spot_img
Thursday, February 9, 2023
spot_img

သီးခြားလွတ်လပ်သော ကရင်နီပြည်မှ မြန်မာပြည်အစိတ်အပိုင်းဖြစ်လာခဲ့ခြင်းနှင့် ကယားပြည်နယ်ဟု အမည်ပြောင်းလဲလာခြင်း

spot_imgspot_imgspot_imgspot_img

ခွန်အသန်း ရေးသားသည်။

ကန္တာရဝတီတိုင်း(မ်)

ဗိုလ်ချုပ်အောင်ဆန်းမြင်းရုပ် လွိုင်ကော်တွင်တည်မည့်ကိစ္စကို အကြောင်းပြု၍ ကယားပြည်နယ်နှင့် ဗိုလ်ချုပ်အောင်ဆန်း ဆက်စပ်မှု ရှိ/မရှိ အပြန်အလှန်ဆွေးနွေးငြင်းခုံမှုများ အွန်လိုင်းပေါ်တွင် ဆူဆူညံညံကြားမြင်နေရသည်။

မြန်မာပြည်၏လွတ်လပ်ရေးဖခင်ဖြစ်၍ ကယားပြည်နယ်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိသင့်သည်ဟု အချို့ကထောက်ခံပြီး ကယားပြည်နယ်သည် သမိုင်းကြောင်းအရ သီးခြား လွတ်လပ်သော ကရင်နီပြည် အဖြစ် တည်ရှိခဲ့သဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် သက်ဆိုင်ခြင်းမရှိဟု တဖက်က ထောက်ပြကြသည်။

ထို့ကြောင့် ယနေ့ကယားပြည်နယ် ဖြစ်နေသော ယခင်ကရင်နီပြည်နှင့် အင်္ဂလိပ်ကိုလိုနီပြုခဲ့သည့် မြန်မာ(Burma – ဗမာ)ပြည်ဆိုင်ရာနှင့် လက်ရှိမြန်မာနိုင်ငံအတွင်း ကယားပြည်နယ်(ကရင်နီပြည်) မည်ကဲ့သို့ ပါဝင်လာခဲ့ရသည်စသည့် သမိုင်းကြောင်းအနည်းငယ်ကို စုစည်း ဖော်ပြလိုပါသည်။

၁။ သီးခြားလွတ်လပ်ခဲ့ကြောင်း နောက်ခံအကျဉ်း နှင့် သက်သေအထောက်အထား

ကယားပြည်နယ် (ကရင်နီပြည်)သည် ရှည်လျားသော ကိုယ်ပိုင်သမိုင်းနောက်ခံဖြင့် တည်ရှိလာခဲ့ခြင်းဖြစ်သည်။

ကယန်း၊ ကယား၊ ကယော စသည့် မျိုးနွယ်များပါဝင်သော ဌာနေတိုင်းရင်းသားများ၏ ကမ်းယံလူမျိုးသည် မြန်မာပြည်နယ်နိမိတ်အတွင်း ဝင်ရောက်မှု၊ ရေကြည်ရာမြက်နုရာ ရွေ့ပြောင်းရင်း ဘောလခဲနယ်၊ ကြယ်ဖိုးကြီးနယ်၊ မိုးဗြဲနယ်၊ နန်းမယ်ခုံနယ်၊ နောင်ပုလဲနယ် နှင့် လွယ်လုံနယ် တို့ ဖြစ်ပေါ်လာပုံ ၊ အရှေ့ကရင်နီဖြစ်ပေါ်လာရာမှ အရှေ့ကရင်နီနှင့် အနောက်ကရင်နီဟူ၍ အစိတ်အပိုင်းနှစ်ခု ပေါ်ထွက်လာပုံ ကရင်နီ စောဖျာတို့ နှင့် ရှမ်းစော်ဘွားဆက်ဆံရေး၊ ရှမ်းယဉ်ကျေးမှု အလေးထားမှု နှင့် မြန်မာဘုရင်တို့နှင့် ဆက်ဆံရေးများကို အလေးအနက် လေ့လာရန်ရှိသည်။

ထိုသမိုင်းနောက်ခံအရ ထိုခေတ်ကာလ၏ အခြားသော လူမျိုးနှင့် ဒေသနည်းတူ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထူထောင်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။

အင်္ဂလိပ်ကိုလိုနီခေတ် ရောက်ရှိလာသည့်တိုင် ကရင်နီပြည်သည် ကိုလိုနီလက်အောက်မကျရောက်ခဲ့ဘဲ သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့သည်ကို အနီးဆုံး သမိုင်းမှတ်တမ်းများတွင် လက်ဆုပ်လက်ကိုင် မြင်တွေ့နိုင်ပါသည်။ ကရင်နီပြည်သည် သီးခြားလွတ်လပ်ခဲ့ကြောင်း ဖော်ပြနိုင်သည့် အနီးဆုံး သမိုင်းမှတ်တမ်း အနည်းငယ်ကို ရှာဖွေကြည့်သောအခါ –

