spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အခြေခံလူတန်းစား အိမ်ထောင်စု တစ်သောင်းကျော်ကို စားသောက်ကုန် ၅ မျိုးထောက်ပံ့

Author

Date

Category

နော်ဒွေးအယ်ခူ

မဟာသင်္ကြန်ရုံးပိတ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန် ၅ မျိုး ထောက်ပံ့ရာတွင် ကယားပြည်နယ်အတွင်းရှိ ကောက်ယူတဲ့စာရင်းအရ အခြေခံလူတန်းစားအိမ်ထောင်စု တစ်သောင်းကျော်ရှိတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းအရသိရပါတယ်။

ပြည်နယ်အတွင်းမှာရှိတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက်အလိုက် ကျေးရွာအုပ်စုအလိုက် စာရင်းကောက်ယူထားတယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကပြောပါတယ်။

လွိုင်ကော်မြို့တွင်းရှိ အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန်တွေ စတင်ဖြန့်ဝေနေစဉ်ဖြစ်ပါတယ်။ ဓါတ်ပုံ-နော်ဒွေးအယ်ခူ

“ဒီဟာကောက်တာလည်း ကျတော်တို့ချည်းပဲကောက်တာမဟုတ်ဘူး မြို့နယ်အုပ်ချုပ်ရေးမှူးရယ် အုပ်စုအုပ်ချုပ်ရေးမှူးရယ် ရပ်မိရပ်ဖတွေ ဆယ်အိမ်မှူးရာအိမ်မှူးတွေရယ် သူတို့ရဲ့သဘောထားမှတ်ချက်ကို အရင်ယူတယ်။ ဆယ်အိမ်မှူးဆိုရင် သူ့ဆယ်အိမ်အုပ်စုထဲမှာ အခြေခံလူတန်းစားရှိ မရှိ သူပဲသိတယ် သူတို့ရဲ့လက်မှတ်လေးတွေ မှတ်တမ်းလေးတွေတင်ပြီးမှပေးမှာ” လို့ ဝန်ကြီးချုပ်က ဧပြီလ၁၀ရက်နေ့က ပြောပါတယ်။

အခြေခံစားသောက်ကုန် ၅ မျိုးကို စာရင်းကောက်ယူထားတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစာတွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ပေးအပ်သွားမှာပဲဖြစ်ပါတယ်။

COVID-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ စပ်လျဉ်းပြီး အရေးကြီးကာလဖြစ်တဲ့ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ (၁)ပိဿာ၊ ကြက်သွန် (၁)ပိဿာ စုစုပေါင်း ထောက်ပံ့ကူညီမှု ၅ မျိုးစီကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၁၀ရက်နေ့မှ စတင်၍ အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးသွားမယ်လို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

စားသောက်ကုန် ၅ မျိုး ပံ့ပိုးတဲ့နေရာမှာ တစ်စုံတစ်ရာလိုအပ်ချက်ရှိပါက အုပ်ချုပ်ရေးပိုင်းကနေ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပစ္စည်း ၅ မျိုးလုံး ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်နယ် ဝန်ကြီးချုပ်ကပြောပါတယ်။

ဝန်ကြီးချုပ်က “ပစ္စည်းငါးမျိုးလုံး တန်းပြည့်ချင်မှလည်းပြည့်မယ် မပြည့်ရင်လည်း ပြည့်အောင် ကြိုးစားဖြည်းပေးပြီးမှ ဒီနေ့မပေးနိုင်လည်း နောက်နေ့ဆက်ပေးနိုင်အောင် ကျတော်တို့ ကြိုးစားပေးမယ်ဆိုတာကိုလည်း ပြည်သူတွေကို မက်ဆေ့ပေးချင်ပါတယ်”လို့ ဆက်ပြောပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားကို စာရင်းကောက်ယူတဲ့အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနဲ့ ရပ်ကွက်အတွင်း အုပ်စုမှူးတွေနဲ့ အစည်းအဝေးပြုလုပ်ခဲ့ပြီး မရှိဆင်းရဲသားတွေကို ဦးစားပေးရွေးချယ်ခဲ့တယ်လို့ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးကပြောပါတယ်။

