spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အကြမ်းဖက်စစ်ကောင်စီမှ လူသားမျိုးနွယ်အပေါ် ကျုးလွန်နေသည့် ရာဇဝတ်မှုများကို စက်တင်ဘာလအတွင်း နိုင်ငံတကာသို့ တင်ပြသွားမည်

ကန္တာရဝတီတိုင်း(မ်)

ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ကောင်စီက ကျုးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ကောင်စီက မတရားလုပ်ရပ်တွေကိုလည်းဆက်လက်အကောင်အထည်ဖော်သွားနိုင်ဖို့ နိုင်ငံတကာကို တင်ပြနိုင်ဖို့ ပြည်နယ်အလိုက် စုစည်းနေပြီး ရလာတဲ့အချက်တွေကို ပေါင်းကာ စက်တင်ဘာလအတွင်းမှာ တင်ပြသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က ပြောပါတယ်။

“ အားလုံးကို သေချာ စာတမ်းပြုစုပြီးတော့ စက်တင်ဘာလကျရင် နိုင်ငံတကာကို တင်နိုင်ဖို့ စာတမ်းပြုစုပြီး လုပ်နေတယ်ပေါ့နော။ လောလောဆယ်ကတော့။ ဒီ Process ထဲမှာ ဖြစ်နေတယ်။ အားလုံးပူးပေါင်းပြီး ဆောင်ရွက်နေတာရှိတယ်ပေါ့နော။ သို့ပေမယ့် အချက်အလက်တွေတော့ အားလုံး မရောက်လာသေးဘူး။ သူတို့ကတော့ မြေပြင်မှာ ဆိုင်ရာ ပြည်နယ်တွေကတော့ စီစဉ်မှုတွေ လုပ်နေတယ်ပေါ့နော။ ဥပမာ ကရင်နီပြည်နယ်ဆိုရင်လည်း အခုဖြစ်ပေါ်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သေချာပြုစုထားဖို့ အချက်အလက်တွေနဲ့တကွပေါ့နော။ သူတို့ လုပ်နေတာ ရှိတယ်ပေါ့နော။ ပြီးတာနဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနကို ပို့လာလိမ့်မယ်။” လို့ ဗဟန်းထန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ရက်နေ့မှာ စစ်ကောင်စီတပ်မှ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းရှိ ဒေသခံပြည်သူ ၄ ဦးကို လမ်းမပေါ်မှာ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်အတွင်းရှိ လွယ်လုံနဲ့ စက်တော်ရွာမှ ဒေသခံ ၁၀ဦးအား ဖမ်းဆီးခြင်း၊ ဖရူဆိုမြို့နယ်အတွင်းရှိကျေးရွာနဲ့ လမ်းသွားပြည်သူအချို့ စုစုပေါင်း ၁၃ဦးအား ဖမ်းဆီးခဲ့ပြီး ၎င်းအထဲ ၅ဦးသာ ပြန်လည်လွှတ်မြောက်လာခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဩဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်းသွားရာ ကျေးရွာတစ်လျှောက် ဒေသခံပြည်သူအချို့ကို လမ်းပြအဖြစ်သော်လည်းကောင်း၊ အထမ်းသမားအဖြစ်သော်လည်းကောင်း၊ လူသားဒိုင်အဖြစ်သော်လည်းကောင်း ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူလူထုရဲ့ အခြေခံလူ့အခွင့်အရေးအား ချိုးဖောက်နေတဲ့အပြင် စစ်ပွဲအတွင်း စစ်ရာဇဝတ်ကျူးလွန်မှုနဲ့ သေစေနိုင်တဲ့ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးခေါ်ဆောင်သွားမှုဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

