spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အခြေခံစားသောက်ကုန်များ ဈေးနှုန်းသတ်မှတ်ရန် စီစဉ်နေ

Author

Date

Category

ကန္တရဝတီတိုင်းမ်

ပြည်နယ်အတွင်းမှာ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမတက်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပြီး ဆုံးဖြတ်ချက်တွေထွက်လာပါက အမိန့်ကြော်ငြာစာထုတ်သွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုပြည်နယ်မှူး ဒေါ်ချိုယုလွင်ကပြောပါတယ်။

“အခြေခံစားကုန်တွေ ဆန်၊ ဆီ၊ ဆား အဓိကပေါ့နော ပြီးတော့ အခြေခံဆေးဝါးပေါ့ ဈေးမတက်ဖို့ပေါ့။ အခြေခံဈေးနှုန်းလိုပဲလုပ်မလား ဘယ်လိုအတိုင်းအတာနဲ့ဈေးနှုန်းတွေလုပ်မလဲဆိုတာ ကျမတို့ဝန်ကြီးဌာနကနေ ဦးဆောင်ပြီးတော့ အစည်းအဝေးတွေလုပ်နေတယ် အစည်းအဝေးဆုံးဖြတ်ချက်တွေကတော့ မထွက်လာသေးဘူးပေါ့။ အစည်းအဝေးဆုံးဖြတ်ချက်တွေထွက်လာပြီဆိုရင် ပြည်သူတွေ ဌာနဆိုင်ရာအားလုံးကို အချိန်နဲ့တစ်ပြေးညီ အမိန့်ကြော်ငြာစာတွေထုတ်ပေးဖို့ရှိပါတယ်” လို့ ဒုပြည်နယ်မှူး ဒေါ်ချိုယုလွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါတွေ့ရှိတဲ့အခြေအနေမှာ အခြေခံစားသောက်ကုန်ပစ္စည်းတွေ မပြတ်ဖို့နဲ့ ဈေးမြင့်တက်တာတွေ မဖြစ်ဖို့အတွက် ကုန်ဈေးနှုန်းသတ်မှတ်ဆောင်ရွက်ဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်းများ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားနိုင်မယ့် ဖုန်းနံပါတ်ကို မတ်လ၂၆ရက်နေ့မှာ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာမှ ထုတ်ပြန်ထားပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ဖြစ်ပွားမှု အခြေအနေကို အခွင့်ကောင်းယူပြီး ပြည်နယ်အတွင်းမှာ ကုန်ဈေးနှုန်း တိုးမြှင့်ရောင်းချခြင်းများ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားနိုင်တာပဲဖြစ်ပါတယ်။

ထုတ်ပြန်ပြီးနောက် သုံးရက်အတွင်းမှာ စားသုံးသူဖက်မှ အကြောင်းကြားတိုင်ကြားတာဟာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆား ဖြစ်ပြီး ကုန်ဈေးနှုန်းတက်တဲ့အတွက် ဖုန်းဆက်တိုင်ကြားဖြစ်တယ်လို့ ဆိုပါတယ်။

“သုံးရက်အတွင်းမှာဆက်လာတယ်ပေါ့နော ကုန်ဈေးနှုန်းနဲ့ပတ်သက်ပြီး အဓိကကတော့ ဆားပေါ့ ဆားကုန်ဈေးနှုန်းတွေတက်လာတယ် အရင်ကဆိုရင် ၅၀၀ဖိုး ၂ထုပ်နဲ့ရတယ် အခုနောက်ပိုင်းတော့ ၅၀၀တက်တယ် ၇၀၀ ၈၀၀ ထိတက်တယ်ပေါ့ ကျမတို့ ဈေးနှုန်းတွေသိရတာတော့” လို့ ဒေါ်ချိုယုလွင်ကဆိုပါတယ်။

လက်ရှိမှာလည်း စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ စားသုံးသူကာကွယ်ပေးရေးကို လုပ်ဆောင်နေပြီး ဈေးကုန်ဈေးနှုန်းများ မြှင့်မတက်ဖို့ ထိန်းညှိပေးနေသလို နေ့စဉ် အခြေခံစားသောက်ကုန်ရဲ့ ဈေးနှုန်းတွေကို ကောက်ခံနေတယ်လို့ သိရပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(က)အရ Covid-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် မတ်လ ၃၀ရက်နေ့က သတ်မှတ်လိုက်ပါတယ်။

ကုန်စည်တွေကို ဈေးကွက်အတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြင့်တင်ဖြန့်ဖြူးရောင်းချခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း စတာတွေကို ဆောင်ရွက်နေတယ်လို့ စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမယ်လို့ ဆိုပါတယ်။

မည်သူမဆို ပုဒ်မ ၄ အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရမယ်ဆိုရင် အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံး သုံးနှစ်အထိ ချမှတ်နိုင်သလို ကျပ်ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်ကိုလည်း ချမှတ်ခြင်းခံရနိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts