spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဟိုပုံးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်းနဲ့ လက်နက်သိမ်းဆည်းရမိကြောင်း PNLA ထုတ်ပြန်

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာမှာ စစ်ကောင်စီ၊ ပြည်သူ့စစ်(PNO) ပူးပေါင်းတပ် နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အလောင်း ၄ လောင်း နဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ PNLA က အသိပေး ထုတ်ပြန်ထားပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ၊ ပြည်သူ့စစ်(PNO) ပူးပေါင်းတပ်ထံမှ လက်နက်ငယ် ၄ လက်၊ ၆၀ မမ လက်နက်ကြီး ၁ လက်၊ကား ၁ စီး နဲ့ ခဲယမ်းကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တဲ့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရာ စစ်ကောင်စီ အလောင်း၄လောင်းကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ် က ပအိုဝ်းဒေသလုံခြုံရေးဆိုင်ရာလှုပ်ရှားနေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) စစ်ကြောင်းကို လာရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီဟာ ဆီဆိုင်မြို့နယ်အတွင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နဲ့ ထမ်းဆန်းဂူဒေသကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ခရီးသွားပြည်သူတွေရဲ့ ကားတွေကိုလည်း ပစ်ခတ်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ် အာဏာရှင်တွေကို ကာကွယ်ပေးသူတွေကို စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ဖို့နဲ့ လက်နက်နဲ့တကွ ကူးပြောင်းလာသူတွေကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ‌ဖော်ပြထားပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု နေ့စဉ်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ နေရပ်ပြန် ပစ္စည်းသယ်ယူခြင်း မလုပ်ကြသေးဘဲ ဘေးကင်းလုံခြုံတဲ့နေရာမှာ ခိုလှုံပေးကြဖို့ကိုလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က တိုက်တွန်းထားပါတယ်။

spot_img
spot_img