spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အခွန်ငွေကောက်မယ့်အပေါ် ပြည်ပရောက်ကရင်နီတွေ လက်မခံ

ကန္တာရဝတီတိုင်း( မ် )

ပြည်ပမှာရောက်ရှိပြီး အလုပ်လုပ်ကိုင်နေသူတွေရဲ့ လစာထဲက အခွန်ငွေတွေ ကောက်ယူဖို့ စစ်ကောင်စီက ကြိုးပမ်းနေတဲ့ အပေါ် လက်မခံနိုင်ဘူးလို့ ပြည်ပရောက် ကရင်နီတွေက ဆိုကြပါတယ်။

ပြည်ပမှာ ပင်ပင်ပန်းပန်းရှာဖွေထားတဲ့ ပိုက်ဆံတွေထဲက စစ်ကောင်စီကို ထပ်ပြီး အခွန်ဆောင်ဖို့ဟာ မဖြစ်နိုင်ဘူးလို့ စင်ကာပူနိုင်ငံမှာရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ မော်မီမြာက ပြောပါတယ်။

“စစ်ကောင်စီခေတ်ဆိုတော့ ဒီလိုအခွန်ဆောင်ရတာမျိုးက ရှိနိုင်ပေမယ့် ကိုယ်က ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ထားပြီးတော့ ရတဲ့ပိုက်ဆံထဲက ၂၅ရာခိုင်နှုန်း မဖြစ်မနေလွဲရမယ်ကိစ္စတော့ သဘောမကျဘူး။ ကိုယ့်ပိုက်ဆံဖြစ်သွားပြီဆိုတော့ ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ခွင့်ရှိရတယ်မဟုတ်လား။” လို့ သူမက ပြောပါတယ်။

သူမဟာ ကရင်နီပြည်ကနေ ပြည်ပမှာ သွားပြီး အလုပ်လုပ်ခဲ့တာ ၁၀ စုနှစ်တစ်ခုကျော် ရှိနေပြီဖြစ်ပါတယ်။ ပြည်ပကို စရောက်ချိန်ကလည်း visa (ဗီဇာ) သက်တမ်းတိုးတွေအတွက် သံရုံးကိုသွားတိုင်း အခွန်တွေဆောင်ရတဲ့အတွက် လစာနည်းရင်တောင် အဲဒီအတွက် သီးသန့်စုထားခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဒီးမော့ဆိုမြို့သူ မော် ကလည်း လက်ရှိကရင်နီပြည်အခြေအနေအရ ခက်ခဲကြပ်တည်းနေကြတဲ့ အချိန်မှာ ဒီလို အခွန်ဆောင်ခိုင်းတာဟာ နည်းအမျိုးမျိုးနဲ့ ပြည်သူတွေကို ခြိမ်းခြောက် တာဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့က တမင်သက်သက် ခြိမ်းခြောက်တာပါ။ သူတို့ကြောင့် လူတွေ ဒီလိုခက်ခဲလာတဲ့ ကာလမှာ သူတို့ဘက် ပြန်လှည့်လာအောင် နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ပြောဆိုတယ်လို့ဘဲ မြင်ပါတယ်။ အားလုံးက သူတို့ရဲ့ လုပ်ရပ်ကို ဝိုင်းဝန်းပြီးတော့ လက်မခံဘဲ မဆောင်လို့ရှိရင်တော့ အားလုံးညီညွတ်ရင်တော့ သူတို့ တတ်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ကြောင့် စစ်ဘေးရှောင်ရတယ်၊ သူတို့ကြောင့် အရာအားလုံးကို ဆုံးရှုံးရတယ်။ သူတို့ကို ထပ်ပြီးပေးရမယ်ဆိုရင် မဟုတ်တော့ဘူးလေ။”လို့ ဒီးမော့ဆို့ မြို့ ဒေသခံ မော် ကပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ လူဦးရေ ရဲ့ ၃ ပုံ ၂ ပုံက စစ်ဘေးရှောင်ဖြစ်နေကြတာပါ။ မိသားစုကိုထောက်ပံ့နိုင်ဖို့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ကရင်နီပြည်သားတွေအဖို့ စစ်ကောင်စီကို အခွန်ပေးဆောင်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက် အပေါ် လုံးဝမပေးဆောင်နိုင်ဘူးလို့ ထိုင်းမှာ စျေးရောင်းကူ တဲ့အလုပ်ကို လုပ်ကိုင်နေသူ မော်လေးမြာက ပြောပါတယ်။

