spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဟိုဖိတ်ကျေးရွာမှာ ဒေသခံတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့ပြီး War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခဲ့တယ်လို့ လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ သတင်းမှားထုတ်ပြန်ထားတာတွေရှိနေပါတယ်။

Sai Pan Hpa အမည်နဲ့ ဖေ့ဘွတ်လူမှု ကွန်ယက်မှာ “KNPP, PDF ၏ War Crime (စစ်ရာဇဝတ်မှု)
ကျူးလွန်ခြင်း” ခေါင်းစဉ်နဲ့ သတင်းမှား ထုတ်ပြန်ရေးသားထားတာကိုတွေ့ရပါတယ်။

“KNPP+PDF အကြမ်းဖက်သမားများသည် ဇန် ၁၇ ရက်နေ့၊နေ့လည်ကတည်းက မိုင်းလုံး
ရပ်ကွက်နေ ဦးစိုးထွေးအပါအဝင် အပြစ်မဲ့ပြည်သူ ၅ ယောက်အား ဖမ်းဆီးသွားခဲ့ပြီး ဒလန် ဟုစွပ်စွဲ
ကာ နေ့စဉ်ညှင်းပန်းနှိပ်စက်ခဲ့ကြပြီး ကျန် ၃ ဦးကို ဇန် ၂၁ ရက်နေ့က နေရာပြောင်း ဖမ်းဆီး ခေါ်
ဆောင်သွားကြောင်း သိရှိရ။” ဟု ရေးသားချက်မှာတွေ့ရှိရသည်။

ဒါ့အပြင် KNPP နဲ့ PDF အဖွဲ့တွေဟာ ပြည်သူတွေကို လူသားဒိုင်း အဖြစ်အသုံးပြုတာရှိသလို လူနေအဆောက်အအုံတွေ၊ အစိုးရအဆောက်အအုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို အသုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ထုတ်ပြန်ချက်ကို ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် စွပ်စွဲချက်နဲ့ ပတ်သက်ပြီး KNDF ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုသိုက်ကတော့ အသတ်ခံရတဲ့ ပြည်သူဟာ စစ်ကောင်စီက သတ်ဖြတ်တာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

“ လူသားဒိုင်းလို လုပ်တဲ့ အလုပ်မျိုးကို ဘယ် EAO မှဘယ် PDF မှ ဘယ်တော့ အခါမှ မလုပ်ဘူး ဆိုတဲ့ ဟာမျိုး၊ ဒါ စစ်ကောင်စီရဲ့ သက်သက်စွပ်စွဲချက်မျိုးဖြစ်တယ်။ PDF တွေက ဖမ်းထားတယ်၊ ဆီးထားတယ်၊ ဆိုရင်တောင်မှ ဒါတွေဟာ တစ်ကယ်ကို လူ့အသိုင်းအဝန်းအတွက် လူ့ရဲ့ ရပ်ရွာအကျိုးအတွက် လုံးဝကို မလိုလားအပ်တဲ့ လူတွေ လုံးဝကို အများသူငှာ ဒုက္ခရောက်စေမယ့် အလုပ်မျိုး လုပ်တဲ့ လူတွေသာ ထိန်းသိမ်း ဖမ်းဆီးထားခြင်းမျိုးဖြစ်တယ်။ ကျနော်တို့ ဘက်က အဲ့လိုလက်လွှတ်စပယ် သတ်တာမျိုး တစ်ခါးမှ မရှိခဲ့ဘူး။ ဒါလည်း မလုပ်ထားဘူးပေါ့နော။”လို့ ကိုသိုက်က ပြောပါတယ်။

စစ်ကောင်စီဘက် အရပ်သားပြည်သူတွေကို စစ်တပ်ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး လမ်းပြအဖြစ်ခေါ်ယူခြင်း၊ လူသားဒိုင်းသုံးခြင်း၊ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်စီးခြင်း၊ ဖောက်ထွင်းခိုးယူခြင်း စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့အပြင် ပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကလိုအပ်တဲ့ ရိက္ခာတွေကို ဖျက်စီးတာဟာ လူသားမျိုးနွယ်တွေအပေါ် ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့ ကိုသိုက်က ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသတ်ဖြတ်ခံရသူ ၁၉၈ဦး ရှိသွားပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN) က ဇန်နဝါရီလ ၂၀ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

