spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“သေရွာပြန်ဆရာ၏ ကံကြမ္မာအလှည့်အပြောင်း”

Author

Date

Category

ဇာတိသွေး (ဘုရားဖြူ) ရေးသားသည်။

ကောင်းကင်ယံထက် ကြယ်တွေကြားက ဖိုးလမင်းကြီး ထိန်ထိန်သာခိုက်အချိန်တွင်ဖြစ်သည်။ အချိန်အခါမှာ ည(၁၀း၀၀) နာရီခန့်ရှိပြီ။ သူတစ်ယောက်တည်း မြို့တော်လွိုင်ကော်မှ သူ့မိသားစု ရှိရာအိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင် ပြန်လာခဲ့ပေသည်။

မြို့အထွက် ဓာတ်ဆီဆိုင်တစ်ဆိုင် ရှေ့တွင် ဆိုင်ကယ်တိမ်းမှောက်၍ ကားလမ်းမကြီးဘေး ရေနုတ်မြောင်းထဲတွင် မှောက်လျက်အနေ အထားဖြင့် သူ၏မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ တရစပ်ယိုစီးထွက်နေသောသွေးများ မြေခနေရှာ သည်။

သူဆိုသည်က ကျောင်းဆရာလေး “ဆရာကျော်” ပင်ဖြစ်သည်။ ဆရာကျော်၏ Accident အခြေအနေကို တွေ့မြင်လိုက်ရသူ တာဝန်သိတတ်သူ၊ စာနာစိတ်ရှိသောသူ ပြည်သူတစ်ဦးက လွိုင်ကော်မြို့ရှိ ပရဟိတသူရဲကောင်းများစုစည်းရာ “ရွှေလွိုင်ကော်” လူမှုကူညီရေးအသင်းသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာများ မကြာမီအသင်းသားများသည် ဒဏ်ရာခံစားနေရသူ ဆရာကျော်ထံသို့ လူနာတင်ကားဖြင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပေ တော့သည်။

ဆိုင်ကယ်တိမ်းမှောက်ခဲ့ပေသော်လည်း ဆရာကျော်တစ်ယောက် ဆိုင်ကယ်မောင်းလျှင် ဆိုင်ကယ်စီးဦးထုပ် အမြဲဆောင်းတတ်သည့် အလေ့အထကြောင့် ပွဲချင်းပြီးဆိုသည့် သေခြင်းတရားနှင့် မကြုံတွေ့ရဘဲ အလွန်အမင်း ပြင်းထန်ဒဏ်ရာဖြင့်သာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ “ရွှေလွိုင်ကော်” အသင်းသားတို့၏ လုံ့လဥဿဟကြောင့် အချိန်တိုအတွင်း ရောက်ရှိခဲ့ရပေသည်။

ဤဖြစ်စဉ်ကို မသိရှာသေးသော ဆရာကျော်၏ ဇနီးသည်မလေး ဆရာမဦးမြာတစ်ယောက် ညအချိန်အပြင်ထွက်လေ့မရှိသည့် ခင်ပွန်းသည်ဖြစ်သူဆရာကျော်အတွက် (၂)နှစ်သားအရွယ်ရှိသော သားလေးကို ပွေ့ဖက်ရင်းစိတ်ပူပင်သောက ရောက်ရရှာလေပြီ။ စိတ်ပူပန်မှုကြောင့် မိမိ၏ခင်ပွန်းဖြစ်သူ ဆရာကျော်၏ ဖုန်းကိုခေါ်ဆိုကြည့်သောအခါ ဖုန်းဝင်သော်လည်း ဆရာကျော်တစ်ယောက် ဖုန်းမကိုင် နိုင်၊ ဖုန်း Ringtone သံလည်း မကြားနိုင်တော့ပေ။

