spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“သီးခြားလွတ်လပ်ခဲ့သော ကရင်နီပြည်” နှင့် သုံးနှစ်ခရီး “ကရင်နီပြည်ရဲ့ နွေဦးတော်လှန်ရေး”

Author

Date

Category

မော်ဦးမြာ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီမှသည် ကယား၊ ကယားမှသည် ကရင်နီသို့

ကရင်နီပြည်ဟာ သီးခြားလွတ်လပ်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာ ကရင်နီသမိုင်းကို ဖတ်မိသူတိုင်း၊ ကြားဖူးသူတိုင်းက သိရှိကြပါတယ်။ ဗမာပြည်ကို ဗြိတိသျှအစိုးရကနေ ကိုလိုနီပြုခဲ့တဲ့ အချိန်ကာလကတည်းကပင် ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ပြည်နယ်အဖြစ် ရပ်တည်လာခဲ့ပြီး ကိုယ့်မင်းကိုယ့်ချင်းအဖြစ် အုပ်ချုပ်လာခဲ့တဲ့ ပြည်နယ်တစ်ပြည် ဖြစ်ခဲ့ပါတယ်။

၁၉၅၁ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကရင်နီပြည်နယ်ကနေ ကယားပြည်နယ်ကို ပါလီမန်
(ယနေ့အခေါ် လွတ်တော်) မှာ ပြောင်းလဲသတ်မှတ်ခဲ့ကြပြီး ယနေ့အချိန်အထိ မြန်မာနိုင်ငံက တိုင်းရင်းသားတွေသာမက ပြည်ပကလည်း ကရင်နီပြည်နယ်ကို ကယားပြည်နယ်လို့သာ သိရှိလာကြပါတယ်။ ပြောင်းလဲသတ်မှတ်ခဲ့ရတဲ့ သမိုင်းအကျဉ်းတွေကို ကရင်နီနိုင်ငံရေးမှာ ဦးဆောင်သူတွေက စာအုပ်စာပေတွေနဲ့ ပြုစုရေးသားထားကြတာ ရှိပါတယ်။

အခုဆောင်းပါးထဲက ကိုးကားချက်တွေကတော့ လက်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ တဖြစ်လဲ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ဥက္ကဌ ဖြစ်သူ ခူဦးရယ် ရေးသားပြုစုထားတဲ့ အမျိုးသားရေး လှုပ်ရှားမှုနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အခန်းကဏ္ဍတစေ့တစောင်း ဆိုတဲ့ စာအုပ်ဘဲ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်မှာ သီးခြားလွတ်လပ်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တဲ့ ကရင်နီပြည်နယ်ရဲ့ သမိုင်းကြောင်းအသေးစိတ်တွေ၊ တော်လှန်ရေးဖြစ်ပေါ်လာပုံတွေကို ပြည်တွင်း၊ ပြည်ပသာမက ကရင်နီပြည်တွင်းမှာ မှီတင်းနေထိုင်ကြသူတွေဟာ ပိုမိုသိရှိလာကြသလို စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တာကြောင့် အစိုးရရဲ့ ဌာနဆိုင်ရာတစ်ခုမှ CDM ပြုလုပ်လာသူတစ်ဦးက “ကျနော်ကလေ ခေတ်အဆက်ဆက်လို့ ပြောရမှာပေါ့။ မိဘတွေကလည်း အစိုးရဝန်ထမ်းတွေဆိုတော့လေ ကယားပြည်နယ်ဘဲ သိလာတာ။ ဒါတောင် ကျနော်က ကရင်နီမှာမွေးခဲ့တာ။ တခါတလေကျရင်လေ မင်းအောင်လှိုင်ဆိုတဲ့လူကို ကျေးဇူးတင်မိတယ်။ ကျနော့်ရဲ့ အသွေးအသားဖြစ်တဲ့ ကရင်နီဆိုတာကို ဖတ်ခွင့်၊ လေ့လာခွင့်၊ သဘောပေါက်ခွင့်တွေ ရသွားတော့ အခုဆို အားလုံးကို ကျနော်နားမလည်သေးရင်တောင် ကျနော့်ထက် နားလည်သွားတဲ့ ကျနော့်လို CDM သမား ကရင်နီပြည်သားတွေရှိရင် ကျနော်အရမ်းဝမ်းသာတယ်။ လွတ်လပ်တဲ့ ကရင်နီပြည် အမြန်ဆုံးပြန်ရဖို့ ကျနော်လည်း နိုင်တဲ့ကဏ္ဍမှာ ပိုကြိုးစားသွားမယ်။” လို့ ကရင်နီဆိုတဲ့ ဝေါဟာရ နဲ့ပတ်သက်ပြီး ပြောဆိုသွားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ကနေ ကရင်နီပြည်နယ်ဟူသော အမည်နာမသည် ကရင်နီအမျိုးသားများအတွက် လွတ်လပ်ခဲ့သည့် သမိုင်းအထောက်အထားတစ်ခုနှင့် အရေးကြီးသည့် အမည်နာမ တစ်ခုဖြစ်သည့်အတွက် စစ်အာဏာရှင်တွေကနေ ပြောင်းလဲသတ်မှတ်ခဲ့ကြတဲ့ ကယားပြည်နယ် အစား ကရင်နီပြည်နယ် လို့ ပြောင်းလဲသုံးစွဲခေါ်ဝေါ်ပေးကြဖို့ကို သတင်းမီဒီယာ၊ စာနယ်ဇင်းတွေနဲ့ အဖွဲ့အစည်းအင်အားစု အသီးသီးကို အသိပေးချက်တစ်စောင် ထုတ်ပြန်ပြီး အသိပေးခဲ့ပါတယ်။

