spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အခက်အခဲတွေကြား ရပ်တည်ရင်း အောက်တိုဘာလ ၂၇ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ KNDFတပ်ရင်း (၁၀)

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ တည်ရှိတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း (၁၀) ရဲ့ တစ်နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ (အောက်တိုဘာလ ၂၇ရက်နေ့)မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ တစ်နှစ်တာ ကာလအတောအတွင်းမှာဆိုရင် တိုက်ပွဲတွေမှာ ရဲဘော်တွေ အထိအခိုက်နည်းအောင် စီမံတာတွေ လုပ်ဆောင်နိုင်ခဲ့သလို လက်နက်ခဲယမ်းပိုင်းလိုအပ်ချက် အခက်ခဲတွေလည်း ရှိနေတယ်လို့ တပ်ရင်း (၁၀) တပ်ရင်းမှူး ခူးမီရယ်က ပြောပါတယ်။

“ ကျနော်တို့လက်နက်တွေက မပြည့်စုံနိုင်ဘူးပေါ့နော။ ရှေ့တန်းထွက်တဲ့ခါမှာ အားနည်းတယ်။ လူခွဲလိုက်တဲ့အခါမှာ သေနတ်တွေ ပျောက်သွားတဲ့ပုံစံမျိုးပေါ့နော။ အားမရဘူးပေါ့။ တော်လှန်နေတဲ့အချိန်မှာ ကျနော်တို့လက်နက်တွေ မပြည့်စုံတော့အားမရဘူး။ အဲ့ဒါတော့ အားနည်းချက်တစ်ခုပေါ့နော။ ပြီးတော့ တိုက်ပွဲဖော်တဲ့အခါမှာ ဥပမာ- တစ်ပွဲလောက် ကျနော်တို့ သွားလုပ်လိုက်ပြီဆိုရင် ကျနော်တို့ကျည်တွေက ပြန်ပြန်ပြီးတော့ရှာရတယ်ပေါ့။ အလှူရှင်နားပြန်ရှာရတယ်။ ပြီးပြန်ဝယ်ရတယ်။ အဲ့လိုမျိုးတွေပေါ့နော။ လုံလုံလောက်လောက်မရှိဘူးပေါ့နော။ ဒါကကျနော်တို့အားနည်းချက်ပေါ့။ “ လို့ ခူမီရယ်ကပြောပါတယ်။

တပ်ရင်းတည်ထောင်ခဲ့တဲ့ တစ်နှစ်တာအတောအတွင်းမှာဆိုရင် ကျဆုံးသွားခဲ့ရတဲ့ ရဲဘော် ၃ဦး ရှိပြီး မိုင်းနင်းမိတဲ့အတွက် ခြေပြတ်သွားခဲ့ရတဲ့ ရဲဘော် ၂ဦး ရှိတယ်လို့ သိရပါတယ်။ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေအတွက်လည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ သမိုင်းမှာ သူရဲကောင်းအဖြစ်ထင်ကျန်နေမှာ ဖြစ်တယ်လို့ အခမ်းအနားကို ပါဝင်တက်ရောက်ခဲ့တဲ့ KNDFအတွင်းရေးမှူး (၁) ကိုဒီးဒီ (ခ) စစ်မုန်းကဆိုပါတယ်။

ဒါ့အပြင် လက်ရှိတော်လှန်ရေးမှာလည်း စစ်ရေးတစ်ခုတည်း မဟုတ်ပဲ ဘက်ပေါင်းစုံကနေ ကြိုးစားဖို့လိုကြောင်း ကိုဒီးဒီက တိုက်တွန်းထားပါတယ်။

“ ဘက်စုံ ပြည်သူအတွက် အလုပ်အကျွေးပြုနိုင်တဲ့ တပ်ရင်းတပ်ဖွဲ့ ဖြစ်ဖို့အတွက် ကျနော်တော့ တိုက်တွန်းချင်တယ်ပေါ့နော။ စစ်ရေး တစ်ခုတည်းနဲ့ သွားလို့ရတဲ့ ဟာတွေ မဟုတ်ဘူးပေါ့နော။ တချို့ စစ်ပွဲတွေက မတိုက်ရပဲ နိုင်တဲ့ စစ်ပွဲတွေရှိတယ်။ တိုက်သလောက်လည်း မနိုင်တဲ့ စစ်ပွဲတွေရှိတယ်ပေါ့နော။ စစ်ပွဲဆိုတာ ဘက်ပေါင်းစုံကနေ တိုက်ရတာဖြစ်တဲ့အတွက် တပ်ရင်းတပ်ဖွဲ့တွေ အားလုံး ဒီစစ်ရေး တစ်ခုတည်းမဟုတ်ပဲနဲ့ တစ်ခြား ကဏ္ဍတွေမှာ လုပ်နိုင်အောင် စွမ်းဆောင်ရည်ရှိလာအောင် ကြိုးစားကြဖို့ ကျနော်ကတော့ တိုက်တွန်းပါတယ်။ “ လို့ ကိုဒီးဒီက ပြောပါတယ်။

တစ်နှစ်တာ ကာလအတွင်းမှာဆိုရင် ပြည်သူလူထု၊ အလှူရှင်တွေရဲ့ ပံ့ပိုးမှုအားနဲ့ အဓိက ရပ်တည်နေကြရတာဖြစ်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့လည်း အဆုံးထိ ပူးပေါင်းပါဝင်ပေးကြဖို့ လည်း တောင်းဆိုထားပါတယ်။

ဒီကနေ့မှာပြုလုပ်တဲ့ တစ်နှစ်ပြည့် အခမ်းအနားကို KNDF တာဝန်ရှိသူများ၊ ပြည်သူလူထုများ၊ ကရင်နီတပ်မတော် ( KA ) မှ KA တပ်ဖွဲ့ဝင်များ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) မှ တာဝန်ရှိသူများ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) မှ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြပါတယ်။

ကရင်နီအမျိုးသားသားများကာကွယ်ရေးတပ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး လက်ရှိမှာ တပ်ရင်း ၂၀ အထိရှိနေပါတယ်။

spot_img
spot_img

Recent posts