(၁.၁) ကင်းဝန်မင်းကြီး နှင့် ဆာဒေါ့ကလပ် တို့ စာချုပ်

အောက်ဗမာ/မြန်မာ ပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးသည့်နောက် –
မြန်မာသက္ကရာဇ် ၁၂၃ရ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၅ရ ခုနှစ် တွင် ကရင်နီပြည်၏ လွတ်လပ်ရေးကို အသိအမှတ်ပြုသော စာချုပ်ကို အင်္ဂလိပ်လိုချုပ်ဆိုထားပြီး မြန်မာဘာသာပြန်လိုက်သောအခါ –

ကရင်နီပြည်ကို သီးသန့်လွတ်လပ်စွာနေထိုင်ခွင့် ဆက်လက်ပြုရန် တောင်းပန်လွှာပို့ဆက်ခဲ့ရာ မြန်မာဘုရင်မင်းမြတ်သည် မြန်မာနှင့် ဗြိတိသျှ နှစ်ပြည်ထောင်တို့၏ မဟာမိတ်ဆက်ဆံမှု ရှေ့သို့ခိုင်မြဲစေရေးကို ရည်ရွယ်လျက် ကရင်နီပြည်ကို မည်သူကမျှ တန်ခိုးလွှမ်းမိုးချုပ်ချယ်ရေးကို ကျူးလွန်ခြင်းမပြုလုပ်ရန် လိုက်လျောစွာ သဘောတူညီ ခွင့်ပြုတော်မှုခဲ့လေရာ နိုင်ငံခြားရေး ကင်းဝန်မင်းကြီးအား မြန်မာဘုရင်၏ ကိုယ်စားလှယ်တော်အဖြစ်လည်းကောင်း၊ ဆာဒေါ့ကလပ်ဖော့ဆက် အား အိနိ္ဒယဘုရင်ခံချုပ်၏ ကိုယ်စားလှယ်တော်အဖြစ် လည်းကောင်း သဘောတူ မဟာမိတ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

(ပုံ -၁) ကင်းဝန်မင်းကြီး နှင့် ဆာဒေါ့ကလပ် တို့ စာချုပ် အောက်ဗမာ/မြန်မာ ပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးသည့်နောက် – မြန်မာသက္ကရာဇ် ၁၂၃ရ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၅ရ ခုနှစ် တွင် ကရင်နီပြည်၏ လွတ်လပ်ရေးကို အသိအမှတ်ပြုသော စာချုပ်  ကို အင်္ဂလိပ်လိုချုပ်ဆိုထားပြီး မြန်မာဘာသာပြန်လိုက်သောအခါ – ကရင်နီပြည်ကို သီးသန့်လွတ်လပ်စွာနေထိုင်ခွင့် ဆက်လက်ပြုရန် တောင်းပန်လွှာပို့ဆက်ခဲ့ရာ မြန်မာဘုရင်မင်းမြတ်သည် မြန်မာနှင့် ဗြိတိသျှ နှစ်ပြည်ထောင်တို့၏ မဟာမိတ်ဆက်ဆံမှု ရှေ့သို့ခိုင်မြဲစေရေးကို ရည်ရွယ်လျက် ကရင်နီပြည်ကို မည်သူကမျှ တန်ခိုးလွှမ်းမိုး ချယ်ရေးကို ကျူးလွန်ခြင်းမပြုလုပ်ရန် လိုက်လျောစွာ သဘောတူညီ ခွင့်ပြုတော်မှုခဲ့လေရာ နိုင်ငံခြားရေး ကင်းဝန်မင်းကြီးအား မြန်မာ ဘုရင်၏ ကိုယ်စားလှယ်တော်အဖြစ်လည်းကောင်း၊ ဆာဒေါ့ကလပ်ဖော့ဆက် အား အိနိ္ဒယဘုရင်ခံချုပ်၏ ကိုယ်စားလှယ်တော်အဖြစ် လည်းကောင်း သဘောတူ မဟာမိတ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ဟူ၍ ဖြစ်သည်။

(၁.၂) ဖဆပလ ၏ ထုတ်ပြန်ကြေညာချက်နှင့် ကရင်နီပြည်၏ သီးခြားလွတ်လပ်မှု

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာပြည်ကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်သို့လွတ်လပ်ရေးဆွေးနွေးရန် မသွားမီ ရက်ပိုင်းအလို(၁၉၄၆ ၊ ဒီဇင်ဘာလ ၃၁ရက်နေ့)တွင် ဖဆပလအဖွဲ့ချုပ်အနေဖြင့် ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ဗိုလ်ချုပ်အောင်ဆန်းက ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ဗမာပြည်အနေဖြင့် လွတ်လပ်ရေးတောင်းဆိုမည့်ကိစ္စနှင့်စပ်လျဉ်း၍ ချင်း၊ ကချင်၊ ရှမ်း ပြည်တို့၏ အပေါ်သဘောထားများ ဖော်ပြပါရှိသည်။