ကရင်နီအမျိုးသားခုခံတော်လှန်ရေး ဖြစ်ပေါ်လာပုံအကျဉ်းနှင့် ယနေ့ ကရင်နီလက်နက်ကိုင် တော်လှန်ရေး

၁၉၄၈ ဩဂုတ်လ ၉ ရက်နေ့မှာ လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီ ဥက္ကဌ ဂိုဘီတူရီ ရဲ့ ရုံးအခြေစိုက်ဖြစ်တဲ့ ယနေ့အထိ တည်ရှိနေဆဲ မြလဲကျေးရွာမှာ ဖဆပလ အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ ဗမာပူးပေါင်းရေးသမားတစုဟာ စစ်လက်နက်တွေနဲ့ ဝင်ရောက်လာပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ကျုးကျော်တိုက်ခိုက်မှုတွေစတင်ဖြစ်ပွားခဲ့ပြီး ကရင်နီအမျိုးသားတွေအနေနဲ့ ခုခံနိုင်ဖို့အတွက် ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှာ လွတ်လပ်သောကရင်နီပြည်ထောင်စုတပ်မတော် ( United Karenni States Independent Army – UKSIA ) ယနေ့ ကရင်နီပြည်တပ်မတော် – KA ကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါ့ကြောင့် ကရင်နီရဲ့ လက်နက်ကိုင် ခုခံတော်လှန်ရေးဟာ နှစ်ပေါင်း ၇၅ နှစ်ကျော် အထိ ရှိလာပြီဖြစ်ပါတယ်။

ကရင်နီပြည်မှာ နွေဦးတော်လှန်ရေးလို့ခေါ်တဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကနေ ၂၀၂၁ ခုနှစ် မှာ အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ များဖြစ်ကြတဲ့ ကရင်နီပြည်တပ်မတော် KA ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး KNPLF ၊ ကယန်းပြည်သစ်တပ်မတော် KNLA၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ KNPDP၊ ကရင်နီအမျိုးသား သွေးစည်းညီညွတ်ရေး အဖွဲ့ KNSO ( ခေါ် ) ကြယ်ဖြူ စတဲ့ လက်နက်တပ်ဖွဲ့တွေ ရှိနေတာပါ။

