spot_imgspot_imgspot_imgspot_img
Wednesday, July 24, 2024
spot_imgspot_imgspot_imgspot_img

အခြေနေပြန်ကောင်းရင် ဒီးမော့ဆိုစျေးမှာ ကိုယ်ပိုင်ဆိုင်လေးနဲ့ စျေးပြန်ရောင်းဖို့မျော်လင့်နေတဲ့ ဒေါ်အမားလျာ

ကန္တာရဝတီတိုင်း(မ်)

အသက် ၅၇ နှစ်အရွယ် ဒေါ်အမားလျာဟာ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စစ်ဘေးရှောင်နေတာ ၁နှစ်ကျော်ကြာနေပြီဖြစ်ပါတယ်။ သူ့ရဲ့ ကျောင်းနေအရွယ်ကလေး ၂ ဦးနဲ့အတူ စစ်ဘေးရှောင်နေရတဲ့ တစ်နှစ်အတွင်း အလုပ်အကိုင်မရှိတဲ့အတွက် ဝင်ငွေလည်းမရှိပါဘူး။

သူဟာ ယခင်က ဒီးမော့ဆိုစျေးမှာ စျေးရောင်းရင်း မိသားစုအတွက် အသက်မွေး၀မ်းကျောင်းပြုခဲ့ပေမဲ့ လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေတာကြောင့် စား၀တ်နေရေးအတွက် အလှူရှင်ကိုသာမှီခိုနေရတယ်လို့ဆိုပါတယ်။

ဒေါ်အမားလျာတို့မိသားစုဟာ ပြည့်စုံတဲ့ မိသားစုမဟုတ်ခဲ့ပေမဲ့ ကရင်နီပြည်မှာ တိုက်ပွဲတွေမဖြစ်ခင်ကတော့ အများနည်းတူ စားနိုင်ဝတ်နိုင်တဲ့ အနေအထားမျိုးရှိခဲ့တာပါ။

” အခုကျတော့စစ်ဘေးရှောင်မှာနေတဲ့ခါကျတော့ ဘာမှအလုပ်အကိုင်လည်းမရှိဘူး ။ နောက်သူ့အဖေ(ခင်ပွန်း) လည်းအလုပ်မရှိ။ ကျမလည်းအလုပ်မရှိခါကျတော့ ဟိုဘာလဲ စား၀တ်နေရေးက သိပ်ကွာခြားသွားတာပေါ့။ အဆင်မပြေတော့ဘူးပေါ့။ အခုက စစ်ဘေးရှောင်နားပဲ ခိုစားရတယ်လို့ပြောရမှာပေါ့။ အလှူရှင်နားရတဲ့ဟာနဲ့ပဲစားရတယ်နောက်အဆင်မပြေဘူးပေါ့” လို့ ဒေါ်အမားလျာက ပြောပါတယ်။

ယခင်က တစ်ပတ်သုံးကြိမ်ဖွင့်တဲ့ ဒီးမော့ဆိုစျေးမှာ အထည်တွေရောင်းကူရင်း ရတဲ့ လုပ်အားခနဲ့ စားဝတ်နေရေးကို ဖြေရှင်းခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အစစအရာရာ ခက်ခဲနေတဲ့ ကာလအတွင်းမှာ စစ်ဘေးရှောင်နေကြရပြီး ၁လမှာ တစ်ခါလောက်ပဲ အသားအရိုး တွေနဲ့ ချက်ထားတဲ့ ဟင်းချိုရည်သောက်ရပါတယ်။

စစ်ရှောင်နေရင်းလည်း တနိုင်တပိုင် စိုက်ထားတဲ့အပင်တွေမအောင်လို့ အိမ်နီးနားချင်းတွေ ကျွေးတဲ့ဟင်းသီးဟင်းရွက်တွေပဲ စားရတယ်လို့ သူကဆိုပါတယ်။

သားသမီး ၇ယောက်ရှိပေမဲ့ အိမ်ထောင်တွေကျသွားပြီဖြစ်ပြီး လက်ရှိမှာ ကျောင်းနေအရွယ် နှစ်ဦး သူနဲ့အတူစစ်ရှောင်စခန်းမှာ နေထိုင်တာဖြစ်ပါတယ်။ တစ်ဦးမှာလည်း ကျောင်းလခမပေးနိုင်တဲ့အတွက် ၁၀ တန်းတက်နေတဲ့ကလေးတစ်ယောက်ကို ကျောင်းနားခိုင်းထားပြီး အငယ်ဆုံးတစ်ဦးသာ ကျောင်းတက်ခိုင်းတယ်လို့ ပြောပါတယ်။ ကလေးကျောင်းလခအတွက်လည်း ရရာအလုပ်ကို လုပ်ကိုင်ပြီး ပေးနေရတယ်လို့ ဆိုပါတယ်။