ထိုထုတ်ပြန်ချက်၏ အပိုဒ်တစ်ခုတွင် –

(၁) ဗမာတို့နှင့်အတူ ရှမ်း၊ ကချင်နှင့် ချင်း တို့အား လွတ်လပ်ရေးပေးရန်၊ ကင်းဝန်မင်းကြီး နှင့် ဗြိတိသျှအစိုးရတို့ချုပ်ဆိုထားသည့် စာချုပ်အတိုင်း ကရင်နီနယ်၏ လွတ်လပ်ရေးကို အသိအမှတ်ပြုပေးရန် ဟူ၍ ပါရှိသည်။

(ထိုထုတ်ပြန်ချက်ပါ ဖော်ပြချက်အရ ထိုစဉ်ခါက ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖဆပလသည် ကရင်နီပြည်သည် သီးခြားလွတ်လပ်သော တိုင်းပြည်ဖြစ် သည်ကို အသိအမှတ်ပြုပြီး ကရင်နီပြည်သည် သီးသန့်လွတ်လပ်သည့်ပြည်ဖြစ်သည်ကို ဆက်လက် အသိအမှတ်ပြု ရမည်ဟု အင်္ဂလိပ်အစိုးရကိုပင် ထပ်မံ သတိပေးလိုက်သည့် သဘောဖြစ်သည်။)

(၁.၃) မြန်မာပြည် နှင့် ကရင်နီပြည် မိတ်ဆက်အဖွဲ့ (ရန်ကုန်မြို့ တွင် ရိုက်ကူးခဲ့သည့် ဓါတ်ပုံ)

၁၉၄၆ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကရင်နီပြည်အစိုးရဖြစ်သော ကရင်နီပဒေါင်ကောင်စီမှ ကိုယ်စားလှယ်များသည် ဗမာပြည်အစိုးရကိုယ်စားလှယ်များနှင့် နှစ်ပြည်ထောင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုတွေ့ဆုံမှုအပြီး ရိုက်ကူးထားသည့် မှတ်တမ်းဓါတ်ပုံတွင် (မြန်မာပြည် နှင့် ကရင်နီပြည် မိတ်ဆက်အဖွဲ့၊ ရန်ကုန်မြို့၊ ၁၉၄၆ခုနှစ် ဧပြီလ ၃ဝ ရက်)ဟု ခေါင်းစဉ်တပ် မှတ်တမ်းတင်ခဲ့ကြသည်။

၁၉၄၆ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကရင်နီပြည်အစိုးရဖြစ်သော ကရင်နီပဒေါင်ကောင်စီ မှ ကိုယ်စားလှယ်များသည် ဗမာပြည်အစိုးရကိုယ်စားလှယ်များနှင့် နှစ်ပြည်ထောင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုတွေ့ဆုံမှုအပြီး ရိုက်ကူးထား သည့် မှတ်တမ်းဓါတ်ပုံတွင် (မြန်မာပြည် နှင့် ကရင်နီပြည် မိတ်ဆက်အဖွဲ့၊ ရန်ကုန်မြို့၊ ၁၉၄၆ခုနှစ် ဧပြီလ ၃ဝ ရက်) ဟု ခေါင်းစဉ်တပ် မှတ်တမ်းတင်ခဲ့ကြသည်။

၂ ။ အင်္ဂလိပ်ကိုလိုနီခေတ် အုပ်ချုပ်ရေးနယ်မြေအစိတ်အပိုင်းများ

မြန်မာနိုင်ငံ၏ နယ်နိမိတ်သည် ယနေ့ရှိနေသည့်အတိုင်း အင်္ဂလိပ်ကိုလိုနီခေတ် နှင့် ရှေးပဝေသဏီဘုရင်ခေတ်အဆက်ဆက် (ပဒေသရာဇ်ခေတ်)ကတည်းက တည်ရှိလာခဲ့သည်ဟု အချို့က အသိလွဲခဲ့ရသည်။

အမှန်အားဖြင့် ယနေ့မြန်မာနိုင်ငံမြေပုံအတွင်းမှ လူမျိုးများသည် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်တောင်ပိုင် /စော်ဘွား/ စောဖျာ စသဖြင့် ကိုယ့်နယ်မြေနှင့်ကိုယ် တည်ရှိလာခဲ့ကြသည်။

အနီးစပ်ဆုံးလှမ်းကြည့်ရာတွင် အင်္ဂလိပ်ကိုလိုနီခေတ်ကို ကြည့်သောအခါ လက်ရှိမြန်မာနိုင်ငံဟုခေါ်ဆိုသည့် နယ်နိမိတ်များကို သိမ်းပိုက်စဉ်ကတည်းက နိုင်ငံတစ်နိုင်ငံကို ဝင်ရောက်သိမ်းပိုက်အုပ်ချုပ်ခဲ့ခြင်းမဟုတ်ပဲ မတူကွဲပြားသည့် နယ်မြေများကို ကိုလိုနီပြုအုပ်ချုပ်ခဲ့ကြောင်း တွေ့မြင်နိုင်သည်။

