spot_imgspot_imgspot_imgspot_img
Monday, April 22, 2024
spot_imgspot_imgspot_imgspot_img

သေမင်းနှုတ်ခမ်းဝက လွတ်လာတဲ့ ဒေါ်ဖွားမွန်တို့ ဇနီးမောင်နှံ

Author

Date

Category

ကေးဒူ / ကန္တာရ၀တီတိုင်း(မ်)

“မပြေးဘူး။ လမ်းမလျှောက်နိုင်ဘူး။ ဒူးမကောင်းဘူး။ ခါးမကောင်းဘူး။ မျက်စိလည်း မမြင်ဘူး။မှုန်၀ါး၀ါးနဲ့ မလျှောက်နိုင်ဘူး”

ရှားတောမြို့ပေါ် မှာ နေထိုင်တဲ့ အသက် ၈၀ အရွယ်ရှိ ဒေါ်ဖွားမွန် (အမည်လွှဲ) ရဲ့ ပြောစကားပါ။ သူမဟာ မျက်စိလည်း ကောင်းကောင်းမမြင်၊ နားလည်း ကောင်းကောင်းမကြားတဲ့အပြင်၊ လမ်းလည်း ကောင်းကောင်းမလျှောက်နိုင်တော့တဲ့ အဖွားအိုတယောက်ပါ။

ရှားတောမြို့ပေါ် မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ အချိန်ကတည်းက သူမဟာ မိမိနေအိမ်မှာဘဲ သေသေရှင်ရှင် ခြေတဖ၀ါးမှ မခွာခဲ့တဲ့သူပါ။

မြို့နေလူထုတွေကတော့ မိမိအသက်၊ မိမိလုံခြုံရေးကို စိုးရိမ်ပြီး နီးစပ်ရာ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်ကုန် ကြပါပြီ။ ဒါပေမဲ့ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ဖွားမွန်နဲ့ သူမရဲ့အမျိုးသားတို့နှစ်ဦးဟာ သူတို့နေအိမ်မှာပဲ ဆက်လက်နေထိုင်နေခဲ့တာပါ။

သူတို့ဟာ လေယာဥ်တွေ သေနတ်သံတွေကို မကြောက်တာ၊ သေရမှာကို မကြောက်တာတော့ မဟုတ်ပါဘူး။ ဒေါ်ဖွားမွန်ဟာ သေနတ်သံကြားရင် တညလုံးတောင် မအိပ်ဘဲ မိုးလင်းပေါက်အထိ နေနေခဲ့တာပါ။

“အဖွားအိပ်မပျော်ဘူး။ လေယာဥ်သွားတော့ တညလုံးအိပ်မပျော်ဘူး။ မနက်မိုးလင်းခါနီး ခဏပဲ အိပ်ပျော်တယ်”

တိုက်ပွဲတွေ ဒီလောက်ပြင်းထန်နေပြီး၊ လေယာဥ်တွေ “တဒုန်းဒုန်း” လာကြဲနေတဲ့အချိန်မှာ ဒေါ်ဖွားမွန် တို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ မိမိနေအိမ်ထဲမှာပဲ ခိုအောင်းနေခဲ့တာပါ။ ကာဗာကျင်းထဲ ပြေး၀င်ဖို့ သူ့မှာ ခွန်အား အလုံအလောက်မရှိသလို ကာဗာကျင်းတူးထားတာလည်း မရှိပါဘူး။ အိမ်ဘေးနားက သစ်ပင်အကြီးကြီးတပင်ကိုသာ အားကိုးပြီး အကာအကွယ် ယူနေကြတာပါ။

“မဆင်းဘူး။ အိမ်ပေါ်မှာပဲနေတယ်။ လေယာဥ်လာရင် ဒီမှာပဲ တိတ်တိတ်လေးနေတယ်။ အိမ်တွေတောင်တုန်တယ်။ ဟိုဘက်က ကလေးတွေကတော့ (ရဲဘော်တွေကို ဆိုလိုခြင်း) အဖွားတို့ အောက်မဆင်းဘူးလားတဲ့။ မဆင်းဘူးလို့။ ဒါပေမဲ့ နီးလာရင် အိမ်တွေတောင် လှုပ်လို့ အဖွားတို့ မကြောက်ဘူးလား။ အိမ်အောက်ပြေးဆင်းပြီး ပုန်းတာ မဟုတ်ဘူးဆိုပြီးတော့ လာပြောတယ်”

အသက်အရွယ်ကြီးပြီဖြစ်သလို မျက်စိလည်း မှုန်၀ါး၀ါး ဖြစ်နေတဲ့ သူတို့နှစ်ယောက်လုံးအတွက်တော့ အတော်ပင် ခက်ခဲလှပါတယ်။ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားခဲ့ပေမဲ့ နှစ်ယောက်လုံးက အိုမင်းနေပြီ ဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ဖို့က သူတို့အတွက် လုံး၀ကို အဆင်မပြေခဲ့ပါဘူး။

ဒါကြောင့်လည်း သူတို့ဟာ ရွေးစရာလမ်းမရှိတော့တဲ့အဆုံး သေအတူရှင်မကွာ မိမိနေအိမ်မှာပဲ ဆက်လက်နေထိုင်ကြဖို့ကို ဆုံးဖြတ်ချက်ချလိုက်ကြတာပါ။ ဒေါ်ဖွားမွန်တို့ သက်ကြီးပိုင်း ဇနီးမောင်နှံနှစ်ယောက်ကို စစ်ပွဲဖြစ်လို့ တိမ်းရှောင်ရမယ်ဆိုပြီးတော့ ခေါ်ယူပြေးလွှားပေးတဲ့သူလည်း မရှိခဲ့ပါဘူး။ သူတို့ဇနီးမောင်နှံဟာလည်း ကံမကောင်းစွာဘဲ အိမ်ထောင်သက်ကြာပြီဖြစ်ပေမဲ့ သား၊ သမီး မထွန်းကားတာကြောင့် သူတို့မှာ မှီခိုစရာ သား၊ သမီးတွေလည်း ရှိမနေခဲ့ပါဘူး။

