက်ခဲခဲ ရှာရတာမျိုး ရှိနိုင်ပါတယ်။

အမျိုးသမီးသားအိမ်အတွင်း ပစ္စည်းထည့်ခြင်းဖြင့် သန္ဓေတားနည်း

IUCD ကတော့ သားအိမ်ထဲကို ပစ္စည်းထည့်တာဖြစ်ပြီး အမျိုးအစားအလိုက် (၅) နှစ်ကနေ (၁၀) နှစ်အထိ ခံပါတယ်။ ဒီနည်းကတော့ အမျိုးသမီးလက်မောင်းတွင်း ပစ္စည်းထည့်တာနဲ့ အကျိုးသက်ရောက်မှုတွေ တူနေပါတယ်။

သို့ပေမဲ့ သားအိမ်အတွင်းထည့်ရတဲ့ပစ္စည်းဖြစ်တာကြောင့် IUD ထည့်ပြီး ၁လအတွင်းမှာ ပစ္စည်းနေရာလွဲတာ၊ ထွက်ကျလာတာနဲ့ အခြား ဘေးထွက်ဆိုးကျိုးတွေ အများဆုံး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထည့်ပြီး ၁ လ ပြည့်တဲ့အချိန်မှာ မဖြစ်မနေ ဆရာဝန်နဲ့ ပြန်လည်ပြသဖို့ လိုအပ်ပါတယ်။

IUD ထည့်ခြင်းရဲ့ ဆိုးကျိုးကတော့ သားအိမ်ကနေပေါက်ပြီး ပစ္စည်းက ဗိုက်ထဲဝင်သွားတာ ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ ဒီလိုဆိုးကျိုးတွေကို အမျိုးသမီး ၁၀၀၀ မှာ ၁ ယောက်လောက်ပဲဖြစ် နိုင်ခြေရှိတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။

ဒီလိုဆိုးကျိုးရဲ့ လက္ခဏာတွေကတော့ ဗိုက်အောင့် ၊ဗိုက်နာတာတွေ ခံစားရမှာ ဖြစ်ပြီး၊ ပစ္စည်းရဲ့ ကြိုးစလည်း စမ်းလို့ မိတော့မှာ မဟုတ်ပါဘူး။ ဒီလို ဝင်သွားတာမျိုးဖြစ်ခဲ့ရင် ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်ပါတယ်။

သားကြောဖြတ်ခြင်းဖြင့် သန္ဓေတားနည်း

သားကြောဖြတ်ခြင်းဖြင့် သန္ဓေတားနည်းကတော့ ရာသက်ပန်ကိုယ်ဝန်ဆောင်လို့ မရတော့တဲ့ နည်းလမ်းဖြစ်တာကြောင့် သားကြောမဖြတ်ခင်မှာ သေချာဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ထိရောက်တဲ့ သန္ဓေတားနည်းဆိုပေမဲ့ အမျိုးသမီး ၂၀၀ မှာ ၁ ယောက်ဟာ သားကြောဖြတ်ပြီး ကိုယ်ဝန်ရနိုင်တယ်လို့ ဆိုပါတယ်။

သားကြောဖြတ်ခြင်းဟာ အမျိုးသမီးရဲ့ သားဥပြွန်နှစ်ဖက်ကို ဖြတ်တောက်တဲ့ အသေးစား ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ သားကြောဖြတ်တာဟာ ခန္ဓာကိုယ်ရဲ့ သဘာဝ ဟော်မုန်းထုတ်တဲ့ ဖြစ်စဉ်ကို ထိခိုက်မှုမရှိပေမဲ့ ခွဲစိတ်ရတဲ့အတွက် တခြား ခွဲစိတ်မှုတွေလိုပဲ နောက်ဆက်တွဲ ဆိုးကျိုးများ ရှိနိုင်ပါတယ်။

ဒါတွေအပြင် သားကြောဖြတ်ချင်တဲ့ အမျိုးသမီးတွေ အနေနဲ့ မိမိဆန္ဒအတိုင်း သားကြောဖြတ်ပိုင်ခွင့် မရှိဘဲ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ သားကြောဖြတ်လို့ သင့်တော်တဲ့ အမျိုးသမီးရဲ့ အသက်ရွယ် အပိုင်းအခြား (သို့မဟုတ်) ကိုယ်ဝန်ဆောင်ရာမှာ အသက်အန္တရာယ်ဖြစ်ပေါ်နိုင်တဲ့ အမျိုးသမီးတွေမှသာ ဒီနည်းလမ်းကို အသုံးပြုနိုင်တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီနည်းလမ်းကို အသုံးမပြုခင် မိမိတို့ ဇနီးမောင်နှံအနေနဲ့ သေချာဆွေးနွေးတိုင်ပင်ရမှာ ဖြစ်ပါတယ်။


အထက်ပါ ဖော်ပြထားတဲ့ သန္ဓေတားနည်းတွေဟာ အသုံးများတဲ့ နည်းလမ်းတွေဖြစ်ပြီး ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ အမျိုးသမီးတွေအနေနဲ့ မိမိအသုံးပြုလိုတဲ့ နည်းလမ်းကို ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းတွေနဲ့ သေချာဆွေးနွေးပြီးမှ အသုံးပြုရမှာဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်….။

ကိုးကား – NUG MOH website, Hello Sayarwon website.

spot_img
spot_img

Recent posts