spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဟွေအောကျေးရွာအနီး ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KA ၊KNDF၊ KNPLF ပူးတွဲထုတ်ပြန်

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ရွာသစ်မြို့ ဟွေအောကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီတပ်မတော် ( KA )၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) တို့ကနေ ဒီကနေ့ ( ဇန်နဝါရီလ ၂၀ ရက်နေ့ ) မှာ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ အခက်အခဲကြားထဲက အဖြစ်မှန် ပေါ်ပေါက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်လကျော်အတွင်း အဲဒီဖြစ်စဉ်ကို စုံစမ်းခဲ့ပြီးနောက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ထိပ်သီးခေါင်းဆောင်တွေဆီ အစီရင်ခံ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဟွေအောဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု တစ်ခုဖြစ်ခဲ့ပြီး KNPLF တပ်ဖွဲ့ဝင် ၉ဦးနဲ့ အရပ်သား ၂ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးတဲ့နောက် စုံစမ်းစစ်ဆေးသွားမယ်လို့ အဖွဲ့အစည်းအသီးသီးက အသိပေးထားတာပါ။

ဟွေအောဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ချမှတ်ထားတဲ့ စစ်စည်းမျဥ်းဥပဒေပြဌာန်းချက်နှင့်အညီ အပြစ်ပေး အရေးယူမှုတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဤဖြစ်စဥ်ကြောင့် မိမိတို့အကြား ညီညွတ်ရေးကို မထိခိုက်စေဘဲ ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၊ စစ်အာဏာရှင်တော်လှန်ရေး အရှိန်မြင့်တင်နိုင်ရေးနှင့် ပြည်သူလူထု၏ ထောက်ခံယိုင်းပင်းမှု မကျဆင်းစေရေးတို့အတွက် ဖြစ်စဥ်တွင် ပါဝင် ပတ်သက်သည့် တပ်ဖွဲ့ဝင်များအား သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ချမှတ်ထားသည့် စစ်စည်းမျဥ်းဥပဒေပြဌာန်းချက်နှင့်အညီ အပြစ်ပေး အရေးယူမှုများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်သွားမည်။” လို့ ထုတ်ပြန်ချက်ထားမှာ ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ စိုးရိမ်မှုမဖြစ်ကြဖို့၊ ကောလဟလတွေကိုမယုံကြဖို့၊ သွေးခွဲသပ်လျိုမှုတွေကို တော်လှန်ရေး အသိနဲ့ အထူးသတိထားကြဖို့၊ ပြည်သူတစ်ရပ်လုံးအနေနဲ့ တော်လှန်ရေးကို ဆက်လက်ထောက်ခံအားပေးကူညီကြဖို့နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို အတူတကွ အဆုံးထိ ဆက်လက်ပါဝင် သွားမှာဖြစ်ကြောင်းကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။

spot_img
spot_img