လက်ရှိမှာတော့ ကရင်နီပြည်တွင်းက တိုက်ပွဲတွေမှာ ကရင်နီပြည်တပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဦးဆောင်တိုက်ခိုက်နေကြပြီး ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး KNPLF က ၂၀၂၃ ခုနှစ် ဇွန်လ လဆန်းပိုင်းမှာ မယ်စဲ့မြို့မှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း တရားဝင်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ကျန်ရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပူးပေါင်းပါဝင်တဲ့ တိုက်ပွဲတွေလည်းရှိတယ်ဆိုတဲ့ သတင်းကို ကြားသိရပေမယ့် ၎င်းတို့အနေနဲ့ တရားဝင်ထုတ်ပြန်ပြောဆိုထားတာ မရှိသလို ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ကယန်းပြည်သစ်တပ်ဖွဲ့ဝင်တွေထဲက ၁ လေးလုံးစစ်ဆင်ရေးမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်လူထုတွေကို ကယ်ဆယ်ရင်း တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ရတာ ရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနအနေနဲ့ လက်လှမ်းမီသမျှ သိရှိရတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက ကရင်နီပြည်တွင်းမှာ အခြေချပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေမှာ ပါဝင်လှုပ်ရှားနေကြတဲ့ တပ်ဖွဲ့တွေကို လက်လှမ်းမီသမျှ စာရင်းပြုစုရာမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်( KNDF ) ၊ မြို့နယ်အလိုက် ကာကွယ်ရေးတပ်များဖြစ်ကြတဲ့ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Loikaw PDF၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် DMO PDF၊ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် MB PDF၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် Pehkhon PDF၊ ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ် SSRY၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကနေ သက်ဆိုင်ရာ နေရာဒေသအသီးသီးမှာ ပူးပေါင်းပါဝင်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ တခြားသော တပ်ဖွဲ့တွေလည်း ရှိနိုင်ပါသေးတယ်။

လက်နက်ကိုင်တော်လှန်ရေးဖြစ်တာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်ပြီး တော်လှန်ရေးတပ်တွေကနေ ပေးဆပ်မှုတွေဟာ တိုင်းပြည်နဲ့ လူထုအတွက်ဖြစ်တာကြောင့် ဆုံးရှုံးမှုလို့ မခံယူဘဲ အောင်မြင်မှုသာဖြစ်တယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“ကျနော်တို့ဖက်မှာကတော့ အကြီးမားဆုံး ဆုံးရှုံးမှုတော့ မရှိပါဘူး။ ဒါပေမဲ့ ပေးဆပ်မှုတော့ရှိ
တာပေါ့။ ကျနော်တို့က အောင်မြင်မှုဘဲရှိတာပေါ့နော်။ ဆုံးရှုံးမှုတော့မရှိပါဘူး ကျနော်တို့ နယ်မြေစိုးမိုးနိုင်တယ်၊ နောက်ပြီးတော့မှ လူထုအတွက် နောက်ပြီးတော့မှ ပြည်သူအတွက် အသက်ပေးတဲ့လူတွေပေါ့။”

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ နောက်ဆုံးအပတ်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့အထိ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီသမျှနဲ့ ကရင်နီပြည်တပ်မတော် KA ရဲ့ လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ အရာရှိများဖြစ်ကြတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်၊ အရာခံဗိုလ်၊ ဒု – အရာခံဗိုလ်တွေအပါအဝင် ထောင်ဂဏန်းအထိ သေဆုံးခဲ့ကြရသလို ထောင်ဂဏန်းအထိ ထိခိုက်ဒဏ်ရာ ရရှိနေကြပါတယ်။