“၅၈၄ အိမ်ထောင်စုရှိတဲ့အထဲမှာ တကယ့်ကိုပေးသင့်ပေးထိုက်တဲ့ တကယ်မရှိလူတန်းစားပေါ့နော အဲဒါလေးကို ရွေးချယ်စီစစ်လိုက်တော့ အိမ်ထောင်စု ၁၁၀ကို ရွေးချယ်စီစစ်ပေးပါတယ်” လို့ ၎င်းကဆိုပါတယ်။

ထောက်ပံပစ္စည်းငါးမျိုး လာရောက်လက်ခံတဲ့ မင်္ဂလာရပ်ကွက်မှ ဦးချစ်လိုင်ကလည်း တစ်ရက်လုပ်တစ်ရက်စားဖြစ်တာကြောင့် ထောက်ပံ့ပစ္စည်းရတဲ့အပေါ် အကူအညီရကြောင်း ခုလိုပြောပါတယ်။

“တစ်ဖက်တစ်လှမ်းကနေ အကူအညီရတာပေါ့။ အလုပ်အကိုင်မရှိဘူးပေါ့နော တစ်ရက်လုပ်တစ်ရက်စား အလုပ်အကိုင်မရှိတော့ ရတော့ စိတ်သက်သာတာပေါ့” လို့ ၎င်းကပြောပါတယ်။

အခြေခံလူတန်းစားဖြစ်ဖို့ စိစစ်ရမယ့်အချက် ၁၆ချက်ဟာ များနေပေမယ့် ရပ်ကွက်အတွင်း စာရင်းကောက်ယူတဲ့နေရာမှာ နားလည်မှုနဲ့ စာရင်းဖြည့်ထားတယ်လို့ အောင်မင်္ဂလာရပ်ကွက်မှ ကိုဘုန်းကျော်ကပြောပါတယ်။

“အခြေခံလူတန်းစား ၁၆ချက်ပေါ့နော။ အဲ့၁၆ချက်တော့များတာပေါ့ များတော့ တစ်ချို့ကျတော့ ဘယ်လိုပြောမလဲ ဝန်ထမ်းရှိတယ် အဲဝန်ထမ်းရှိတဲ့အိမ်ရဲ့အတိုင်းအတာမှာ အဲ့ဝန်ထမ်းကိုမှီခိုပြီးနေတဲ့သူတွေကို ကျတော်တို့အနေနဲ့ နားလည်မှုလေးနဲ့တော့ ထည့်ပေးရတာပေါ့။ ပင်စာစားတို့ ဝန်ထမ်းတို့ရှိရင်တော့ သူတို့တွေတော့ အဲ့ဒါတွေမရဘူးပေါ့” လို့ ၎င်းကဆိုပါတယ်။

ပစ္စည်း၅မျိုး ထောက်ပံ့ဆောင်ရွက်တဲ့နေရာမှာ မလိုလားအပ်တဲ့ လေလွှင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း စသည်တို့ကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ်၊ ရပ်မိရပ်ဖ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ဧပြီလ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကယားပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများအတွင် စာရင်းမှာဆိုရင် လွိုင်ကော်မြို့ရှိ အိမ်ထောင်စုအရေအတွက် (၆၈၃၁)စု ၊ ဒီမော့ဆိုမြို့ရှိ အိမ်ထောင်စု (၅၇၄၁)စု၊ ဖရူဆိုမြို့နယ်ရှိ အိမ်ထောင်စု (၁၁၇၄)စု၊ ရှားတောမြို့နယ်ရှိ အိမ်ထောင်စု (၂၄၄)စု၊ ဘောလခဲမြို့နယ်ရှိ အိမ်ထောင်စု(၄၇၈)စု၊ ဖားဆောင်းမြို့နယ်ရှိ အိမ်ထောင်စု(၁၀၈၃)စု၊ မယ်စဲ့မြို့နယ်ရှိ အိမ်ထောင်စု (၉၇၁)စု စတဲ့ အိမ်ထောင်စုအရေအတွက် စုစုပေါင်း (၁၆၅၂၁) စုကို အခြေခံစားသောကုန် ၅ မျိုး ကို ပေးအပ်သွားမှာပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts