spot_img
Friday, December 9, 2022
spot_img

“အခက်ခဲကိုတောင့်ခံရင်း အဆုံးထိတိုက်ပွဲဝင်သွားမယ်”

spot_imgspot_imgspot_imgspot_img

 

ကန္တာရဝတီတိုင်း(မ်)

ပါးကွက်ကြားလိမ်း အဖြူစိမ်းလေး သေသေသပ်သပ်ဝတ်ပြီး ကျောင်းသွားစာသင်ခဲ့ကြဖူးတဲ့ ကျောင်းဆရာမတွေဟာ ယခုမှာတော့ တောတောင်ကြားထဲ မိုးကာတဲလေးနဲ့ဆောက်ထားတဲ့ စစ်ရှောင်စာသင်ကျောင်းဆီကို ဖုန်မှုန့် တလူလူ ကြားသွားရင်း စာသွားသင်နေကြရပါတယ်။

လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတို့ကို ရှောင်တိမ်းနေကြရတဲ့ စစ်ရှောင်စခန်းတွေမှာ ကလေးတွေကိုစာသင်ကြားပေးရမဲ့ အခြေအနေမျိုး မမျော်လင့်ထားခဲ့ကြပေမဲ့ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးနည်းလမ်းနဲ့ CDM လုပ်လာခဲ့ကြတဲ့အချိန်မှာတော့ စစ်ရှောင်စခန်းတွေမှာ အခက်အခဲအမျိုးမျိုးနဲ့ရင်ဆိုင်ကျော်ဖြတ်ရပါတော့တယ်။

စစ်ကောင်စီက အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ် ဖော်ဖော်ဝါရီလ ကစလို့ ပညာရေးစစ်ကြောင်းသပိတ်နဲ့အတူလိုက်ပါပြီး “ဒို့အရေး ဒို့အရေး” ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးနည်းလမ်းနဲ့ CDM လုပ်ပြီး စစ်အာဏာရှင်ကိုတော်လှန်နေကြတာပါ။

ကရင်နီပြည်မှာတော့ ၂၀၂၁ ခုနှစ် ၅ လပိုင်းမှာ စစ်ကောင်စီက CDM တွေကို လိုက်လံ ဖမ်းဆီးခဲ့တဲ့အချိန်မှာပဲ CDM ဝန်ထမ်းတွေဟာ ပြည်သူတွေထက်ဦးစွာရှောင်တိမ်းနေခဲ့ရပါတယ်။

အဲဒီထဲမှာ စာသင်တဲ့ အလုပ်ကို တစ်စိုက်မတ်မတ်လုပ်ကိုင်ခဲ့ ကြတဲ့ CDM ကျောင်းဆရာမဒေါ်ဆော်မိုး တို့လို ပညာရေး CDM ဝန်ထမ်းတွေကလည်းအပါအဝင်ဖြစ်ပါတယ်။

အဖမ်းမခံရရေးအတွက်ခဏ ရှောင်တိမ်းခဲ့ပေမဲ့ တိုက်ပွဲတွေဖြစ်လာတဲ့ခါ ဒေါ်ဆော်မိုးတို့ အိမ်ပြန်လို့မရခဲ့တော့ပါဘူး။ တစ်ပူပေါ်တစ်ပူဆင့် ရှောင်တိမ်းနေကြရပြီး အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်လာရပါတယ်။