ကရင်နီပြည်တပ်မတော် KA အနေနဲ့လည်း အသက်ပေးဆပ်ခဲ့ရတဲ့ ဗိုလ်ကြီးနဲ့ ဒု – ဗိုလ်အဆင့်ရှိသူအပါအဝင် တပ်ဖွဲ့ဝင် ၄၀ ကျော်အထိ ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေနဲ့လည်း ကျဆုံးခဲ့ရတဲ့ တပ်ရင်းမှုးအပါအဝင် တပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်အထိ ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အနည်းဆုံး ၂၀၀ ဦးအထိ ရှိတယ်လို့ သိရပါတယ်။ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ် Loikaw PDF မှာ ကျဆုံးသူ ၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ဆယ်ဂဏန်းအထိ ရှိနေတယ်လို့ သိရပါတယ်။

အထက်ပါ စာရင်းများဟာ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမှီသမျှ ခန့်မှန်းခြေရရှိထားတဲ့ အချက်များဖြစ်နေပြီး အသေးစိတ်ကို ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။
ရှေ့တန်းတိုက်ပွဲနယ်မြေထဲကို ရောက်ရှိနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးကတော့…………

“ကျနော်ကတော့ စစ်အာဏာရှင်ပျက်သုဉ်းရေးကို ကျနော့်အသက်ပေးဆပ်လိုက်ရရင်တောင် ဝိညာဉ်နဲ့ ဆက်လက်တော်လှန်သွားမယ်။”

တော်လှန်ရေးအင်အားစုများမှ ထိန်းချုပ်နိုင်သော နေရာများ

တော်လှန်ရေးပူးပေါင်းတပ်တွေကနေ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ နယ်မြေထိန်းချုပ်နိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က အခုလိုပြောပါတယ်။

“ကျနော်တို့ ရာခိုင်နှုန်းလို့ ပြောရရင် ကျနော်တို့ (၈၀) ရာခိုင်နှုန်း၊( ၈၅) ရာခိုင်နှုန်းလို့ ပြောလို့ရပါတယ်”

၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်းမှာ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေကနေ သိမ်းပိုက်ရရှိလာနိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ တပ်စခန်းပေါင်း ၂၀ ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။ စစ်ကောင်စီတပ်ကနေလည်း လေကြောင်းကို အဆမတန် အသုံးပြုတိုက်ခိုက်လာခဲ့ပြီး အနည်းဆုံး အကြိမ်ရေ တစ်ထောင်ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စီးကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ မြို့ပြစစ်ဆင်ရေးတွေကို နှစ်ကုန်ပိုင်းမှာ စတင်ဆင်နွှဲလာခဲ့ကြတာလည်း ယနေ့အထိပါဘဲ။

လွိုင်ကော်မြို့
မြို့တော်လွိုင်ကော်မှာ စတင်ခဲ့တဲ့ ၁ လေးလုံးစစ်ဆင်ရေးဟာလည်း အရှိန်ကောင်းနေဆဲဖြစ်ပြီး လက်ရှိမှာတော့ လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြိုင်အဆိုင် ထိန်းချုပ်နိုင်အောင် ကြိုးစားနေကြပါတယ်။

လွိုင်ကော်မြို့ရဲ့ ထက်ဝက်ကျော်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒကစ၊ ၅၄ တပ်၊ ၃၆၀ အမြောက်တပ်၊ ၂၅၀၊ ၂၆၁ စတဲ့ တပ်ရင်းတွေအပြင် တပ်စွဲနေရာယူထားတဲ့ မင်းစုရပ်ကွက်၊ မီးသတ်ကုန်း၊ ဆေးရုံကုန်း စတဲ့နေရာမှာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး ကျန်နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီးမော့ဆို
ဒီးမော့ဆိုမြို့နယ်မှာ ၄၂၇၊ ၁၀၂၊ ၃၆၀ အမြောက်တပ် ကလွဲပြီး ကျန်နေရာတွေမှာ တော်လှန်ရေးတပ်တွေက အပြည့်အဝ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ၃၆၀ အမြောက်တပ်က စစ်ကောင်စီတပ်သားတွေကတော့ ၁၀၂ တပ်ထဲကို သွားရောက်နေထိုင်ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ရံဖန်ရံခါ လက်နက်ကြီးတွေ ပစ်ခတ်လေ့ရှိပြီး လေကြောင်းကနေ တိုက်ခိုက်မှုကိုတော့ စစ်ကောင်စီတပ်က လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဖရူဆို
ဖရူဆိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းနဲ့ မြို့ပေါ်မှာ အခြေစိုက်တဲ့ ၄၂၈၊ ၅၃၁ တပ်ရင်းနေရာတွေကလွဲပြီး ကျန်တဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