“သားသမီးတွေ မရှိဘူး။ လာခေါ်မဲ့ သူတွေ မရှိဘူး” လို့ အဖွားဒေါ်ဖွားမွန်က တုန်ရီနေတဲ့ အသံနဲ့ ပြောနေရှာပါတယ်။

အိမ်နီးနားချင်းတွေအနေနဲ့ တိမ်းရှောင်ဖို့ကို လာရောက်ပြောဆိုတာတွေရှိပေမဲ့ သူတို့အတွက် တိမ်းရှောင်ဖို့ ခက်ခဲလွန်းနေတာကြောင့် သူတို့ ဇနီးမောင်နှံ နှစ်ယောက်လုံးဟာ သူတို့နေအိမ်မှာဘဲ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“မီးအကြာကြီးမထွန်းရဲဘူး။ အကြာကြီး ထွန်းရင် မိုးပေါ် ကဟာသွားတော့ ခဏပဲထွန်းပြီး မြန်မြန်ပြန်ပိတ်ရတယ်” လို့ အဖွားဒေါ်ဖွားမွန်က သူမဟာ သူမ ယုံကြည်ရာကို ဆီမီးပူဇော်ပြီး သူမတို့ ဇနီးမောင်နှံကို ကာကွယ်စောင့်ရှောက်ဖို့ ဆုတောင်းလိုပေမဲ့ ကြောက်ရွံ့နေတာကြောင့် မလုပ်ဆောင်ရဲတာကို ပြောပြလာတာပါ။

လုံခြုံရေးကို စိုးရိမ်နေရတဲ့အပြင် တဖက်မှာကလည်း စား၀တ်နေရေးက ရှိနေပါသေးတယ်။ တိုက်ပွဲမဖြစ်ပွားခင် အချိန်မှာတော့ အဖွားဟာ ခြံထွက်အသီးအရွက် တချို့ကို ရွာထဲလှည့်ပတ်ရောင်းရင်း ၀မ်းစာရှာနေရတာပါ။ တမြို့လုံး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အချိန်မှာတော့ သူတို့ရဲ့ စား၀တ်နေရေးဟာ ပိုမိုခက်ခဲလာပါတယ်။

တော်လှန်ရေး ရဲဘော်တချို့ကတော့ ဒီမြင်ကွင်းကို ကျော်လွန်နိုင်စွမ်း မရှိတာကြောင့် မကြာခဏ ထမင်းထုပ်တွေ လာပို့ပေးလေ့ရှိတယ်လို့ အဖွားက ပြောပြပါတယ်။

“မနက်စာ နေ့လည်စာ စားဖို့ကျတော့ သူတို့ (ရဲဘော်တွေကို ဆိုလိုခြင်း) လာလာပို့ပေးတယ်။ တခါခါပို့ရင် နှစ်ထုပ်နှစ်ထုပ်။ မနက်စာ စားလိုက်တယ်။ နေ့ခင်းကျော် ညနေပိုင်းကျမှ တထုပ်ထပ်စားတယ်” လို့ အဖွားဒေါ်နန်းမွန်က ပြောပါတယ်။

စစ်ကောင်စီဘက်က လေယာဥ်တွေ ကင်းထောက်ဒရုန်းတွေ အချိန်ပြည့် လာနေတာကြောင့် သူတို့ဟာ မီးမွှေးဖို့ကိုလည်း ကြောက်ရွံ့နေကြတာပါ။ မီးမွှေးမယ် ဆိုရင်လည်း စစ်ကောင်စီဘက်က ကင်းထောက်လေယာဥ်နဲ့ ဗုံးသီးတွေ ပစ်ချနေတာကြောင့် သူတို့အတွက် အန္တရာယ်များနေခဲ့တာပါ။

ကံအလွန်ကောင်းလွန်းတဲ့ ဒေါ်ဖွားမွန်တို့ ဇနီးမောင်နှံ နှစ်ယောက်စလုံးဟာ ရှားတောတမြို့လုံးကို ကျည်ဆံတွေဖြတ်၊ စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ လာပစ်ပြီး နေအိမ် ၄၀ ကျော် မီးလောင်ပြာကျနေတဲ့ အချိန်မှာ သူတို့ဟာ အကောင်းပကတိအတိုင်း ကျန်ရှိနေခဲ့တာပါဘဲ။

ဒါပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာတော့ အကြိမ်ပေါင်းများစွာ သေနေခဲ့ပြီးပါပြီ။

ဒေါ်ဖွားမွန်တို့ဇနီးမောင်နှံဟာ သေမင်းနှုတ်ခမ်းဝက လွတ်လာနိုင်ခဲ့ပေမဲ့ ယခုအချိန်ထိတော့ စိတ်ဒဏ်ရာတွေနဲ့ ဖြတ်သန်းရင်း ရှင်သန်ရဦးမဲ့ မနက်ဖြန်နေ့တွေအတွက် ကျန်းမာရေး၊ စား၀တ်နေရေးကို စိုးရိမ်ပူပန်နေကြရဦးမှာပါဘဲ……

spot_img
spot_img

Recent posts