ထိုစဉ် ဆရာကျော်၏ ဇနီးသည်ဆရာမလေး မဦးမြာက ဆရာကျော်၏ သူငယ်ချင်း(တစ်ကျောင်းတည်း တာဝန်အတူထမ်းဆောင်)ဆရာစိုးထံသို့ ဖုန်းဖြင့်သတင်းလှမ်းမေးရာ ဆရာစိုးက “ စိတ်မပူပါနဲ့ ဆရာမ၊ အချိန်တန်ပြန်ရောက်လာမှာပါ” ဟု အားပေးစကားပြောသော်လည်း မဦးမြာစိတ်ထဲ တောက်လောင်နေရှာသော သောကမီးအရှိန် မငြိမ်းနိုင် သေးပေ။

ထိုအခိုက် ဆရာကျော်၏ ညီငယ်လေး ကိုထူးအောင်က ဆရာမလေး မဦးမြာထံသို့ ဖုန်းဖြင့် “အစ်မရေ အစ်ကိုတော့ ဆိုင်ကယ်မှောက်လို့ လွိုင်ကော်ဆေးရုံကြီးမှာ ရောက်နေပြီ” ဟူသော သတင်း ပေးစကားကြားလိုက်သောအခါ မဦးမြာအတွက် ကမ္ဘာကြီးပြိုပျက်သွားသလို ကြီးစွာသော ချောက်ချား မှုကို ခံစားလိုက်ရသည်။

ဆရာကျော်၏ ယာဉ်မတော်တဆမှု သတင်းကြားကြားချင်း မိန်းမသား ဖြစ်ပေသော်လည်း ညအမှောက်ထုကို အံတုကာ မိမိ၏ ခင်ပွန်းသည် ဆရာကျော်ရှိရာ ဆေးရုံသို့ အရောက်လှမ်းလာခဲ့ပေသည်။ ဆေးရုံသို့ ရောက်လျှင်ရောက်ချင်း သေမည်လော၊ ရှင်မည်လော၊ သေရေးရှင်ရေး အခြေအနေကို ခန့်မှန်းရခက်သော ခင်ပွန်းသည် ဆရာကျော်တစ်ယောက် ကုတင် ပေါ်တွင် ပက်လက်အနေအထားဖြင့် ဦးခေါင်းမှာသွေးသံရဲရဲ မျက်ရိုးကျိုးပြီး မျက်လုံးဖုရောင်နေသည့် အဖြစ်ကို ရင်နင့်ဖွယ်မြင်တွေ့ရပေတော့သည်။

ထိုစဉ် အလွန်အမင်း ပြင်းထန်ဒဏ်ရာခံစားနေရသူ ခင်ပွန်းဖြစ်သူ ဆရာကျော်သည် မိမိနှင့် သားလေးကို ချန်ထားခဲ့တော့မှာလား ဟူသော အတွေးဖြင့် မဦးမြာတစ်ယောက် ရင်နင့်ဖွယ် အခြေအနေတစ်ခုတွင် ခင်ပွန်းဖြစ်သူ၏ လက်ကလေးကို မြဲမြံစွာ ဆုပ်ကိုင်၍ “ အစ်ကို ညီမကို ကြည့် ပါအုံး၊ အစ်ကိုမသွားနဲ့အုံးနော်၊ အစ်ကို့သားလေး ရှိသေးတယ်နော်၊ သားလေး ရှင်ပြုပွဲမှာ သပိတ် လွယ်ရအုံးမယ်လေ အစ်ကိုရဲ့၊ ညီမတို့သားအမိကို ချန်ခဲ့ပြီး မသွားလိုက်ပါနဲ့ အစ်ကိုရယ်” ဟူသော ညည်းတွားကာ ငိုရှိုက်သံများဖြင့် ပြောဆိုနေလေသည်။ ဤမြင်ကွင်းကို မြင်ရသူပေါင်းလည်း မျက်ဝန်းထဲက မျက်ရည်များသည်လည်း ပြည့်လျှံနေကြလျက်ပင်။

ဆရာကျော်၏ ဇာတိမှာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာ ပင်ဖြစ်သည်။ သို့ပင်သော်လည်း လောလောဆယ် အခြေချနေထိုင်ရသည်မှာ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာ အုပ်စု၊ ထေးထူဖျ ရွာလေးဖြစ်ပါသည်။