“ဒါကတော့ လုံးဝမဖြစ်သင့်ဘူးပေါ့နော် ထိုင်းမှာနေတော့ ပိုဆိုးတယ်ပေါ့နော်။ အလုပ်သမားကဒ်တွေလည်း လုပ်ရတယ် ရတဲ့လစာတွေလည်း ဟိုအခွန်ပေး ဒီအခွန်ပေးနဲ့ ၁၀ ရာခိုင်နှုန်းထပ်ပေးရမယ်ဆိုတော့ ကိုယ့်အတွက်ဘာမှ မကျန်ဘူးလေ။ ကျမနေနဲ့တော့ လုံးဝမဆောင်ချင်ဘူးပေါ့နော်။” လို့ မော်လေးမြာကပြောပါတယ်။။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်တဲ့ နိုင်ငံသားတွေရဲ့ အခွန်ဆောင်မှုတွေကို ၂၀၁၂ ခုနှစ်ကစပြီး အခွန်ကင်းလွှတ်ခွင့်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီအာဏာသိမ်းပြီး နှစ်နှစ်ကျော်အကြာမှာ အခွန်ဆောင်ရမယ့်လုပ်ငန်းတွေကို စစ်ကောင်စီဘက်က ပြန်လည်ထုတ် ပြန်လာခဲ့တာပါ။

ဒါ့အပြင်ဒီလို အခွန်ဆောင်မှုတွေဟာ MOU နဲ့ ပြည်ပမှာသွားရောက် အလုပ်လုပ်ကိုင်သူတွေ အားလုံးအပေါ်အကျုံးဝင်တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်အနေနဲ့ လာရောက်အလုပ်လုပ်ကိုင်နေသူတွေအပြင် CI စာအုပ်ပြုလုပ်ပြီးနေထိုင်သူတွေကိုပါ အကျုံးဝင်စေတယ်လို့ သိရပါတယ်။

“လောလောဆယ်ကတော့ MOU နဲ့လာတဲ့လူတွေကို တိုက်ရိုက်သက်ဆိုင်တယ်‌ပေါ့။ တိုက်ရိုက်ပတ်သက်တယ်ပေါ့။ တိုက်ရိုက်သွားနေတယ်ပေါ့။ သူတို့က အဓိကပေါ့။ သတ်မှတ်လိုက်တဲ့သဘောပေါ့။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ နိုင်ငံတကာရောက်နေတဲ့ မြန်မာပြည်သားတွေအားလုံးနဲ့သက်ဆိုင်တယ်။ မြန်မာပြည်သားမှန်ရင်ပေါ့။ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာပြည်သားမှန်ရင် အခွန်ဆောင်ရမယ်။ ဒါက ဟိုးအရင်တုန်းက ပြောရမယ်ဆိုလို့ရှိရင် စစ်ကောင်စီတွေ အာဏာသိမ်းစစ်ကောင်းဆောင်တွေ လုပ်နေတဲ့အကျင့်ပေါ့နော။ သူတို့မူပေါ့နော။ အဲ့ဒါကို ပြန်ပြီးတော့ အသက်သွင်းတဲ့သဘောပဲ။ “ လို့ ထိုင်းနိုင်ငံမှာ အလုပ်သမားအရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ဒီလိုပြည်ပရောက်အလုပ်သမားတွေကို အခွန်ကောက်ချင်ရင် သူတို့ရသင့်တဲ့အခွင့်အရေးတွေကို အပြည့်အဝပေးသင့်တယ်လို့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း( FED ) မှ အမှုဆောင်ဒါရိုက်တာ ဆရာထူးချစ်က ပြောပါတယ်။

“သူတို့အနေနဲ့ တစ်စုံတစ်ရာ အလုပ်သမားတွေဆီကနေ အခွန်‌ကောက်မယ်ဆိုရင် အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အလုပ်သမားအခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေးတွေကို အစိုးရအနေနဲ့ တိတိကျကျဆောင်ရွက်ပေးသင့်တယ်ပေါ့နော။ အဲဒီလိုမလုပ်ပေးနိုင်ရင်တော့ ဘယ်လောက်ပဲကောက်ကောက်အဆင်မပြေဘူးလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။” လို့ ဆရာထူးချစ်က ပြောပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် လူငယ်အများစုဟာ ပြည်ပကိုသွားရောက်ပြီး အလုပ်လုပ်ကိုင်လာကြပါတယ်။ လစာရဲ့ ၁၀ရာခိုင်နှုန်း အခွန်ဆောင်ဖို့နဲ့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ဘဏ်တွေကနေ လစာရဲ့ ၂၅ ရာခိုင်နှုန်း မဖြစ်မနေငွေလွဲဖို့ ထုတ်ပြန်လာခဲ့ပါတယ်။

လက်ရှိပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ ပြင်ဆင်နေသူတွေကိုလည်း လက်မှတ်ရေးခိုင်းတာမျိုးတွေ လုပ်ဆောင်နေပါတယ်။

spot_img
spot_img