ဘောလခဲမြို့
ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတဲ့ မြို့ဟာ ဘောလခဲမြို့ဖြစ်ပါတယ်။ မြို့နဲ့အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာရှိပြီး စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေခဲ့ကာ ဒေသခံတွေဟာ တိမ်းရှောင်သွားကြတာလည်း ရှိပါတယ်။

လက်ရှိမှာတော့ ဘောလခဲမြို့တွင်းမှာ ဒေသခံ ၅၀ ရာခိုင်နှုန်းအထိ ရှိနေပြီး စစ်ကောင်စီကလည်း အုပ်ချုပ်ရေးကန္တာရားတွေ ယိုယွင်းပျက်စီးနေပေမယ့် ဘောလခဲမြို့မှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လဆန်းပိုင်းမှာ ဒေသခံလူငယ်တွေကို အစိုးရဝန်ထမ်းအဖြစ် ကမ်းလှမ်းခေါ်ယူပြီး ယန္တာရားတွေကို လည်ပတ်နေသယောင် ဌာနဆိုင်ရာ ရုံးတွေကို ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

ဘောလခဲမြို့နယ်ရွာသစ်မြို့
ရွာသစ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ၁ လေးလုံးစစ်ဆင်ရေးစတင်တဲ့ညမှာပင် တပ်ဆုတ်ခွာခဲ့ကြတယ်လို့ ရွာသစ်မြို့ခံတွေက ပြောပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တတိယအပတ်မှာဘဲ ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့နှင့်ဘောလခဲမြို့ အကြားရှိ (၁၂) မိုင်ကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ တိုက်ခိုက် ရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ ထိန်းချုပ်ထားနိုင်ပါတယ်။

ဖားဆောင်း
ဖားဆာင်းမြို့နယ်မှာတော့ ကျေးလက်ဒေသတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်တာ ဖြစ်ပြီး မြို့ပေါ်က ခလရ ၁၃၄ ၊ ခလရ ၁၃၅ တပ်ရင်းတွေ ရှိနေသေးတာပါ။ လက်ရှိမှာလည်း ဖားဆောင်မြို့နယ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မယ်စဲ့မြို့နယ်
မယ်စဲ့မြို့နယ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ မှာ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ သံလွင်အရှေ့ဘက်ခြမ်းတစ်လျှောက်မှာတော့ စစ်ကောင်စီတပ်စခန်းတွေ အားလုံးသိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။ မယ်စဲ့မြို့နယ် စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ လူဦးရေ ၅၀ ကျော် အသက်ပေးခဲ့ရသလို ကိုယ်လက်အင်္ဂါပေးဆပ်ထားရသူတွေလည်း အများအပြား ရှိတယ်လို့ မယ်စဲ့မြို့နယ်အတွင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးဆီကနေ သိရှိရပါတယ်။