“ဒီလိုမျိုး ပြည်သူလူထုတွေကို ဖမ်းဆီးပြီးတော့မှ လူသားတံတိုင်းအဖြစ် စေခိုင်းတဲ့ဟာ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်တဲ့အပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး Convention တွေပေါ့နော။ အထူးသဖြင့် Convention မှာဆိုရင်လည်း ဒီဟာက အရမ်းကို ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုလို့ သတ်မှတ်တယ်။ ဒီဟာက စစ်ရာဇဝတ်မှုလည်းမြောက်တယ်။ လူသားမျိုးနွယ်အပေါ်မှာ ချိုးဖောက်သော ရာဇဝတ်မှုမြောက်တယ်။ အဲ့ဒါကြောင့်မလို့ ကျတော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရခြင်းဖြစ်တယ်။ အဲဒါက နံပါတ်တစ်အချက်ပေါ့။ နံပါတ်နှစ်အချက်က ကျတော်တို့က စစ်ပွဲဖြစ်တဲ့ကာလမှာ လူထုတွေကို ဖမ်းဆီးပြီးတော့မှ လမ်းပြဖြစ်စေ လူကိုမိုင်းရှင်းဖို့အတွက် လူသားတံတိုင်းဖြစ်စေ မဟုတ်ရင်လည်း အန္တာရာယ်ရှိတဲ့နေရာမှာ လူထုကိုအကာအကွယ်ယူပြီးတော့မှ လူသားတံတိုင်းအဖြစ်သွားခိုင်းတဲ့ လုပ်ငန်းစဉ်တွေ လူထုတွေကို ဖမ်းဆီးပြီးတော့မှ ပေါ်တာဖြစ်စေ အထမ်းသမားဖြစ်စေ လမ်းပြဖြစ်စေ အဲ့ဒါတွေက လူ့အခွင့်အရေးချိုးဖောက်မှုအပြင် Convention အရကြည့်မယ်ဆိုရင်လည်း စစ်ရာဇဝတ်မှုမြောက်တယ်ပေါ့နော။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

ဖမ်းဆီးခံရ ဒေသခံပြည်သူတို့မှာ စစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက်မှုကိုခံရတဲ့အပြင် အတင်းအဓမ္မစေခိုင်းမှုတွေ လုပ်ဆောင်နေသလို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့မှာလည်း ဖရူဆို-ဒီမော့ဆို-လွိုင်ကော်လမ်းမကြီးတစ်လျှောက် တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာ ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၀ ဦးဝန်းကျင် စစ်ဝတ်စုံဝတ်ဆင်ခံထားရပြီး လက်ကိုနောက်ပြန်ကြိုးတုပ်တာတွေ ပစ္စည်းထမ်းခိုင်းတာတွေကို ပြည်သူလူထုတွေ့ရှိအောင် မြင်သာထင်သာ ပြုလုပ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒေသခံပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးအချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာကို ပေးပို့လျက်ရှိပြီး နိုင်ငံတကာမှာ ပိုအားကောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုသိရှိအောင် ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“နောက်ပိုင်းကျရင်တော့ ဒီမှာဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှ အားလုံးကို ကျတော်တို့ကရင်နီပြည်မှာရှိနေတဲ့အရပ်ဖက်အဖွဲ့အစည်းတွေနဲ့အတူသော်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းနဲ့လည်းဖြစ်စေ ကျတော်တို့တွေ့ဆုံမယ် ထို့အပြင် NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့လည်း နုတ်အားဖြင့် ဆွေးနွေးချက်တွေရှိတယ်။ သဘောတူညီချက်တွေရှိတယ် ဒီအချက်အလက်တွေကို ပုံမှန် ပေးပို့သွားပြီးမှ နိုင်ငံတကာမှာ ပိုအားကောင်းတဲ့လူ့အခွင့်အရေးလုပ်ရှားမှုတွေကို ချိုးဖောက်မှုတွေကို နိုင်ငံတကာပိုသိအောင် ဆက်လက်လုပ်ရှားပေးဖို့အတွက် နုတ်အားဖြင့်သဘောတူထားတာရှိပါတယ်။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ဆက်ပြောပါတယ်။

ဒါ့အပြင် ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကရင်နီပြည်တွင်း အကြမ်းဖက်စစ်ကောင်စီမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုအား ချက်ချင်းရပ်တန့်ရန်၊ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အပြစ်မဲ့ပြည်သူလူထုအား ခြွင်းချက်မရှိ လွှတ်ပေးရန်နဲ့ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားတဲ့လုပ်ငန်းအား တားဆီးခြင်း၊ ဖမ်းဆီးခြင်းတွေ မပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

နိုင်ငံတကာရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှုတောင့်ကနေ သတ်မှတ်ထားတဲ့ အချက်အလက်အရ လူ့အခွင့်အရေးချိုးဖောက်ယုံသာမကပဲ လူသားတံဒိုင်းအဖြစ် အသုံးပြုတာတွေ၊ ရပ်ရွာတွေထဲကို လက်နက်ကြီးများ ပစ်ခတ်မှုတွေဟာ စစ်ရာဇဝတ်မှု ( world crime) ကျူးလွန်တာ ဖြစ်သလို လူသားမျိုးနွယ်အပေါ်ရာဇတ်မှုကျုးလွန်တာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က ပြောပါတယ်။

spot_img
spot_img