၂.၁ ။ နယ်မြေစာရင်း

လက်ရှိမြန်မာနိုင်ငံအဖြစ် တည်ရှိနေသော နယ်မြေများကို အင်္ဂလိပ်တို့ ကိုလိုနီပြုအုပ်ချုပ်စဉ်က တည်ရှိခဲ့သော နယ်မြေများမှာ တစ်နိုင်ငံတည်းမဟုတ်ဘဲ သီးခြားစီဖြစ်ပါသည်။

၎င်းတို့မှာ-

(၁) ဗမာပြည် (Burma Proper)
(၂) ချင်းတောင်တန်းဒေသ (The Chin Hill District)
(၃) ကချင်တောင်တန်းဒေသ (Kachin Hills Tracts)
(၄) ပြည်ထောင်စုရှမ်းပြည် (Federated Shan States)
ဟူ၍ ကိုလိုနီနယ်မြေ (၄)ခု ဖြစ်ပြီး
(၅) ကရင်နီပြည် (Karenni States) (လက်ရှိကယားပြည်နယ်)
ကယားပြည်နယ်သည် အင်္ဂလိပ်ကိုလိုနီလက်အောက်မကျခဲ့သည့် ကရင်နီပြည် အဖြစ် သီးခြားလွတ်လပ်စွာ တည်ရှိခဲ့သည်။

အင်္ဂလိပ် – ဗမာ တတိယစစ်ပွဲအပြီး ဗမာ/မြန်မာပြည်ကို ဗြိတိသျှအင်ပါယာထဲ သိမ်းပိုက်လိုက်ကြောင်း ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် တရားဝင်ကြေညာပြီး ထုတ်ပြန်သည့် မြေပုံတွင် ကချင်၊ ချင်း၊ နာဂ၊ ရှမ်းနှင့် ကရင်နီနယ်မြေများ မပါဝင်ခဲ့ပါ။

၃။ လွတ်လပ်ရေးအကြို လှုပ်ရှားမှုများ

ဒုတိယကမာ္ဘစစ်ပွဲအပြီး ကိုလိုနီနယ်မြေများ ပြန်လည်စွန့်လွတ်ရန် စီစဉ်ကြသောအခါ (အက်တလန်တာစာချုပ် – ပုံ-၄) အက်တလီက ဗမာပြည်အနာဂါတ်ရေးအတွက် ဆွေးနွေးရန် ဗမာပြည်ကိုယ်စားလှယ်အဖွဲ့ကို လန်ဒန်သို့ စေလွတ်ရန် ၁၉၄၆ခုနှစ် ဒီဇင်ဘာလတွင် ဖိတ်ခေါ်သည်။

ဖဆပလအဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်ကိုယ်စားလှယ် အဖွဲ့သည် ၁၉၄ရ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အင်္ဂလန်သို့ စတင်ထွက်ခွါပြီး ဗမာပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် တင်ပြခဲ့သည်။

ဗမာပြည်နှင့်အတူ ကချင်၊ ချင်း နှင့် ရှမ်း ပြည်များကိုပါ တပြိုင်တည်းလွတ်လပ်ရေးပေးရန် ဗိုလ်ချုပ်အောင်ဆန်းက တင်ပြသည် ဟုကြားသိရသဖြင့် ရှမ်းစော်ဘွားများကောင်စီက ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ကိုယ်စားလှယ်အဖွဲ့သည် ဗမာပြည်ကိုသာ ကိုယ်စားပြုပြီး ရှမ်းပြည်နှင့် တောင်တန်းဒေသများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း ဗြိတိသျှအစိုးရထံသို့ ကြေးနန်းစာပေးပို့ခဲ့သည်။

ထိုအခါ အင်္ဂလိပ်တို့က ဗမာပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည်ဟူ၍ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗမာပြည် ကိုယ်စားလှယ်များအား ကတိပြုခဲ့သည်။ ထိုကတိပြုချက်ကို ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗြိတိသျှဝန်ကြီးချုပ် ကလီးမင့်ရစ်ချက်အက်တလီတို့ (အောင်ဆန်း-အက်တလီစာချုပ်ကို) စာချုပ်ဆိုခဲ့ကြသည်။

(၃.၁) ဗိုလ်ချုပ်အောင်ဆန်း မြို့လယ်ဓမ္မာရုံ မိန့်ခွန်း

၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် ကရင်နီပြည်ထောင်စုကောင်စီ က ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ပထမဆုံးအကြိမ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကျင်းပရန်စီစဉ်ပြီး ရှမ်းစော်ဘွားများကောင်စီမှ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ ဗြိတိသျှအစိုးရကိုယ်စားလှယ် မစ္စတာစတီဗင်ဆင်၊ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၊ ဗမာပြည်အစိုးရကိုယ်စား ဖဆပလ ဝန်ကြီးချုပ် ဗိုလ်ချုပ်အောင်ဆန်းတို့ကို ချစ်ကြည်ရေးဖိတ်ကြားသည်။