“ရုံးမတက်နဲ့ဝန်ထမ်းတွေ ပြည်သူတွေက ကျွေးထားမှာပေါ့” လို့ ကြွေးကြော်ခဲ့တဲ့ကြွေးကြော်သံက အခုလက်ရှိအခြေအနေနဲ့ ဘယ်လိုကွာခြားနေလဲလို့ CDM ကျောင်းဆရာမဒေါ်ဆော်မိုး ကိုမေးမြန်းကြည့်ရာမှာတော့
“ရုံးမတက်နဲ့ဝန်ထမ်းတွေ ပြည်သူတွေကကျွေးထားမှာပါဗျ ဆိုတဲ့ကြွေးကျော်သံပေါ့နော။ အဲအပေါ်အားရကျေနပ်မှုရှိခဲ့တယ်။ အရမ်းပျော်ခဲ့တယ်ပေါ့။ ဒါမဲ့အခုကျတော့လည်း အဲလောက်ထိ အချိန်အကြာကြီးဖြစ်ခဲ့မယ်လို့ မထင်ထားဘူးပေါ့နော။ အချိန်အကြာကြီးဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ သူတို့မှာလည်းအိုးမဲ့အိမ်မဲ့တွေ ဖြစ်သွားတဲ့လူလည်းရှိမယ်။ ပြီးတော့အိုးအိမ်စွန့်ခွါတဲ့ လူလည်းရှိတယ်။ စီးပွါးရေးကျရှုံးသွားတဲ့လူလည်းရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ကိုမထောက်ပံ့နိုင်ဘူးပေါ့နော။ အဲဒါကိုလည်း အပြစ်မမြင်ပါဘူး” လို့ CDM ကျောင်းဆရာမဒေါ်ဆော်မိုး ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ကလေးတွေကို စာသင်နေရတာ ရင်ထဲပျော်မိပေမဲ့ အရင်လိုလစာအပြည့်အဝမရနိုင်တော့ပဲ မုန့်ဖိုးနည်းနည်းပါးပါးသာ ရတော့တာကြောင့် အာဏာမသိမ်းမှီအချိန်ကလိုတောင် စားချင်တာမစားရ သုံးချင်တောင်မသုံးရတော့ပါဘူး။

CDM ဆရာမတစ်ဦးဖြစ်တဲ့ ကျောင်းဆရာမဒေါ် အဲလစ္စဘက်ကလည်း သူရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲကို အခုလိုရှင်းပြပါတယ်။

“လိုချင်တာဆိုလည်း ကုတ်ကပ်ပြီးဝယ်နေရတယ်။ ပြီးရင်စစ်မရှောင်ရင်တော့တစ်မျိုးပေါ့နော။ အခုစစ်ပါပါရှောင်နေရတယ်ဆိုတော့။ အရင်က ဆန်တို့ဘာတို့ဆိုရင် ကျမတို့က တောင်သူလယ်သမားဆိုတော့ ဝယ်စားစရာမလိုဘူးပေါ့နော။ ပြီးရင် ကြက်သွန်တို့ဘာတို့ဆိုရင်လည်း ရှိတယ်။ ကိုယ့်ဟာကိုစိုက်စားတယ်။ အခုတော့ အဲဒီတောက်တိုမယ်ရတွေကစ ဝယ်နေရတယ်ပြီးတော့ ဆန်ဆိုလည်းချေးပြီးတော့စားရတဲ့အထိတောင် ရောက်ခဲ့တယ်ပေါ့နော။ စစ်ပြေးတုန်းကဆိုရင်ကျွန်တို့ဆန်ကမလုံလောက်လို့ သူများဆီကနေ အမျိုးတွေဆီကနေအရင်ချေးရတယ် ပြီးမှနောက်မှစုံမှ ပြန်ဆပ်။ အဲလိုမျိုးတွေလုပ်ခဲ့ရတယ် “

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းပြည်သူလူထု နှစ်သိန်းဝန်းကျင်ရှိခဲ့ပြီး သူတို့ဟာ လက်ရှိမှာ အိမ်စွန့်ခွာထွက်ပြေးနေရပြီး နေရပ်ကို ပြန်နိုင်ခြင်းမရှိကြသေးပါဘူး။

စစ်ရှောင် မိသားစုတွေဟာ ဝင်ငွေမရှိတဲ့အပြင် စားဝတ်နေရေး အခက်အခဲတွေကြောင့် CDM ပြုလုပ်ခဲ့တဲ့ အစိုးရဝန်ထမ်းတချို့တွေဟာ Non-CDM ပြန်လုပ်ကြသူတွေလဲရှိလာနေပါတယ်။

တစ်ဘက်မှာလည်း စစ်ကောင်စီက CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို အလုပ်ခွင်ပြန်ဝင်ဖို့ အကြိမ်ကြိမ် ပြန်လည်ဖိတ်ခေါ်တိုက်တွန်းနေခဲ့ပါတယ်။

တော်လှန်ရေးရှည်ကြာလာတဲ့အခါ အာဏာဖီဆန်တဲ့ လှုပ်ရှားမှု နဲ့ စစ်ကောင်စီကို တော်လှန်နေကြတဲ့ CDM တွေထက် လက်နက်ကိုင်တိုက်ပွဲဝင်သူကိုပဲ ပိုဦးစားပေးလာတာကို တွေ့မြင်ရပါတယ်။

