ကန္တာရဝတီတိုင်း(မ်)
မနက်သုံးနာရီထိုးတာနဲ့ အိပ်ယာကထပြီး ဦးလေးတစ်ယောက် မီးဖိုချောင်ထဲမှာ အလုပ်တွေ ရှုပ်နေတတ်ပါတယ်။
ခုဆိုရင် မနက်အစောကြီးကတည်းက လုပ်နေရတဲ့ မီးဖိုချောင်အလုပ်ဟာ သူရဲ့ နေ့စဉ်လုပ်ငန်းလိုဖြစ်နေတာ နှစ်ပတ်ကျော်တောင် ရှိသွားပါပြီ။
သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အပါအဝင် လူဦးရေ ၂ဝဝ ဝန်းကျင်လောက်ရှိတဲ့ စစ်ရှောင်ပြည်သူတွေ မနက်စာ အချိန်မှီ စားနိုင်ဖို့အတွက် ချက်ပြုတ်ရတာဟာ ပင်ပန်းပေမယ့် ဒီစစ်ရှောင်စခန်းမှာ သူကူညီနိုင်တာ ဒါပဲရှိတယ်လို့ ဆိုပါတယ်။
“မနက်သုံးနာရီထပြီးတော့ မီးမွေး၊ တခါတလေ ထင်းမကောင်းရင်တော့ မီးတအားခိုးတယ်လေ။ မီးမွေးပြီး သုံး နာရီခွဲမှ ပေါင်းအိုးတည်၊ တည်ပြီးမှ ပေါင်းအိုးက နှစ်ခါတည်ရတာကော။ ပထမတစ်ပေါင်းဆို သုံးနာရီခွဲမှ စတည်ဆို လေး နာရီခွဲ၊ ငါးနာရီမှ ပြီးတာကော။ နောက်ထပ်တစ်ပေါင်းဆို ခြောက်နာရီ ခုနှစ်နာရီမှ တစ်ပေါင်းပေါ့။ အဲ့လိုမျိုး ကွာတာပေါ့။ ဘယ်လိုပြောရမှာလဲ ကောင်းကောင်းမအိပ်ရဘူးပဲ ပြောရမှာပေါ့။”
အလှူရှင်တွေ လှူဒါန်းထားတဲ့ ဆန်နဲ့ ဟင်းချက်စရာတွေကို ဦးလေးနဲ့အတူ အခြားစားဖိုမှူးတွေလည်း နေ့စဉ် ချက်ပြုတ်ပေးနေကြတာပါ။
လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်အထိ သူဟာ ဖယ်ခုံအင်းရေပြင်မှာ ကိုယ်ပိုင် လှေကလေးနဲ့ ငါးဖမ်းတဲ့ လုပ်ငန်းကို ပုံမှန် လုပ်ကိုင်နိုင်ခဲ့တာပါ။ ဒီလုပ်ငန်းဟာသူ့ရဲ့ ဝင်ငွေရလမ်းတစ်ခု ဖြစ်သလို မိသားစုအတွက်လည်း ငါးဟင်းတွေ ရှာပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ခုတော့ စစ်ဘေးရှောင် ထွက်ပြေးလာရလို့ ငါးဟင်းမစားရတော့တဲ့အပြင် ကလေးမုန့်ဖိုးကိုတောင် မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။
“ဘယ်လို ပြောမလဲဆို မျှော်လင့်ချက်လည်း နည်းနည်းပျောက်သွားတာပေါ့နော်။ ဘာဖြစ်လဲဆို အရင်လို မတူတော့ဘူးလေ။ အရင်တုန်းကဆို ဝင်ငွေဆို ပျမ်းမျှလို့ရတာပေါ့နော်။ ငါး သိပ်မရတဲ့အခါဆိုရင်တောင် တစ်ရက်ဆို သုံးထောင်၊ လေးထောင်လောက်တော့ ရတယ်လေ။ ဒီမှာရောက်တော့ ဒီတိုင်းပဲ နေရတော့တာပေါ့နော်။ ဝင်ငွေကတော့ ထွက်ငွေပဲရှိတာပေါ့၊ ဝင်ငွေမရှိတော့ တခါတလေ ကလေးက မုန့်တောင်းစားလည်း ပေးစရာလည်း ခက်တာပေါ့နော်။ အဲ့မျိုးဖြစ်တာပေါ့။”
ဖယ်ခုံမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တံငါသည် ဦးလေးဟာ ဇနီးသည်အပါအဝင် သား၊သမီးလေးယောက်နဲ့ အတူ ထွက်ပြေးတိမ်းရှောင်လာ ခဲ့ရပါတယ်။
အရင်က တံငါသည် ဦးလေးမိလာတဲ့ ငါးတွေကို ပြင်ဆင်ချက်ပြုတ်ပေးတဲ့ ဇနီးသည်ဟာ ခုတော့ စစ်ရှောင်မီးဖိုချောင်အတွက် နေ့စဉ်ချက်ပြုတ်ရမယ့် ရိက္ခာတွေကို စီမံခန့်ပေးနေပါတယ်။
အလှူရှင်တွေ လာလှူထားတဲ့ ဆန်၊ ဆီ၊ ဆာ၊ ကြာဇံနဲ့ အသီးအရွက်စတဲ့ ရိက္ခာတွေကို တစ်နေ့တာအတွက် လိုက်ဖက်မယ့်ဟာတွေ ချက်ပြုတ်ပေးဖို့ စီမံပေးရပါတယ်။
“ကျမ ဘယ်လို စီမံလည်းဆို တအားအလေအလွင့်မဖြစ်အောင်ပေါ့ ဆိုပြီးတော့မှ ဒီရက်၊ ဒီအတွက်စာပဲပေါ့နော်။ နောက်ပြီးတော့ တချို့လူကျတော့ ကိုယ့်ကိုယ်ချက်စားချင်တယ်။ လုပ်စားချင်တယ်။ အဲ့လိုမျိုးလည်း ရှိတယ်။ ဒါပေမယ့် ကျမက အဲ့လိုမျိုးတော့ မလုပ်နဲ့ပေါ့။ အလှူရှင်က ဘယ်လောက်လှူနိုင်မလဲပေါ့နော်။ တော်ကြာ အလှူရှင်တွေ မရှိခဲ့ဘူးဆိုရင် ငါတို့ ဘယ်လို ဒုက္ခရောက်မလဲ ဆိုတဲ့ စိတ်နဲ့ပေါ့နော်။ အကန့်အသတ်နဲ့ ပဲ ခွဲပေးတယ်။”
ခုချိန်မှာ စစ်ဘေးကြောင့် အခက်အခဲတွေကြုံနေရပေမယ့် တစ်နေကျရင် သူရဲ့ နဂို တံငါသည် အလုပ်ကို ပြန်လုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ ရှင်သန်နေဆဲပဲဖြစ်ပါတယ်။