ရှားတော
ရှားတောမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကိုတော့ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မြို့တွင်းက ဗျူဟာကုန်းမှာသာ စစ်ကောင်စီတပ်သားတွေ ကျန်ရှိနေတယ်လို့ သိရပါတယ်။ ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာ ၂ ခုရှိပြီး မြို့ပြစစ်ဆင်ရေးကို ဆင်နွှဲနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကနေလည်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်တွေ ကင်းစင်နိုင်ဖို့ ယနေ့အချိန်ထိ တိုက်ခိုက်တော်လှန်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ မြေပြင်ထိုးစစ်ကို ခုခံလာတဲ့ ကရင်နီပြည်နယ်မှာတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ တန်ပြန်ထိုးစစ်တွေကို ပြန်လည်ဆင်နွှဲလာနိုင်ခဲ့ကြပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးမှုဟာလည်း ယခင်ကထက် ပိုမိုရရှိလာတယ်လို့ တော်လှန်ရေးခေါင်းဆောင်တွေက ပြောဆိုထားကြပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်းမှာ ကရင်နီပြည်က ပထမဦးဆုံး အုပ်ချုပ်ရေးကို စတင်ဖွဲ့စည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC လို့ အမည်တွင်ပြီး လက်ရှိမှာတော့ ဌာနဆိုင်ရာအသီးသီး ဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တာရားတွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိးပမ်းနေပါတယ်။ IEC မဖွဲ့စည်းခင်မှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ကို ဖွဲ့စည်းခဲ့ကြပြီး IEC ကတော့ KSCC ရဲ့ နိုင်ငံရေးလမ်းညွန်မှုအောက်ကနေ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

IEC ဖွဲ့စည်းပြီး လပိုင်းအတွင်းမှာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဌာနဆိုင်ရာ ၇ ခုကို ဖွဲ့စည်းပြီးဖြစ်ကာ အုပ်ချုပ်ရေးလုပ်ငန်းတွေကို တချို့သောမြို့နယ်တွေမှာ အကောင်အထည်ဖော်ဆောင်နေပြီး ထပ်မံဖော်ဆောင်သွားနိုင်ဖို့ကိုလည်း ကြိုးပမ်းနေတယ်လို့ IEC ရဲ့ အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

IEC အနေနဲ့ စစ်အာဏာရှင်ပျက်သုဉ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးစတဲ့ ရည်မှန်းချက်တွေအတိုင်း ဦးတည်နေပြီး ပြည်သူလူထုကို အကာအကွယ်ပေးဖို့၊ ဝန်ဆောင်မှုတွေ ပေးဖို့ကိုလည်း ၂၀၂၄ မှာ ပိုမိုလုပ်ဆောင်သွားမယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“၂၀၂၄ကတော့ ကျနော်တို့ နှစ်စဉ်အလိုက်ကတော့ IEC ရဲ့ ရည်ရွယ်ချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကနဦးပြောတဲ့ စစုဖွဲ့ကတည်းကပြောတဲ့ လူထုတွေကို ဝန်ဆောင်မှုပေးမယ်၊ လူထုတွေကို ကာကွယ်မှုပေးမယ်ဆိုတဲ့အပိုင်းတွေကို ကျနော်တို့ ဆက်သွားမယ်” လို့ ဦးဗညားက ပြောပါတယ်။

စစ်ဘေးရှောင် လူထုများ

အာဏာသိမ်းပြီး ၃နှစ်အတွင်း ကရင်နီပြည်မှာ စစ်ရှောင် ၃ သိန်းဝန်းကျင်ရှိနေပြီး စစ်ရှောင်စခန်းပေါင်း ၂၀၀ ကျော်ရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်နီပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်တွေမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနေ့ကစပြီး ယခုအချိန်အထိ ကရင်နီပြည်ရဲ့ အတိုင်းအတာအရ စစ်ဘေးရှောင်ဦးရေ သုံးသိန်းအထိ ရှိလာပါတယ်။ စစ်ဘေးရှောင်နေရသူတွေဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ အများဆုံးနေထိုင်ကြပြီး ထိုင်း – ကရင်နီ နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း စတဲ့နေရာဒေသ အသီးသီးမှာ သွားရောက်ခိုလှုံနေကြပါတယ်။ နေရာဒေသတိုင်းက စစ်ဘေးရှောင်လူထုတွေကတော့ အနည်းဆုံး ၃ ကြိမ် ရွေ့ပြောင်းတိမ်းရှောင်ကြရပါတယ်။ ထိုးစစ်ဆင်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။