အင်္ဂလန်တွင် လွတ်လပ်ရေးသွားရောက်တောင်းဆိုပြီး ပြန်လည်ရောက်ရှိလာရာမှ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းစော်ဘွားများကို ရှမ်းပြည်၊ တောင်ကြီးမြို့တွင် သွားရောက်တွေ့ဆုံကာ ကရင်နီပြည်၊ လွိုင်ကော်မြို့သို့ ဆက်လက်ထွက်လာခဲ့သည်။ ဒီဇင်ဘာ (၂၃) ရက်နေ့တွင် လွိုင်ကော်မြို့သို့ ရောက်ရှိပြီး (၂၄) ရက်နေ့တွင် ကရင်အမျိုးသားနှစ်သစ်ကူးအခမ်းအနား တက်ရောက်ခဲ့သည်။

ထိုအခမ်းအနားသို့ အထက်ပါ ဖိတ်ကြားသူများနှင့် ကန္တရဝတီနယ်အုပ်၊ ဘောလခဲနယ်အုပ်၊ ကြယ်ဖိုးကြီးနယ်အုပ်၊ မိုးဗြဲနယ်အုပ်များ လည်း တက်ရောက်ခဲ့သည်။

၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက် နေ့လည်တွင် လွိုင်ကော်မြို့လယ်ဓမ္မာရုံ ၌ ဒေသခံလူထုနှင့် တွေ့ဆုံပြီး မိန့်ခွန်း ပြောကြားခဲ့ရာတွင် –

(၁) ဗမာ/မြန်မာပြည်သည် မကြာမှီ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရယူတော့မည်ဖြစ်ကြောင်း၊ အနာဂါတ်တွင် ဗမာပြည်နှင့် ကရင်နီပြည်ကို ပူးပေါင်းစေလိုကြောင်း၊

(၂) ဗမာများသည် အင်္ဂလိပ်ကျွန် မဖြစ်လိုကြသလို တောင်တန်းသားကိုလည်း ကျွန်အဖြစ် မရောက်စေလိုပါ၊ ထိုထက်မက တောင်တန်း ဒေသများက မြန်မာကျွန်မဖြစ်စေလိုသည့်နည်းတူ ကရင်နီပြည်လည်း ဤကဲ့သို့ပင်ဖြစ်စေရမည်ဖြစ်ကြောင်း၊

(၃) ဗမာပြည်နှင့်ပူးပေါင်းရန် ဖိတ်ခေါ်ခြင်းမှာ ဗမာများသည် တောင်တန်းဒေသနှင့် ကရင်နီပြည်ကို ဝင်ရောက်စိုးမိုးလို၍မဟုတ် ဗမာပြည်နှင့် တန်းတူထားမည်၊ တန်းတူအခွင့်အရေး၊ ဓလေ့ထုံးတမ်းမပျက် အုပ်ချုပ်ခွင့်ရှိမည်ဟူသော အချက်(၃)ချက်ကို ကတိပြုပြောကြားခဲ့သည်။

(ထိုမိန့်ခွန်းအရပင်လျင် ဗိုလ်ချုပ်အောင်ဆန်းက ကရင်နီပြည်သည် သီးခြားလွတ်လပ်သော ပြည်ဖြစ်ကြောင်း အသိအမှတ်ပြုပြီး ဗမာပြည်လွတ်လပ်ရေးယူပြီးနောက် ကရင်နီပြည်ကို ပူးပေါင်းရန်ပင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။)

၄ ။ လက်ရှိမြန်မာနိုင်ငံ၏မြေပုံဖြင့် နိုင်ငံပေါ်ပေါက်လာစေသည့် (ပင်လုံညီလာခံ)

– နောက်ခံ

ဗိုလ်ချုပ်အောင်ဆန်း တို့ ဗမာ/မြန်မာပြည်လွတ်လပ်ရေးကို အင်္ဂလိပ်ထံ တောင်းဆိုကြိုးပမ်းသည့် ကာလတွင် ချင်း၊ ကချင် နှင့်
ရှမ်း ခေါင်းဆောင်များသည်လည်း လွတ်လပ်ရေးအတွက် ပြင်ဆင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အင်္ဂလန်တွင် ဗိုလ်ချုပ်အောင်ဆန်း က ဗမာပြည်နှင့်အတူ ချင်း၊ ကချင် နှင့် ရှမ်းပြည်များကိုပါ လွတ်လပ်ရေးတပြိုင်တည်းပေးရန် တောင်းဆိုသည်ကို ကြားသိရသဖြင့် ဗြိတိသျှအစိုးရထံ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒေသများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း နှင့် တောင်းတန်းဒေသအနာဂါတ် ရေးကို ဆွေးနွေးပိုင်ခွင့်မရှိကြောင်း ရှမ်းပြည်စော်ဘွားများကောင်စီက ကြေးနန်းစာပေးပို့ခဲ့သည်။