တိုက်ပွဲကာလ တစ်နှစ်ကျော်အတွင်း ပြည်တွင်းပြည်ပအလှူရှင်တွေလည်း သိသိသာသာလျော့ကျလာတဲ့အတွက် ရတဲ့ရန်ပုံငွေတွေကို စစ်ရှောင်တွေရဲ့ ရိက္ခာ၊ ဆေးဝါး၊ စာရေးကိရိယာတွေကို အဓိကထားလှူဒါန်းနေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုကြပါတယ်။

ဒါ့အပြင် ရှေ့တန်းမှာ စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နိုင်ဖို့ လက်နက်ခဲယမ်းတွေ ရရှိနိုင်ဖို့လည်း လှူဒါန်းနေရတဲ့အတွက် CDM တွေကို ယခင်တိုက်ပွဲမဖြစ်ခင်ကလို ထောက်ပံ့ပေးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းပြီး ၁ နှစ်ကျော်ကြာတဲ့ထိ CDM ထောက်ပံ့ကြေးကို ၄ကြိမ်ရရှိခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ မရတော့တာ တော်တော်လေးကြာနေပြီလို့ ဆော်မိုးက ပြောပါတယ်။

“CDMကြောင့်ပဲ ဒီလိုအခြေနေထိတောင့်ခံနိုင်တယ်ပေါ့နော။ တောင့်ခံနိုင်တဲ့အတွက်ကြောင့်မို့လို့ CDM သမားတွေလည်း အရင်ကဆိုလစာပဲမှီခိုရတယ်ပေါ့နော။ အခုကျတော့လည်း ဘာသွားလုပ်စားရမလဲပေါ့။ အခက်ခဲတွေအများကြီးရှိတယ်။ အဲကြောင့်မို့လို့ CDM သမားဖက်ကိုလည်းနဲနဲလေးလှည့်ပေးပါအုံး။” လို့ ဒေါ်ဆော်မိုးက ပြောပါတယ်။

ဝင်ငွေမရှိရတဲ့ထဲက ကုန်စျေးနှုန်းတွေကပါ အဆမတန်မြှင့်တက်လာတာကြောင့် စားဝတ်နေရေးအတွက် လူတိုင်းကအခက်ကြုံလာတဲ့ချိန်မှာပဲ အဖက်ဖက်ကစိတ်ဖိစီးလာကြပါတယ်။

CDM ဝန်ထမ်းတော်တော်များများကတော့ non-CDM သာပြန်လုပ်ခဲ့ရင် အများပြည်သူရဲ့သဘောထားကို ဆန့်ကျင်သလိုဖြစ်သွားလို့ အဆုံးထိအားတင်းပြီး စစ်ရှောင်စခန်းတွေမှာ နိုင်တဲ့ဘက်ကနေ ကလေးတွေကို ပညာသင်ကြားရင်း ဆက်လက် တိုက်ပွဲဝင်သွားမယ့်သူတွေလဲရှိနေပါတယ်။

“အဆုံးထိ CDM လုပ်ဖို့ဆန္ဒရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တွေလည်း အရင်တုန်းကလိုလွတ်လွတ်လပ်လပ်သွားလာချင်တယ်။ အရင်လိုမျိုးလွတ်လွတ်လပ်လပ်နေချင်တယ်။ ပြီးတော့အသက်စတေးသွားတဲ့ ရဲဘော်အတွက်တန်အောင်လည်း CDMကိုအဆုံးထိလုပ်သွားမယ်” လို့ ဆော်မိုးက ပြောပါတယ်။

ဆရာမဆော်မိုးကတော့ ဒီတော်လှန်ရေးမှာ CDM နည်းလမ်းနဲ့ အဆုံးထိတိုက်ပွဲဝင်ထားဖို့ဆုံးဖြတ်ထားသူပါ။ တခြားသောဘ၀တူ CDM တွေကိုလဲ တော်လှန်ရေးအောင်တဲ့အထိ အားတင်းထားကြဖို့ ဆန္ဒပြုထားပါတယ်။

Related Stories