spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အကျဉ်းကျခံနေတဲ့ သားဖြစ်သူအတွက် မိခင်ရဲ့ ပူပန်မှု

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့မ ရဲစခန်းမှာ ဖမ်းဆီးခံနေရတဲ့ သားဖြစ်သူကို ဒေါ်မော်မြာ(အမည်လွဲ) တစ်ယောက် နေ့စဉ်၊ ရက်ဆက် ထောင်ဝင်စာ ပို့တာတွေကို ၂၈ ရက်ဆက်တိုက် သွားခဲ့ရပါတယ်။ နေ့စဉ် မနက် (၈)နာရီတစ်ခါ၊ ညနေ(၄)နာရီတစ်ခါ စားစရာသွားပို့ပေးတာဖြစ်ပြီး ဆိုင်ကယ်နဲ့ နာရီဝက်ကြာသွားရတာ ဖြစ်ပါတယ်။

မြို့ထဲသွားရတာ ဖြစ်တဲ့အတွက် လွိုင်ကော်မြို့တွင်းမှာ ဆိုရင် စစ်ကောင်စီကနေပြီး စစ်ဆေးတာတွေကိုလည်း ခဏခဏ ကြုံရတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဆိုင်ကယ်မစီးတတ်တဲ့အတွက် သူများကိုငှားခေါ်ရသလို ဆိုင်ကယ်ဆီဖိုးနဲ့တင် ရက်တိုင်း ပိုက်ဆံကုန်ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သားဖြစ်သူရဲ့ မျက်နှာကိုတော့ တခါမှ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

သားဖြစ်သူကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ ကတည်းကလွိုင်ကော်မြို့တွင်း တစ်နေရာမှာ စစ်ကောင်စီရဲ့ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။ လက်ထဲမှာ ငွေသား လေးသိန်းပါတဲ့အတွက် PDFတွေကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တယ်လို့ မိခင်ဖြစ်သူကဆိုပါတယ်။ လက်ရှိမှာတော့ လွိုင်ကော် ထောင်ကြီးမှာ အချုပ်ကျ ခံနေရပါတယ်။

သားဖြစ်သူကတော့ ပုဒ်မ ၁၇(၁)နဲ့ တရားစွဲခံထားရတာပါ။ ရှေ့နေခေါ်ခွင့်ရှိတယ်လို့ သိရပေမယ့် ဥပဒေအကြောင်းနားမလည်သလို အမှုရုံးချိန်းတာတွေလည်း မသိရ၊ မပြောပြဘဲ သူတို့ဘာသာအမိန့်ချပြီး ထောင်ကြီးကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ ထောင်ဘယ်နှနှစ် ကျခံရမှန်းလည်း မသိရှိရဘူးလို့ ဆိုပါတယ်။

“ စိတ်ပူတာပေါ့။ ကိုယ့်သားပဲ မီးခဲထက်တောင်ပူတယ်။ မီးခဲတောင်မှ ခဏနေဆိုရင် မီးသေသွားရင် အေးသွားတာပဲ။ အခုက ကိုယ့်သားတစ်ယောက်လုံး အချူပ်ခန်းထဲမှာဆိုရင် ဘယ်လိုမှ မပျော်ဘူး။ တခါတလေ အလုပ်လုပ်ရင်တောင်မှ ဘာလုပ်ရမှန်းမသိတော့ဘူး။ “ လို့ မိခင်ဖြစ်တဲ့ ဒေါ်မော်မြာက ပူပန်သောကနဲ့အတူ ပြောထွက်လာတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီကနေပြီးတော့ ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ တရားစွဲဆိုတာတွေက ထောင်နဲ့ချီ ရှိနေပါတယ်။ ကရင်နီပြည်နယ်မှာဆိုရင်လည်း စစ်ကောင်စီကနေပြီးတော့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာတွေ၊ တရားစွဲဆိုတာတွေလည်း ရာနဲ့ချီ ရှိနေတာပါ။ အဲ့ဒီအထဲမှာ ဒေါ်မော်မြာ ရဲ့ သားဖြစ်သူပါဝင်ခဲ့တာပဲဖြစ်ပါတယ်။

မတရားအသင်းနဲ့ ဆက်သွယ်တယ်၊ ကူညီတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပေမယ့် သားဖြစ်သူကတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထဲ ပါဝင်တာတော့ မရှိဘူးလို့ မိခင်ဖြစ်သူက ဆိုပါတယ်။

“ ကိုယ့်သားတစ်ယောက်လုံးလေ။ သူ့ဟာသူအပြင်မှာ နေရင် အေးဆေးလေ။ နောက်အထဲမှာဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အချုပ်အနှောင်ထဲမှာဆိုတော့ ဘယ်လိုပဲ စဉ်းစားစဉ်းစား သူ့အတွက်လွတ်လပ်မှု ဆိုတာ လုံးဝမရှိတော့ဘူး။ အဲ့လိုမျိုးပေါ့။ စဉ်းစားလိုက်ရင် စိတ်နာတယ်။ ” လို့ ဒေါ်မော်မြာကဆိုပါတယ်။