– အကြိုဆွေးနွေးပွဲများ

ထို့နောက် ပင်လုံမြို့တွင် ပြုလုပ်မည့် ချင်း၊ ကချင်၊ ရှမ်း ပြည် ညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖဆပလ အဖွဲ့ကို ဖိတ်ကြား လိုက်သည်။ ပင်လုံညီလာခံတွင် ချင်း၊ ကချင်၊ ရှမ်း ပြည်တို့၏ ဗြိတိသျှထံမှ လွတ်လပ်ရေးရယူပြီးနောက် အနာဂါတ်အရေးကို ဆွေးနွေးရန် စီစဉ်ထားခဲ့သည်။
ပင်လုံညီလာခံဟုဆိုလျင် ညီလာခံတစ်နေရာတည်း ကျင်းပခြင်းမဟုတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ပင်လုံညီလာခံအကြို အစည်းအဝေးများမှာ အရေးကြီးသည့် ညီလာခံအစိတ်အပိုင်းများဖြစ်သည်။

၎င်းတို့မှာ –
(၁) ကချင်ကိုယ်စားလှယ်များ ကြိုတင်ညှိနှိုင်းအစည်းအဝေး (၁၉၄ရ ၊ ဖေဖော်ဝါရီလ ၊ ၁ ရက်နေ့)
(ကချင်ကိုယ်စားလှယ်များ ပင်လုံညီလာခံသို့တက်ရောက်ရန်လာစဉ် ရှမ်းပြည်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ ရွာတွင် ပြုလုပ်သည့် အစည်းအဝေး)

(၂) ရှမ်း နှင့် ကချင် ကော်မတီ အစည်းအဝေး (၁၉၄ရ ၊ ဖေဖော်ဝါရီလ ၆ ရက်နေ့)
(ရှမ်းပြည်၊ ပင်လုံမြို့တွင် ပြုလုပ်သည့် ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ ရှမ်းလူထုကိုယ်စားလှယ်များ နှင့် ကချင်ကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်သော အစည်းအဝေး)

(၃) ချင်း၊ ကချင် ၊ ရှမ်း အစည်းအဝေး (၁၉၄ရ ၊ ဖေဖော်ဝါရီလ ရ ရက်နေ့)
(ရှမ်း နှင့် ကချင် ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များကို (၆)ရက်နေ့တွင် ညီလာခံသို့ ရောက်ရှိလာသည့် ချင်းကိုယ်စားလှယ် အဖွဲ့ကို ရှမ်းနှင့် ကချင် ကိုယ်စားလှယ်များမှ ရှင်းပြပြီး ချင်းကိုယ်စားလှယ်များက အချက်အချို့ဖြည့်စွက်ပြီး အားလုံးသဘောတူ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် ရှမ်းပြည်၊ ပင်လုံမြို့တွင် ပြုလုပ်သည့် အစည်းအဝေး)

– သဘောတူညီချက်များ

ချင်း၊ ကချင် နှင့် ရှမ်း ပြည်ကိုယ်စားလှယ်များ သဘောတူညီမှု ရရှိပြီးနောက် (၈)ရက်နေ့တွင် ပင်လုံမြို့သို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာပြည်အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် ဗြိတိသျှအစိုးရကိုယ်စားလှယ် မစ္စတာ ဘော်တွမ်လေ တို့ ရောက်ရှိလာသည်။ ထို့နောက် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ပင်လုံညီလာခံအား တရားဝင်စတင်ကျင်းပသည်။

ညီလာခံအကြိုတွင် ချင်း၊ ကချင်၊ ရှမ်း ပြည်ကိုယ်စားလှယ်များ ကြိုတင်ညှိနှိုင်းဆွေးနွေးထားသည့် အချက်များကို အခြေခံ၍ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာပြည်၏ ဖဆပလ အစိုးရကိုယ်စားလှယ်များနှင့် ဆက်လက်ဆွေးနွေးချက်များအရ အသေးစိတ် သဘောတူညီချက်များ ရရှိပြီး ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့သည်။

 

ပင်လုံစာချုပ်အောင်မြင်စွာ ချုပ်ဆိုခဲ့သည့် အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့သော( တောင်တန်း – ပြည်မ ပူးပေါင်းရေးစာချုပ်) ကျောက်တိုင်
(နောက်ပိုင်း အစိုးရများလက်ထက်တွင် ကျောက်တိုင်ကို အသစ်ဆောက်ပြီး မော်ကွန်းကိုလည်း ပြည်မ – တောင်တန်း ပူးပေါင်းရေးစာချုပ်ကျောက်တိုင် ဟု ပြောင်းလဲရေးသားခဲ့သည်။go

၁၉၄ရ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက် နှင့် (၇)ရက်နေ့တွင် ပြုလုပ်ခဲ့သော ချင်း၊ ကချင်၊ ရှမ်း တို့၏ အစည်းအဝေးဆုံးဖြတ်ချက်များ သည် အခြေခံမူဖြစ်ပြီး ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ချုပ်ဆိုသော စာချုပ်ပါအချက်များမှာ အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များ ဖြစ်သည်။

