spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အကန့်အသတ်ကြားက လုပ်ရှားသွားလာနေရတဲ့ ဖားဆောင်းမြို့

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တာရားပုံမှန်လည်ပတ်တဲ့အထဲ ဖားဆောင်းမြို့နယ်လည်း ပါဝင်ပါတယ်။

မိုးရာသီကာလမှာ ပုံမှန်စိုက်ပျိုးလေ့ရှိကြတဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့တွေ စုပေါင်းပြီး ဇူလိုင်လ ၁၆ ရက်နေ့ ပြုလုပ်တာရှိပါတယ်။

ဒါ့အပြင် လမ်းဆုံလမ်းထောင့်တွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေက အသိပညာပေးတာတွေ ပြုလုပ်တာရှိနေပါတယ်။ သို့ပေမယ့် ဒီအရာတွေက ဟန်ပြသက်သက်သာဖြစ်ပါတယ်။

ရုံးပုံမှန်ဖွင့်တာ၊ စာသင်ကျောင်းပုံမှန်ဖွင့်လစ်တာဟာ စစ်ကောင်စီယန္တာရား ပုံမှန်လည်ပတ်နေတဲ့ပုံစံမျိုးဖြစ်နေပေမယ့် တကယ်လက်တွေ့မှာတော့ ရုံးတွင်း လူမရှိတာ၊ ရှိတဲ့သူတွေကလည်း အနည်းစုသာ ရှိပြီး ပုံမှန်ရုံးတက် ရုံးဆင်းတာ မရှိပါဘူး။

တစ်ခါတစ်ရံ စာသင်ကျောင်းရှေ့၊ လမ်းဆုံလမ်းထောင့်တွေမှာ လုံခြုံရေးအကြောင်းပြပြီး စစ်သားတွေ လှည့်ကင်းတာတွေရှိနေပါတယ်။

ဖားဆောင်းမြင်ကွင်းတနေရာ
ဓာတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

ဖားဆောင်းမြို့လို့ပြောလိုက်ရင် ခဲမဖြူအဖြိုက်၊ ခဲသတ္တုလုပ်ကိုင်ဆောင်ရွက်ကြပြီး သဘာဝသံယံဇာတပေါကြွယ်လှတဲ့ တောင်ပေါ်ဒေသ မော်ချီး နဲ့ အပူချိန်မြင့်မားတဲ့ ဘောလဲမြို့ အကြားက မြို့လေးတစ်မြို့ပါ။

စီးဆင်းနေတဲ့သံလွင်မြစ်နံဘေးက ဖားဆောင်းမြို့နေ ပြည်သူတွေဟာ တောင်ယာ၊ နှမ်း၊ စိုက်ပျိုးရေးလုပ်ငန်းကိုသာ အားပြုပြီး အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ သို့ပေမယ့် လက်ရှိအခြေအနေမှာတော့ သွားလာရခက်ခဲတာ၊ စစ်ဆေးမေးမြန်းမှုခံရတာ၊ ကုန်ဈေးတက်တာတွေရှိတယ်လို့ ဖားဆောင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“အရင်ကတော့ တစ်ခုခုဆို လွတ်လွတ်လပ်လပ်လုပ်လို့ရတာပေါ့။ ခုကတစ်ခုခုဆိုကြောက်နေရတယ်လေ။ကုန်ဈေးနှုန်းကလဲအရမ်းတက် ပိုက်ဆံနှစ်သောင်းသုံးသောင်း ဘယ်လောက်မှမသုံးရဖူး” လို့ သူက ပြောပါတယ်။

သွားလည်ပတ်စရာသိပ်မရှိတဲ့ ဖားဆောင်းမြို့မှာ ညနေညခင်း ဘက်တွေမှာ လူငယ်တွေအများစု သွားရောက်အပန်းဖြေလေ့ရှိတဲ့ ဖားဆောင်းသံလွင်တံတားမှာလည်း ခုတော့ စစ်ကောင်စီဂိတ်ထိုင်ပြီး အသွားအလာစစ်ဆေးတဲ့နေရာတစ်ခုဖြစ်သွားပါပြီ။ ညနေ ၆နာရီနောက်ပိုင်း လမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်သားတွေကလွဲလို့ သွားလာလုပ်ရှားမှုတွေက တိတ်ဆိတ်နေလို့။

ဖားဆောင်းမြင်ကွင်းတနေရာ
ဓာတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

“ည ၆ နာရီကျော်ဆိုရင် အဲ့ဒီနေရာတွေသွားလာလို့မရတော့ဘူးပေါ့နော။ ပြီးတော့ ညပိုင်းဆိုရင်လည်း အရင်တုန်းကဆိုရင် လူငယ်တွေက လျှောက်လည်နေကြပဲပေါ့နော။ ညဆို လက်ဖက်ရည်ဆိုင်ထိုင်တာရှိမယ်။ သွားတာလာတာရှိမယ်ပေါ့နော။ အခုနောက်ပိုင်းဆိုရင်တော့ မရှိတော့ဘူးပေါ့နော။ ညဆိုရင် သိပ်မထွက်ရဲကြတော့တဲ့အထိ ဖြစ်တယ်ပေါ့နော။”လို့ လူငယ်တစ်ဦးက ပြောပါတယ်။