လွိုင်ကော်မြို့တွင်းတွေမှာ ဆိုရင်လည်း စစ်ကောင်စီက စစ်ဆေးတာတွေ၊ ပြစ်ဒဏ်ပေးတာတွေ၊ ဖမ်းဆီးတာတွေ လည်းရှိနေပါတယ်။ တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာလည်း စစ်ကောင်စီစစ်ကြောင်းထိုးတာနဲ့ တိုးရင်လည်း ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ (၁၉)ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးကတော့ ထောင်တွင်းမှာ အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့သူတွေ အများကြီးရှိနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားထားတာရှိပါတယ်။
“ ကျနော်တောင်မှ စာရွက်လိုက်ကြဲလို့ ဖမ်းခံထိတယ်ဆို ဒါက ကိုယ့်အမှုပေါ့ ၅၀၅လို့ပုဒ်မ သတ်တာတော့ အဓိပ္ပာယ်ရှိသေးတာပေါ့ ။ တချို့ဟာခါကျတော့ ဘားမှမဟုတ်ဘဲ ကလေးထိန်းရင်းနဲ့ ဖမ်းခံရတဲ့ လူတွေ ပြီးတော့ လက်ထပ်ပွဲသွားရင်းနဲ့ ဖမ်းခံရတဲ့လူတွေ အသုဘမှာ ထမင်းစားရင်းနဲ့ ဖမ်းခံရတဲ့လူတွေ သူတို့ကျတော့ ရုံးလည်မထုတ်ဘူး ရုံးလည်းမစစ်ဘူး။ အခုဆို သူတို့မှာ ထောင်ဝင်စာလည် မလာတော့ဘူးဆိုတော့ သူတို့ဆို တော်တော်ခက်ခဲတယ် အဲ့တာတွေလည်းရှိတယ်။ “ လို့ ပြန်လည်လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးက ဆိုပါတယ်။

ဒေါ်မော်မြာအနေနဲ့လည်း ထောင်ထဲမှာ သားဖြစ်သူ အကျဉ်းကျခံနေရပြီး တွေ့လည်း မတွေ့ရတဲ့အပေါ် နေ့ရက်တိုင်း စိတ်ပူနေရတာဖြစ်ပါတယ်။ ပုဒ်မ ၁၇(၁) မတရားသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မကတော့ ထောင်ဒဏ် ၂နှစ်ထက်မနည်း ၃နှစ်ထက်မပိုသော ထောင်ဒဏ်နှင့်ငွေဒဏ် စီရင်ခြင်းခံရနိုင်တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံရတဲ့ သူတချို့ဟာဆိုရင်လည်း မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတာတွေလည်း ရှိနေကြပါတယ်။ စစ်ကောင်စီဖက်က စိတ်ကြိုက်စီမံနေတာဖြစ်တဲ့အတွက် ဥပဒေကလည်း အသုံးမဝင်တော့ဘူးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆရာဗညားက အခုလိုပြောပါတယ်။

“ တချို့ကိစ္စတွေက နည်းနည်းလေး ညှိနှိုင်းလို့ရတဲ့ ပုံစံတချို့ဟာရှိတယ်။ ဒါပေမယ့် လုံးဝ ရှေ့နေခေါ်လို့မရဘူး ညှိနှိုင်းလို့မရတဲ့ ဖြစ်စဉ်အများကြီးရှိတယ်။ အထူးသဖြင့် စစ်ကောင်စီက ဂိတ်တွေ ချပြီး ဖမ်းဆီးထားတဲ့ အမှုတော်တော်များများမှာ ကျနောတို့က ရှေ့နေလိုက်လို့ မရဘူး။ လိုက်လည်း ဘာမှ အကျိုးမရှိဘူး။ ဘယ်သူမှလည်း မလိုက်ရဲတော့ဘူး ဘာဖြစ်လို့လဲဆိုရင် သူတို့တပ်ချင်တဲ့အမှု သူတို့စွဲချင်တဲ့ အမှုကို သူတို့က ပြင်ဆင်ထားပြီးသားပဲ နောက်ပြီးတော့မှ ဘာမှကို အသေအချာ စစ်ဆေးမှုတွေ မရှိဘူး သူတို့လိုချင်တဲ့ ပုံစံအတိုင်းပဲ အမိန့်ချသွားတဲ့ဟာတွေ ထောင်တွင်းအမိန့်ပုံစံမျိုးပဲ သွားတဲ့ပုံစံဖြစ်တဲ့အတွက် ဥပဒေကြောင်းအရဆို ဘာမှအသုံးမဝင်တော့ဘူးပေါ့နော။ “

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ကရင်နီပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူ ၂၀၀ကျော်ရှိတယ်လို့သိရပါတယ်။ ဒါပေမယ့် ကောက်ယူထားတဲ့ စာရင်းထက် နှစ်ဆ၊ သုံးဆပိုများရင်လည်း များနိုင်တယ်လို့ အကြမ်းဖျင်းပြောလို့ရတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့ကနေ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ဖော်ပြချက်အရ ဖမ်းဆီးချုပ်နှောင်ခံရသူ (၇၈၆၀)ဦးအထိရှိတယ်လို့ ထုတ်ပြန်ပါတယ်။ အဲ့ဒီအထဲမှာ (၃၆၃)ဦး ထောင်ဒဏ်ချမှတ်ခြင်းခံထားရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ စာရင်းကောက်ယူတာတွေ ထောင်နဲ့ချီရှိနေပေမယ့် လူမသိသူမသိ ဖမ်းဆီးခံရသူတွေလည်း အများကြီးရှိနိုင်တာ ဖြစ်ပါတယ်။ သားဖြစ်သူ ဖမ်းခံရတဲ့ ဒေါ်မော်မြာကတော့ အရေးတော်ပုံ အောင်ရင် ပြန်လွတ်မှာပါဆိုတဲ့ ယုံကြည်ချက်နဲ့ သောကကို ဖြေဆည်နေရပါတယ်။

spot_img
spot_img

Recent posts