ယာဉ်မတော်တဆမှုကြောင့် အလွန်အမင်း ပြင်းထန်ဒဏ်ရာ ရရှိသူ ဆရာကျော်၏ အခြေနေမှာ စိုးရိမ်ရကြောင်း ၊ အသက်ရှင်နိုင်ဖို့ ရာခိုင်နှုန်းနည်းပါးကြောင်း ဆရာဝန်ကြီး၏ နှုတ်ထွက်စကားကြောင့် စိတ်ပူပင်သောကရောက်နေရသူများအနက် ဆရာကျော်၏ မိခင်ဖြစ်သူ ဒေါ်လေးနွယ်သည် နောက်ဆုံးအခြေအနေကို ရောက်နေပြီလောဟု ခန့်မှန်းရခက်သည့် သားဖြစ်သူကို ပွေ့ဖက်လျက် အပူတမြင်း ငိုချင်းချပါလေတော့သည်။ ထိုအချိန် ဆရာဝန်ကြီးက လူနာကို နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ခေါ်ဆောင်သွားရန် အချိန်မှီရောက်ရှိအောင် ခေါ်ယူပို့ဆောင်ပေးကြရန် စေတနာအရင်းခံဖြင့် တိုက်တွန်းပြောဆိုရသည်အထိ ဆိုးရွားသည် အခြေ အနေနှင့် ကြုံတွေခဲ့ရပေသည်။

သို့ဖြင့်မိခင်ဖြစ်သူ၊ ဇနီးဖြစ်သူနှင့်ဆွေးမျိုးရင်းချာအချို့တို့က နေပြည်တော်ဆေးရုံကြီးသို့ ပို့ဆောင်ရန် ပြင်ဆင်ကြပေတော့သည်။ ဆရာကောင်းသမားကောင်းတို့၏ မေတ္တာ စေသနာကြောင့်သော်လည်းကောင်း၊ ဆေးအစွမ်း ကြောင့် သော်လည်းကောင်း ဆရာကျော်သည် ၄၊၅ ရက်ကြာပင် သတိလည်စပြုကာ ကယောင် ကတမ်းစကားများကို တတွတ်တွတ် ပြောဆိုနေတော့သည်။

ကယောင်ကတမ်းစကားများပြောဆိုပြီး အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသော ဆရာကျော်၏ အခြေအနေကို မြင်တွေ့သူတိုင်း မျက်ရည်လည်ရသည်အထိ ရင်နင့်ဖွယ်ခံစားကြရရှာလေသည်။ “ဆရာကျော်တစ်ယောက် အမြန်ကျန်းမာပြီး အကောင်းပတိ အခြေအနေ ပြန်လည်ရောက်ရှိနိုင်ပါစေ” ဟု ဆုတောင်းရုံသာရှိတော့သည်။

ဆေးရုံပေါ်ရောက်ပြီး (၁၀) ရက်မျှအကြာ လောက်တွင် ဆရာကျော်၏မိခင်ဖြစ်သူက “အမောင်…သတိ ရလာပြီလား။ အခု နေပြည်တော်ဆေးရုံရောက်နေတယ်။ ဘာကြောင့် ရောက်လာရသလဲသိလား” ဟု မေးသောအခါ ဆရာကျော်က ပြင်းထန်သောဝေဒနာကို မခံစားရသည့်အသွင်ဖြင့် “ ဖျားလို့ပေါ့အမေ၊ တုပ်ကွေး မဟုတ်ဘူးလာ” ဟူသော အမေးဖြင့် ပြန်လည်ဖြေကြားခဲ့ရာ အမေဖြစ်သူ ဒေါ်လေးနွယ်က “ဘာတုပ် ကွေးဖြစ်ရမှာလဲ။ အမောင်မသေတာကံကောင်း။ ဆိုင်ကယ်မှောက်လို့ ရောက်လာရတာလေ” ဟု မှန်ရာကို ပြောပြသော်လည်း ဆရာကျော်တစ်ယောက် ဖြစ်ရပ်မှန်ကို မမှတ်မိသလို စိတ်ထဲတွင်လည်း ထိုဖြစ်ရပ်ကို မယုံကြည်နိုင် ဖြစ်နေပေသည်။