“ ဒီစစ်ပွဲအတွင်းမှာ တမင်သက်သက်သတ်ဖြတ်တာဖြစ်တယ်။ ကျနော်တို့ သိတဲ့အတိုင်းဘဲ ဒီဖရူဆိုဘက်မှာလည်း လေယာဉ်ဗုံးကျဲ နန်းမယ်ခုံဘက်မှာ လေယာဉ်ဗုံးကျဲတဲ့အတွက် အသက်သေဆုံးတဲ့ လူ အဲ့လိုမျိုး ရှိတယ်ပေါ့နော။ ဆိုတော့ လူထုတွေ သေတဲ့လူ တအားများသွားပြီ။ ဒီစစ်ကြောရေးမှာ သေတာရှိတယ်။ ဒီအနည်းကျဉ်း ခပ်များများသည် စစ်ပွဲအတွင်းမှာ စစ်သားတွေက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်တာရှိတယ်။ စစ်ပွဲအတွင်းမှာ ဖြစ်စေ စစ်ပွဲပြီးတဲ့ အချိန်မှာ သူတို့က ရှုံးတော့ လူထုတွေကို အကြောင်းမဲ့ ပစ်သတ်တယ်။ ဒီပုံစံမျိုးနဲ့ ကျနော်တို့ ပိုပြီးတော့ အတွေ့များတယ်ပေါ့နော။ ကျနော်တို့ရဲ့ မှတ်တမ်းအရ။ “ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် (KCSN) ဒုတိယတာဝန်ခံ ရိုဘီက ပြောပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြည်ပြည်ဆိုင်ရာမှာ တရားစွဲနိုင်ဖို့ ကြိုးစားသွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီး ခူထဲဘူးကပြောပါတယ်။

“ ဒါကိုမဖြစ်မနေ အပြည်ပြည်ဆိုင်ရာကို ဒီအချက်အလက်တွေရောက်သွားပြီးတော့မှ သက်သေခံအတိအကျနဲ့ကျူးလွန်တဲ့သူတွေ အားလုံးပေါ့လေ၊ စစ်ကောင်စီနဲ့သူ့အဖွဲ့သားတွေကို တရားဝင် တရားစွဲနိုင်ဖို့ အဲ့ဒါတော့ ကြိုးစားနေကြပါတယ်။ အဲ့ဒါ ကျနော်တို့ကနေ အဓိက ဒေသခံတွေဖြစ်တဲ့ KSCC အဖွဲ့တို့ ရဲအဖွဲ့တို့ အားလုံး ကရင်နီပြည်သူလူထုတွေပေါ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ကျနော်တို့ပဲ လုပ်လို့မရဘူး NUG ကလည်းတတ်နိုင်သလောက် သူ့အခန်းကဏ္ဍနဲ့သူပေါ့လေ ကျရာရောက်တဲ့တာဝန်မှာ ဝိုင်းဝန်းတာဝန်ယူပေးနေပါတယ်။ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေပါတယ်။ ” လို့ ခူထဲဘူးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ယမန်နေ့( ဇန်နဝါရီလ ၂၄ရက်နေ့) တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ သုံးကြိမ်လာရောက် ပစ်ခတ်ခဲ့တယ်လို့ KNDF က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၂ခုနှစ်အတွင်း အရပ်သား သေဆုံးသူ ၁၈ဦးအထိရှိနေပြီး ပျောက်ဆုံးနေသူ ၈ဦးအထိရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးကောက်ယူထားတဲ့ စာရင်းအရသိရပါတယ်။ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ ကရင်နီပြည်နယ်မှာ လက်ရှိအချိန်အထိ စစ်ဘေးရှောင် တစ်သိန်းခုနစ်သောင်းရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img