နော်ဒွေးအယ်ခူ
ကယား(ကရင်နီ)ပြည်နယ်အတွင်း ခဲမဖြူအဖြိုက်နက်ဓါတ်သတ္တုအကြီးစားစီမံကိန်း တူးဖော်ရေးလုပ်ငန်းကို ၅နှစ်ကြာ ကယားပြည်နယ် သတ္တုထုတ်လုပ်ရေးကုမ္ပဏီ (KMPC) လုပ်ကိုင်ခွင့်ရရှိထားသည်ဟု ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဦးတီရယ်ကပြောပါသည်။
ဝန်ကြီးဦးတီရယ်က “ အခု ၂၀၁၉ကနေ ၂၀၂၄ထိ ပြီးမှာဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့ခွင့်ပြုချက်နဲ့ပဲ လုပ်ငန်းမစတင်ခင်ကတည်းက ရေရှည်စီမံကိန်းနဲ့ ၅နှစ်၅ကြိမ်ပေါ့နော အဲ့ကတည်းက စာချုပ်Plan တွေဆွဲထားတယ်။ သူတို့စီးပွားရေးလုပ်ခါကျတော့ Plan တစ်ခါတည်းဆွဲထားတာပေါ့။ ” ဟု ပြောပါသည်။
ခဲမဖြူအဖြိုက်နက်ဓါတ်သတ္တုအကြီးစားစီမံကိန်း တူးဖော်ရေးလုပ်ငန်းကို ဖားဆောင်းမြို့နယ် မော်ချီးတွင် ခွင့်ပြုထားပြီး ဒေသခံပြည်သူလူထုများက မကြာခဏမြေပြိုနေသည့်အပေါ်စိုးရိမ်ကြောင့်ကြမှုများရှိနေသည်။
ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာပံ့ပိုးနေသူ မောချီးဘက်မှ ဒေသခံတစ်ဦးက “မော်ချီးမှာက ကျနော်တို့ လူထုရဲ့ စိုးရိမ်မှုက တခုတော့ရှိတာပေါ့နော်။ level 7 ဝင်တဲ့အခါမှာ စက်ယန္တယားကြီးတယ်။ တုန်ခါမှုများတယ် ဆိုတော့ နွေ၊ မိုး၊ဆောင်း မရွေးပဲ ၂၄ နာရီစလုံး မိုင်းခွဲတဲ့ကိစ္စ စတာတွေပေါ့” ဟု ၎င်း၏ စိုးရိမ်ချက်ကို ပြောဆိုသွားပါသည်။
ပြည်သူများ မြေပြိုမှုများဖြစ်ပွားမည်ကို စိုးရိမ်နေသည့်ကြားကပင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ထုတ်ပေးထားသည့် စာရင်းအရ အကြီးစား ၁ ခုကို ကယားပြည်နယ်သတ္တုထုတ်လုပ်ရေးကုမ္ပဏီ(KMPC)က ခဲသတ္တုတူးဖော်ခွင့်ရရှိထားသည်ကို သိရသည်။
ကယားပြည်နယ်သတ္တု ထုတ်လုပ်ရေးလီမိတက်ကို ဧက ၆၉၃၃.၃ ဧကခွင့်ပြုထားပြီးဖြစ်ပြီး သက်တမ်းမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိဖြစ်သည်။
၎င်းကုမ္ပဏီသည် မော်ချီးမှ ခဲများကို ဧက ၇၀၄၂ နှင့် ၂၈.၄၂၅၇ ဧက အထိ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ဖေဖော်ဝါရီလအထိ ထုတ်လုပ်ခဲ့ပြီးဖြစ်ပါသည်။