စစ်ဘေးရှောင်ဦးရေ သုံးသိန်းဝန်းကျင်ထဲက ထိုင်း – ကရင်နီ နယ်စပ်ဒေသကို ရောက်ရှိခိုလှုံနေပြီး လက်နက်ကြီးကြောင့် အမျိုးသားကို ဆုံးရှုံးထားရသူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက တော်လှန်ရေးအောင်မှ အိမ်ပြန်မယ် လို့ သူက ဆိုပါတယ်။ နယ်စပ်ဒေသကို ပညာသင်ဖို့ ရောက်ရှိလာတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသူတစ်ဦးကလည်း အခုလို ပြောပါတယ်။

“အဖြစ်ချင်ဆုံးဆန္ဒကတော့ ငြိမ်းချမ်းရေးဘဲပေါ့နော။ ပြီးတော့ တရားမျှတမှု တရားမျှတမှုဘဲလိုချင်တယ်။ အားလုံးလိုချင်တယ် အဲ့ဒီဟာက အားလုံးလိုချင်တဲ့ဆန္ဒလို့ ထင်ပါတယ်။ ညီမလည်း အဲ့ဒါဘဲလိုချင်ပါတယ်။ ပြီးတော့ အဲ့ဒီတစ်နေ့ရောက်တဲ့အချိန်ကျရင်တော့ အိမ်ကိုဘဲပြန်ချင်တယ်။”

သီးခြားလွတ်လပ်တဲ့ ကရင်နီပြည် ပြန်လည်ရရှိဖို့ ယခင်ကတည်းက တော်လှန်လာတဲ့ ကရင်နီရဲ့လက်နက်ကိုင် တော်လှန်ရေးဟာ အာဏာသိမ်းလိုက်တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကြောင့် ယနေ့မှာ အင်အားကြီးလာပြီး စစ်အာဏာရှင်ပျက်သုဉ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စိန်ခေါ်မှု၊ အခက်အခဲ၊ လိုအပ်ချက်တွေကြားကနေ ဆက်လက်တော်လှန် တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်။

“ကျနော်တို့ အရင့်အရင်က တော်လှန်ရေးလုပ်တာက ဒီပြည်နယ်ရဲ့ ယခင်က ကျနော်တို့ ကရင်နီပြည်သီးခြားလွတ်လပ်တဲ့ ပြည်နယ်တခုဖြစ်တဲ့အတွက် ကျနော်တို့ ပြန်လည်ရရှိဖို့ ကျနော်တို့ တော်လှန်ရေးလုပ်တာက တပိုင်းပေါ့။ ကျနော်တို့ အင်အားကတော့ သိပ်မရှိဘူး ဒါပေမဲ့ နွေဦးတော်လှန်ရေး ပတ်သက်တော့ တနိုင်ငံလုံးပေါ့ တစ်နိုင်ငံလုံးဆိုတာက ကရင်နီပြည် တစ်ခုထဲ မဟုတ်ဘူးပေါ့ ဗမာနိုင်ငံလုံး တိုက်ခိုက်တော်လှန်တယ်ဆိုတော့ ပိုပြီးတော့အဆင်ပြေလာတယ်၊ အောင်မြင်မယ်၊ နောက်ပြီးတော့မှ ထူးထူးခြား ကွာခြားမှုတော့ရှိတယ်ပေါ့။ အဲ့ဒါက ရှေ့ဆက်ပြီးတော့မှ အောင်မြင်မှု ရရှိဖို့ကတော့ ကျနော်မျှော်လင့်တယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောဆိုသွားပါတယ်။

spot_img
spot_img

Recent posts