ဆရာဝန်ကြီးက “ဆရာကျော် ယာဉ်မတော်တဆဖြစ်ပွားခဲ့တဲ့အချိန်မှာ ဆိုင်ကယ် ဦးထုပ်ဆောင်းပါသလား” ဟု မေးမြန်းရာ ဆရာကျော်က “ဟုတ်ကဲ့ ဦးထုပ်ဆောင်းထားပါတယ် ဆရာ” ဟု ဖြေကြားသည်။ ပြီးနောက် ဆရာဝန်ကြီးက “ ဘယ်လို ဦးထုပ်အမျိုးအစားလဲ ဆရာကျော်” ဟု မေးမြန်းတော့ “ဦးထုပ်က အနောက်မှာ အလျှော့အတင်းလုပ်နိုင်တဲ့ ဦးထုပ်မျိုးပါဆရာ အနီရောင်လေး ဆရာ” ဟု ဆရာကျော်က ပြန်ဖြေကြားခဲ့သည်။

ထိုအခါ ဆရာဝန်ကြီးက “ နောက်ဆိုရင် အဲဒီလို ဦးထုပ်မျိုးမဆောင်းတော့နဲ့။ နားအထိ ၊ မေးထိ လုံတဲ့ ဦးထုပ်မျိုးသာဆောင်းတော့နော်” ဟူ၍ စိတ်စေတနာဖြင့် မှာကြားလိုက်သည်။
ထို့နောက် နေပြည်တော်ဆေးရုံမှ မိမိ၏ဇာတိရပ်ရွာသို့ ညနေပိုင်းတွင် ပြန်လာကြပေသည်။

ပေါင်းလောင်းလမ်းအတိုင်း ပြန်လာရာ လမ်းခရီးတစ်လျှောက် ဆရာကျော်၏ အတွေးကမ္ဘာထဲတွင် “သြော် …. ငါ၏ ပထမခန္ဓာကို ဒုတိယအသက်ဖြင့် ဆက်ပေးခဲ့ကြသူတွေကို ကျေးဇူးတင်လိုက်တာ။ ငါသေရွာသွားရဖို့ ဟန်ပြနေရချိန်မှာ ငွေကြေး အထောက်အပံ့ဖြင့် ဆေးဖိုးဝါးခ ကူညီခြင်းဖြင့် ဒုတိယအသက်ကို ဆက်ပေးသူကဆက်ပေး၊ ဘုရားမှာ မုန့်၊ဆွမ်း၊ ပန်းများကို ကပ်လှူပူဇော်ပြီး ဆုတောင်းမေတ္တာပို့သသူကပို့သခြင်းဖြင့် ဒုတိယအသက်ဆက်သူက ဆက်ပေးခဲ့ကြခြင်းကြောင့် ငါသေရွာက ပြန်လာနိုင်ခဲ့ပြီ။

လက်ကျန်ဘ၀ အစိတ်အပိုင်းလေးကိုတော့ အနေတတ်အောင် ကြိုးစား ဖို့လိုသလို သေနည်းမှန်မှန်ဖြင့် အသေတတ်အောင်လည်း ကြိုးစားဖို့လိုပေမည်။ နောက်နောင် ဆိုင်ကယ်စီးမည်ဆိုပါလျှင် နားအထိ၊ မေးအထိ လုံသော ကောင်းမွန်သည့် ဆိုင်ကယ်စီးဦးထုပ်မျိုးကို ကိုယ်တိုင်ဆောင်ဖို့လိုအပ်သကဲ့သို့ မိမိ၏ မိတ်ဆွေအပေါင်းအသင်းနှင့်တကွ တပည့်များကိုလည်း ဆိုင်ကယ်စီးလျှင် ကောင်းမွန်ပြီး စိတ်ချရသော၊ နားအထိ၊ မေးအထိလုံသော ဦးထုပ်မျိုးဆောင်းကြဖို့ တိုက်တွန်းပြောဆိုပေရလိမ့်မည်” ဟု စဉ်းစားခန်းထုတ်ရင်း ဆရာကျော်တစ်ယောက် ကံကောင်း ထောက်မစွာ သေရွာမှ ပြန်ရောက်လာခဲ့တော့သည်။

spot_img
spot_img

Recent posts