ဆက်သွယ်ရေးလိုင်းအနေနဲ့ MPT ဖုန်းလိုင်းတစ်မျိုးသာရပြီး အချိန်အကန့်အသတ်နဲ့သာ သုံးခွင့်ရပါတယ်။ မနက်၆နာရီကနေ ၁၁နာရီခွဲ တစ်ကြိမ်၊ နေ့လည် ၁၂နာရီခွဲကနေ ညနေ ၄နာရီခွဲ တစ်ကြိမ်၊ ညနေ ၅နာရီခွဲကနေ ၁၀နာရီ တစ်ကြိမ် စတဲ့အချိန်အတောအတွင်းသာ ဖုန်းလိုင်း၊ အင်တာနက် ရရှိတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စပ်မီးပုံမှန်မရပါဘူး။ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက်မှာတော့ လုံးဝမရရှိတော့တာ တစ်နှစ်ကျော်ရှိနေပါပြီ။ မြို့တွင်း သွားလာတဲ့ပြည်သူတွေကိုတော့ အစစ်ဆေးမရှိပေမယ့် သံလွင်တံတားနား စစ်ကောင်စီဂိတ်မှာတော့ ဆိုင်ကယ်ဆင်းတွန်းပြီး သွားရတဲ့အချိန် ရှိပါတယ်။

“သံလွင်တံတားနားတစ်ချက်ဆိုရင်တော့ တစ်ခါတစ်လေ မနက်ပိုင်းသွားလို့ရှိရင် သူတို့တွေက ဆိုင်ကယ်မစီးခိုင်းဘဲနဲ့ တွန်းခိုင်းတဲ့အချိန်တွေရှိတယ်ပေါ့နော။ ဆိုင်ကယ်စီးလို့ရှိရင် သူတို့က အော်ပြီးတော့ ပြောတယ်ပေါ့နော။ ဆိုင်ကယ်မစီးရဘူး မတွေ့ဘူးလား စာရေးထားတာ အဲ့လိုမျိုးပေါ့နော။ အော်တာတွေရှိတယ်ပေါ့နော။ ဒါကတော့ ကျနော်ကိုယ်တိုင်ကြုံခဲ့ရတာမလို့ပါ။” လို့ အော်ငေါက်ခံလိုက်ရတဲ့ လူငယ်တစ်ဦးက ကိုယ်တွေ့ကို ပြောပြပါတယ်။

အခက်အခဲတချို့ကြားက ကုန်ဈေးနှုန်းတက်တာ၊ ညပိုင်းမထွက်ရတာ၊ တစ်ခါတစ်ရံအစစ်ဆေးခံရတာ ဆိုပေမယ့် ပုံမှန်လည်ပတ်နိုင်တဲ့အနေအထားမှာရှိနေပါတယ်။ သို့ပေမယ့် တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသ၊ စစ်ရှောင်အခြေအနေတွေကို ကြားသိရတာ စိတ်မကောင်းဘူးလို့ ဆိုပါတယ်။

“တိုက်ပွဲဝင်ပြီးတော့ ရှေ့တန်းမှာသွားနေကြတယ်။ လာနေကြတယ် အခက်အခဲတွေကြုံနေကြတယ်။ တချို့သူတွေဆို အဲ့လိုမျိုးမြင်ရတယ် ကိုယ်ကစိတ်မကောင်းဘူးပေါ့နော။ သေကြတယ် ကြေကြတယ် ဒုက္ခတွေရောက်ကြတယ်။ တချို့ဆိုရင် စားဖို့အတွက် လှူခံပြီးမှစားရတယ် ဒါမျိုးတွေက ကိုယ့်ရဲ့ရင်ထဲမှာဆိုရင်မကောင်းဘူးပေါ့နော။ လူသားအချင်းချင်းဖြစ်တဲ့အတွက် ကိုယ်ခံစားရတယ် ကိုယ့်တစ်ပြည်နယ်သားချင်းဆိုတော့ ရင်ထဲမကောင်းဘူးပေါ့နော။” လို့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

အရင်ပုံမှန်အချိန်တွေလို လွတ်လွတ်လပ်လပ်သွားလာလုပ်ရှားတာ၊ လျှပ်စစ်မီးပုံမှန်ပြန်ရတာ၊ ဖုန်းလိုင်း အင်တာနက်လိုင်း ပုံမှန်ရတာ၊ အခြေခံလူတန်းစားအဆင်ပြေဖို့အတွက် ကုန်ဈေးနှုန်းပုံမှန်ပြန်ဖြစ်တာ၊ ညနေ ညပိုင်း လက်ဖက်ရည်ဆိုင်ထိုင်ပြီး စကားဝိုင်းဖွဲ့တာ၊ ဖားဆောင်းသံလွင်တံတားနား လေညှင်းခံတာ ကို ပြန်လိုချင်မိတယ်လို့ လူငယ်တွေက ပြောကြပါတယ်။

တစ်ဖက်မှာလည်း ပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်းမြို့၊ ရှားတော မြို့နယ်အသီးသီးမှာ တိုက်ပွဲဖြစ်ပွားနေပေမယ့် ဖားဆောင်းမြို့ကတော့ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးယန္တာရားပုံမှန်လည်ပတ်နေဖို့ ကြိုးစားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားဆောင်းမြင်ကွင်းတနေရာ ဓာတ်ပုံ – ကန္တာရဝတီတိုင်း(မ်)
spot_img
spot_img