ထို့ကြောင့် ပင်လုံစာချုပ်သည် အနှစ်ချုပ်အားဖြင့် –

(၁) ချင်း၊ ကချင်၊ ရှမ်း ပြည်များသည် ဗမာပြည်နှင့် လွတ်လပ်ရေးတပြိုင်တည်း ရယူရန်
(၂) လွတ်လပ်ရေးရယူပြီးနောက် တန်းတူရည်တူခွင့်အပြည့်ရှိသော ပြည်ထောင်စုကို အတူတကွတည်ဆောက်ရန်
(၃) ချင်း၊ ကချင်၊ ရှမ်း ပြည်များအား ဗမာပြည်နှင့် ပူးပေါင်းပြီး မကျေနပ်ပါက အချိန်မရွေး ပြန်လည်ခွဲထွက်ခွင့်ပြုရန်
စသည်တို့ဖြစ်သည်။

ထို ၁၉၆ရ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုပြီးမှသာ အထက်တွင်ဖော်ပြထားသော ဗမာပြည်မ နှင့် ချင်း၊ ကချင်၊ ရှမ်း ပြည်တို့သည် ပြည်ထောင်စုနိုင်ငံတစ်ခုအတူတကွ ပါဝင်တည်ထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပင်လုံညီလာခံတွင် ကရင်နီပြည်မှ စောဝဏ္ဏ နှင့် စောသိန်း တို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပြီး ကရင်နီပြည်သည် လွတ်လပ်သည့် ပြည်ဖြစ်ကြောင်း၊ ချင်း၊ကချင်၊ရှမ်း နှင့် ဗမာပြည်တို့ ပူးပေါင်းမည့် ပြည်ထောင်စုပေါ်ပေါက်လာပြီးနောက်မှ ကရင်နီပြည် အနေဖြင့် လူထုဆန္ဒရှိပါက (ပြည်ထောင်စုမြန်မာနိုင်ငံနှင့်) ပူးပေါင်းလိုက ပူးပေါင်းရန် စဉ်းစားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

၅ ။ ၁၉၄ရ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ

၁၉၄ရ ခုနှစ် ဇန်နဝါရီလ တွင် ဗြိတိသျှအစိုးရက ဗမာပြည်အား တစ်နှစ်အတွင်းလွတ်လပ်ရေးပေးရန် သဘောတူညီထားသဖြင့် လွတ်လပ်ရေးရယူပြီးလျင် တိုင်းပြည်ကို မည်ကဲ့သို့ ဖွဲ့စည်းတည်ထောင်၊ အုပ်ချုပ်မည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအား ရေးဆွဲအတည်ပြုပြီး ဖဆပလ အဖွဲ့ချုပ်က ဗြိတိသျှအစိုးရထံ တင်ပြရမည်ဖြစ်သည်။ ထို့ကြောင့် ပင်လုံညီလာခံတွင် သဘောတူညီခဲ့သော အချက်များကို အခြေခံပြီး ဖွဲ့စည်းပုံရေးဆွဲရန် ဗိုလ်ချုပ်အောင်ဆန်းက လမ်းညွှန်ချက်(၇)ရပ် ကို ချမှတ်ပေးခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ဖွဲ့စည်းပုံရေးဆွဲမှုသည့် ပင်လုံကတိကဝတ်များနှင့် ကွဲလွဲပြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွန်ချက်နှင့်လည်း သွေဖယ်သွားခဲ့သည်။

– အတည်ပြုရက်

၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် လွတ်လပ်ရေး ရယူရန် ဆုံးဖြတ်ထားသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဗြိတိသျှအစိုးရထံ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမည်ဟုဆိုသည်။ ၁၉၄ရ ဖွဲ့စည်းပုံအခြေခံဥပဒေဟု ခေါ်တွင်လာ မည့် ဖွဲ့စည်းပုံမူကြမ်းအား ၁၉၄ရ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုကြောင်း အတိအလင်း ကြေညာထားခဲ့သည်။

ကရင်နီပြည်ကို ထည့်သွင်းရက်

၁၉၄ရ ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုချိန်တွင် ဗမာပြည်၊ ချင်း၊ ကချင် နှင့် ရှမ်းပြည်များဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်ကို တည်ဆောက်ကြောင်း ထည့်သွင်းရေးဆွဲ ဖော်ပြထားသည်။

သို့သော် ၁၉၄ရ ဖွဲ့စည်းပုံကို အတည်ပြုပြီးနောက် ၁၉၄ရ ခုနှစ်၊ ဒီဇင်ဘာလ၊ (၂၇)ရက်နေ့ရောက်မှသာ ဦးနုက ဖွဲ့စည်းပုံတွင် ကရင်နီပြည်ကိုလည်း မြန်မာနိုင်ငံ၏ အဖွဲ့ဝင်ပြည်နယ်တစ်ခုအဖြစ် ထပ်မံရေးသွင်းရန် တဖက်သတ်၊ အတင်းညွန်ကြားခဲ့သည်။