သတ္တုတူးဖော်ရေးလုပ်ငန်းသည် ပြည်ထောင်စုကမှ တိုက်ရိုက်ကိုင်တွယ်နေသည့်အတွက် ပြည်နယ်တွင် မည်သည့်လုပ်ပိုင်ခွင့်မှရရှိကြောင်း ပြည်နယ်လွှတ်တော်မှ ကယားပြည်နယ် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဌ ဦးအောင်နိုင်ဦးက ပြောပါသည်။
“ခဲတွေအခွန်တွေကို ပြည်ထောင်စုကပဲ ကိုင်တာကိုး ခဲတွင်းတွေလေး ရဲထွဋ်ကျော်ကုမ္ပဏီတို့လည်းပြည်ထောင်စုပဲ၊ ကယားဌာနေဆိုလည်း ပြည်ထောင်စုပဲ။” ဟု ဦးအောင်နိုင်ဦးက ပြောပါသည်။
ပြည်ထောင်စု အစိုးရမှ ခွင့်ပြုထားသည့်အတွက် အကြီးစား လုပ်ငန်းစတင်နေပြီး သတ္တုတူးဖော်ထုတ်လုပ်ခြင်းကနေ ရရှိလာသည့် အကျိုးခံစားခွင့်ကို ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း နှင့် ပြည်ထောင်စုမှ ၃၀ရာခိုင်နှုန်း ခွဲဝေထားပြီး ပြည်ထောင်စုမှ ပြည်နယ်အတွက် ပြန်ခွဲဝေပေးသည့် စနစ်ဖြစ်သည်ဟု ဝန်ကြီး ဦးတီရယ်ကဆက်ပြောပါသည်။
လက်ရှိကယားပြည်နယ်သတ္တုထုတ်လုပ်ရေးကုမ္ပဏီ (KMPC) ဟာ ယခင် ယခင်က ပုဂ္ဂလိကကုမ္ပဏီများ၊ ဝန်ထမ်းများမှ ဖက်စပ်ပြီး သတ္တုထုတ်လုပ်ခြင်းကို လုပ်ကိုင်ခဲ့ကာ ၂၀၀၂ခုနှစ်မှစတင်ပြီး KMPC လို့အမည်ပြောင်းလဲခဲ့တာဖြစ်တယ်လို့ ကယားပြည်နယ်သတ္တုထုတ်လုပ်ရေးကုမ္ပဏီ၊ လွိုင်ကော်ရုံးအထွေထွေမန်နေဂျာ ဦးမြင့်ဆွေက ပြောပါသည်။
“အဲဒီတုန်းက နိုင်ငံရဲ့စီးပွားရေးပေါ်လစီအရ နိုင်ငံ့လုပ်ငန်းတွေကို ပုဂ္ဂလိက လက်ထဲကိုထည့်တဲ့စနစ်တွေပေါ့လေ။ အဲဒီအချိန်မှာ ကယားပြည်နယ်ဝန်ထမ်းပေါင်းစုံကနေပြီးတော့မှ သတ္တုတွင်းကို ကယားပြည်နယ်ဝန်ထမ်းပေါင်းစုံသတ္တုတူးဖော်ထုတ်လုပ်ရေးဆိုပြီးမှ KNPC ဆိုပြီးမှလုပ်ခဲ့ကြတာပေါ့” ဟု ပြောသည်။
မော်ချီးဒေသ သတ္တုတွင်းဟာ ခဲမဖြူအဖြိုက်နက်နှင့် သတ္တုအကြီးစားထုတ်လုပ်ခွင့်ကို ၂၀၁၂- ၂၀၁၃ အထိ ပထမအကြိမ်၊ ၂၀၁၃-၂၀၁၄ အထိ ဒုတိယအကြိမ်၊ ၂၀၁၄-၂၀၁၉အထိ တတိယအကြိမ် နှင့် စတုတ္ထအကြိမ် သက်တမ်းတိုး(၅)နှစ် ၊ ၅ ကြိမ်ကို ၂၀၁၉-၂၀၂၄အထိ ထပ်မံ ရရှိခဲ့ခြင်းဖြစ်သည်။