spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သေးဆူလဲ – နန်းမယ်ခုံ ကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ်ပြန်ဆုတ်ခွာ၊ စစ်ရေးတင်းမာနေသေး

ကန္တာရဝတီတိုင်း( မ် )

ဒီးမော့ဆိုမြို့ နယ် သေးဆူလဲ – နန်းမယ်ခုံ ကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ် မနေ့က ( နိုဝင်ဘာလ ၃၀ ရက်နေ့ ) စပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်နီပြည် ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

“နှစ်ရက်သုံးရက်လောက်ရှိပြီ။ သေးဆူလဲ- နန်းမယ်ခုံဘက်တစ်ကြောပေါ့နော။ အဲဒါ တိုက်ပွဲတွေပြန်ဖြစ်တယ် နောက် အရင်တုန်းက အဲဒီဘက်မှာ စစ်ကောင်စီတွေ လာထိုင်တာ ၈လလောက်ရှိပြီ။ အခုကတော့ အဲဒီ မနေ့ကနေ စပြီးတော့မှ တဖြည်းဖြည်း KNDF တို့ KA တို့ဘက်ကတော့ နေရာပြန်ယူလာပြီ။ သူတို့ကတော့ တပ်ဆုတ်သွားပြီ။ လောလောဆယ်ကတော့ အဲဒါပဲ ရှိသေးတယ်။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားတာတွေမရှိပေမယ့် စစ်ရေးအခြေအနေ တင်းမာနေသေးတဲ့အတွက် လူထုတွေ သွားလာမလုပ်ကြသေးဖို့ သူကဆက်ပြောပါတယ်။ သေးဆူလဲ- နန်းမယ်ခုံဘက်တစ်ကြော ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့ဘက်က KNDF တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး အထိအခိုက်တချို့ရှိပေမယ့် စစ်ကောင်စီဘက် အထိအခိုက်တော့ မသိရဘူးလို့ ဆိုပါတယ်။

 

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ယမန်နေ့ နိုဝင်ဘာလ ၃၀ရက်နေ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းကျေးရွာတစ်ရွာက နေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျခဲ့ပြီး နေအိမ်ထဲလူရှိနေခဲ့ပေမယ့် ထိခိုက်မှု မရှိခဲ့ပဲ တိရိစ္ဆာန်တချို့တော့ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

နန်းမယ်ခုံမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်အင်အားမမျှတဲ့အတွက် ဆုတ်ခွာပေးခဲ့ရတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးအပတ်မှာလည်း လွိုင်ကော်မြို့ ပါလောင်းကျေးရွာမှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ ထိခိုက်သေဆုံးတာရှိနိုင်ပြီး ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာ တချို့တော့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲဒုတိယရက်မှာ ဆူဖဲလောကျေးရွာကနေ ဆိုင်ကယ်နဲ့ မောင်းနှင်လာတဲ့ လူလတ်ပိုင်း အရပ်သားနှစ်ဦးထဲက တစ်ဦးကို စစ်ကောင်စီက တိုက်ပွဲအတွင်းမှာ ပစ်သတ်သွားခဲ့တယ်လို့ မြေပြင်သတင်းအချက်အလက်အရ သိရပါတယ်။

လက်ရှိမှာ အဲဒီဘက်က ဒေသခံတွေ စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီကလည်း တပ်စွဲနေရာယူထားတဲ့အတွက် တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်တယ်လို့ ကရင်နီပြည် ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် လူထုတွေအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်သတိပေးချက်တွေကို လိုက်နာပေးဖို့ သူက တိုက်တွန်းထားပါတယ်။

ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း စစ်ကောင်စီနဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦး သေဆုံးခဲ့သလို နှစ်ဦး ထိုခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF B-04 က နိုဝင်ဘာလ ၃၀ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img