သူနဲ့အတူ စျေးရောင်းခဲ့ဖူးတဲ့သူငယ်ချင်းလည်း လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်သွားကြောင်းကို ဆက်သွယ်ကြည့်လိုက်မှသိရတယ်လို့သူကဆိုပါတယ်။

အခြေနေပြန်ကောင်းခဲ့ရင် ယခင်ကလို စျေးထဲမှာ အထည်တွေလိုက်ရောင်းကူတာမျိုးမဟုတ်ပဲ ကိုယ်ပိုင်ဆိုင်ခန်းနဲ့ အသား၊ ငါး၊ အသီးအရွက်တွေကို အရင်က ရောင်းဖူးတဲ့မိတ်ဆွေနဲ့ အတူ ပြန်ရောင်းချင်တယ်လို့ သူက အခုလိုပြောပါတယ်။

“အိမ်ပျက်ပျက်၊အိုးပျက်ပျက်ပေါ့ ။ ကျွန်မတို့အိမ်လောင်ပါစေ၊အိမ်ပျက်ပါစေပေါ့ ။ ငါတို့မြေပါပါမလောင်လို့ရှိရင် ရွာပြန်ရလို့ရှိရင် ပြန်ရောက်လို့ရှိရင် တဲ ဒီလိုမျိုးတဲနဲ့ပဲပြန်ဆောက်ပြီး ပြန်နေမယ်လို့စိတ်ကူးထားတယ်” လို့ ဒေါ်အမားလျာက ပြောပါတယ်။

ဒေါ်အမားလျာက မီးယပ်၊ လေးဘက်နာ၊အစာအိမ်၊နှလုံးရောဂါ၊လေနာရောဂါ ၊တက်တဲ့ရောဂါ စတဲ့ရောဂါတွေနဲ့စျေးရောင်းတာကလွှဲရင်အခြားအလုပ်တွေ မလုပ်နိုင်လို့ စား၀တ်နေရေးအတွက် အခက်ပိုကြုံနေရပါတယ်။

ဆောင်းတွင်းရောက်လာတော့ တနေ့ထက်တနေ့ အအေးဒဏ်လည်းပိုလာပြီဖြစ်တဲ့အတွက် ဒေါ်အမားလျာက ပုလင်းတစ်လုံးထဲကို ရေပူထည့်ကာ အမြဲရင်ပိုက်ပြီးသွားလာလှုပ်ရှားနေရပါတယ်။

စားဝတ်နေရေးအတွက် မှီခိုအားထားရာ ဒီးမော့ဆိုစျေးနဲ့ အနီးအနားက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် မေလ တိုက်ပွဲစဖြစ်ချိန်ကစပြီး အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရတာ လက်ရှိအချိန်အထိဖြစ်ပါတယ်။

” အရင်တုန်းကဆိုသန့်သန့်ရှင်းရှင်းနဲ့သပ်သပ်ရပ်ရပ်နဲ့ရှိတဲ့ခါကျတော့ အခုပြန်တွေ့တဲ့ခါကျတော့တောလည်းထူ လမ်းလည်းဘာတွေလည်းမရှင်းတော့ဘူးပါ့။ နောက်စိတ်ထဲမှာလည်းတစ်မျိုးဖြစ်တယ်။ စိတ်နာတဲ့သဘောပေါ့” လို့ ဒေါ်အမားလျာက သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။

ယခင်က ဒေသခံအများစု မှီခိုခဲ့ရတဲ့ ဒီးမော့ဆိုစျေးအနီးမှာ တိုက်ပွဲတွေဖြစ်ပွားတာတွေ၊ ဆိုင်ခန်းတွေဟာလည်း ဖျက်စီးခံရတာတွေရှိနေပေမဲ့ ဒေါ်အမားလျာကတော့ ယခင်ကလို ပြန်ဖြစ်နိုင်မဲ့တစ်နေ့ကို မျှော်လင့်နေပါတယ်။

spot_img
spot_img