(၁၉၄ရ ဖွဲ့စည်းပုံသည် ရေးဆွဲအတည်ပြုပြီးနောက် ဗြိတိသျှအစိုးရထံ မတင်ပြမီ လူအချို့က လိုသလိုဖြည့်စွက်ရေးသား ခဲ့ခြင်းဖြစ် သည်ဟုဆိုရမည်ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၄ရ ဖွဲ့စည်းပုံရေးဆွဲရေးအဖွဲ့ဝင်ဖြစ်သူ တရားလွှတ်တော် တရားရေးဝန်ကြီး (အငြိမ်းစား) အဂ္ဂမဟာသရေစည်သူ ဦးမြင့်သိန်း က ၁၉၉၂ ဇွန်လ ၁၄ ရက် ရက်စွဲဖြင့် ရေးသားသောစာတစ်စောင်တွင် ၁၉၄ရ ခုနှစ် ဒီဇင်ဘာလ ၂ရ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနုကက ခေါ်သဖြင့် သွားရောက်တွေ့ဆုံရာတွင် ဦးချန်ထွန်းအပါအဝင် ကရင်နီပြည်မှ စဝ်ဝဏ္ဏ နှင့် ဦးစိန် ဆိုသူတို့နှင့်ပါ တွေ့ရကြောင်း၊ ၎င်းတို့က ကရင်နီပြည်ကိုလည်း မြန်မာနိုင်ငံ၏ အဖွဲ့ဝင်ပြည်နယ်တစ်ခုအဖြစ် ထည့်သွင်းပေး ရန် တောင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့် ကရင်နီပြည်ကို ၁၉၄ရ ခုနှစ် ဖွဲ့စည်းပုံတွင် ဦးနု၏ ညွန်ကြားချက်ဖြင့် ထည့်သွင်းရေးဆွဲခဲ့ရခြင်း ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။)

၁၉၄ရ ခုနှစ်ဖွဲ့စည်းပုံကို တိုင်းပြည်ပြည်ပြုလွှတ်တော်ဖြင့် ၁၉၄ရ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် အတည်ပြုထားပြီး ဖြစ်သော်လည်း ကရင်နီပြည်ကို မြန်မာပြည်သို့ လွတ်လပ်ရေးမရမီ (၇)ရက်အလိုတွင်သာ ထည့်သွင်းရေးဆွဲထားကြောင်း တွေ့ရသည်။

ထိုအချက်ကို အကြောင်းပြု၍ ကန့်ကွက်မှုဖြစ်လာပါက ချွေးသိပ်ရန် ၁၉၄ရ ဖွဲ့စည်းပုံတွင် ကရင်နီပြည်(ကယားပြည်နယ်)အား လွတ်လပ်ရေးရပြီး (၁၀)နှစ်အကြာတွင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ရှိကြောင်း ရေးသားပြဋ္ဌာန်းခဲ့သည်။

၆ ။ ကရင်နီပြည် ခုခံတော်လှန်ရေး နှင့် ကယားပြည်နယ်အဖြစ် အမည်ပြောင်းလဲခြင်း

မြန်မာပြည်လွတ်လပ်ရေးရပြီးသည်နှင့် တပြိုင်နက် နိုင်ငံအနှံ့ ပြည်တွင်းစစ်များ စတင်ဖြစ်ပွားခဲ့သည်။

ကရင်နီပြည်ကိုလည်း ၁၉၄၈ ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် ဖဆပလ၏ တပ်များ ကရင်နီပြည်အစိုးရရုံးစိုက်ရာ မြလဲရွာတွင် စတင်ဝင်ရောက် တိုက်ခိုက်ပြီးနောက် ကရင်နီခုံခံတော်လှန်ရေးစစ် စတင်ဖြစ်ပွားခဲ့သည်။

၁၉၅၂ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကရင်နီပြည် ကို ကယားပြည်နယ်အဖြစ် ဖဆပလ အစိုးရက ပြောင်းလဲသတ်မှတ်ခဲ့ပြီး နှစ်စဉ် ဇန်နဝါရီ (၁၅) ရက်နေ့ ရောက်တိုင်း ကယားဒေး Kayah Day (ကရင်နီပြည်မှ ကယားပြည်နယ်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ပွဲ)အား အစိုးရ၏ ဦးစီးမှုဖြင့် ကျင်းပလာခဲ့သည်။

ကိုးကား –
– ပင်လုံစာချုပ်ရှင်းတမ်း (ခွန်းမတ်ရ်ကိုဘန်)
– ကယန်းတိုင်းရင်းသားသမိုင်း (ပီမောင်စိုး)
– ဆရာစိုင်းကျော်ညွန့်

– ခွန်ဂါမဏိ

Related Stories