အစိုးရစနစ်ပြုပြင်ပြောင်းလဲရေး

ကျော်စိုးသူ(Economic Development)ရေးသားသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှန်သမျှသည် အခက်အခဲမျိုးစုံနှင့်ကြုံတွေ့နိုင်သလို အခန့်မသင့်လျှင် နောက်ပြန်လန်ကျနိုင်သည်အထိ စိုးရိမ်ဖွယ်ရာရှိသော လုပ်ငန်းစဉ်တစ်ခုပင် ဖြစ်သည်။

မြန်မာနိုင်ငံလိုနှစ်ပေါင်းများစွာ အာဏာရှင် အုပ်ချုပ်ရေးအောက် ရပ်တည်ရှင်သန်ခဲ့ရသော နိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသည် အင်မတန်မှ ကျယ်ပြန့်ပြီး လုပ်ငန်းစဉ် တစ်ခုနှင့်တစ်ခုလည်း ချိတ်ဆက်နိုင်ဖို့ အဓိက လိုအပ်ပေလိမ့်မည်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ပြုပြင်ပြောင်းလဲမှုများကို ပြန်လည်လေ့လာသုံးသပ်ပြီး ချည်းကပ်ဆောင်ရွက်ရပေလိမ့်မည်။ ပထမဦးစွာ ထောက်ပြလိုသောအချက်မှာ အစိုးရစနစ်ဖောင်းပွခြင်း ပင်ဖြစ်ပေသည်။

ဖောင်းပွနေသည့် ဝန်ကြီးဦးစီးဌာနများနှင့် ဖွဲ့စည်းပုံများကို မိမိတို့ အစိုးရနှင့်ကိုက်ညီမည့် ပုံစံသို့ ဦးစွာပြောင်းလဲသင့်ပေသည်။ ဝန်ကြီးဌာနများကို(၃၈)ခု မှ (၂၁)ခု သို့လျော့ချဖွဲ့စည်းခဲ့သော်လည်း ဦးစီးဌာန၊ လုပ်ငန်းဌာနများကိုမူ လျော့ချခြင်း၊ ပေါင်းစပ်နိုင်ခဲ့ခြင်းမရှိပေ။ ယခင်အစိုးရ လက်ထက် သက်တမ်းကုန်ခါနီးမှ ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သော အတွင်းဝန်ရုံးများသည်လည်း ဝန်ကြီးဌာနများ ပေါင်းစပ်သွားသော်လည်းပေါင်းမရဘဲ အစိုးရစနစ်ကို ပိုမိုရှုပ်ထွေး ကြန့်ကြားပါစေတော့သည်။

ထို့ကြောင့် အစိုးရစနစ်အရွယ်အစား အင်မတန်ကြီးမားခြင်းကပင် နိုင်ငံနှင့်ပြည်သူကိုပြန်လည် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာကို တွေ့ရပေသည်။

ပြီးခဲ့တဲ့အစိုးရစနစ်တွင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှာ အဓိက ဌာနကြီးအဖြစ် ဦးစီးဆောင်ရွက်ခဲ့တာဖြစ်သလို ဒေသအစိုးရများအနေဖြင့်လည်း ပြည်ထောင်စု အစိုးရရုံးကိုသာ ဦးတည်၍ ရုံးလုပ်ငန်းများဆောင်ရွက်ခဲ့တာကို မြင်တွေ့ခဲ့ရပေသည်။

ထို့ကြောင့် အစိုးရသစ်အနေဖြင့် လက်ရှိရုံးစနစ်ကို မိမိတို့အစိုးရဖွဲ့ထားသော ပုံစံနှင့်ကိုက်ညီအောင် ပြင်သင့်ပေသည်။ အလားတူ အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် မိမိတို့အစိုးရ၏ အတော်ဆုံး၊ အထက်ဆုံးဝန်ကြီးတစ်ဦးကို ထားရှိသင့်ပေသည်။

သို့မှသာ ဖယ်ဒရယ်အရ ဖွဲ့စည်းထားသောဒေသအစိုးရများနှင့် များပြားလှသော ဦးစီးဌာနများ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို ပိုမိုဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရုံးစနစ်လည်း မြန်ဆန်ထိရောက်လာမည်ဟု မျှော်လင့်မိပေသည်။

ထို့အပြင် ဝန်ကြီးဌာနတစ်ခု အောက်တွင် (၂)ခု (၃)ခု ဖြစ်နေသော အတွင်းဝန်ရုံးများကို ပြန်လည်ပေါင်းစပ်ရပေမည်။ ဦးစီးဌာနများအသစ် ဖွဲ့စည်းခြင်းထက် လုပ်ငန်းသဘောသဘာဝတူသော ဌာနများကိုသာ တာဝန်ပေးဆောင်ရွက်ခြင်းများ ဆောင်ရွက်သင့်ပေသည်။

ဌာနဖွဲ့စည်းပုံများကို မလိုအပ်ဘဲ အဆမတန်ချဲ့ထွင်ခြင်းများက နိုင်ငံဝန်ထမ်းများကို ဖောင်းပွစေပြီး လစာနှင့် စရိတ်များကိုလည်း အဆမတန် ကုန်ကျစေမှာ ဖြစ်ပါတယ်။ လစာတိုးရေး ကိစ္စများတွင် ဖောင်းပွဖွဲ့စည်း ပုံများသည် အကြီးမားဆုံးသော အတားအဆီးများ ပင်ဖြစ်နေပေတော့သည်။

အစိုးရသစ်အနေဖြင့်လည်း ဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ ဝန်ထမ်းသစ်ခန့်ထားခြင်းများအပေါ် ဌာနအလိုက်သေသေချာချာ အလေးအနက်ထားစိစစ်ဆောင်ရွက် သွားကြဖို့လို့မှာဖြစ်သလို့ ယခင်အစိုးရလက်ထက်ကတည်းက အဆမတန်ချဲ့ထွင်ခဲ့သော၊ ခေတ်ကာလနှင့် မကိုက်ညီတော့သော ဌာနအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံများကို ပြန်လည်သုံးသပ်လျော့ချခြင်းများ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

လက်တွေ့အောက်ခြေတွင် အချို့ဌာနများ၌ ဝန်ထမ်းဖွဲ့စည်းပုံ အင်အားများ အဆမတန်များပြာနေပြီး အချို့ဌာနများ၌အလုပ်နဲ့ ဝန်မမျှတမှုများကို တွေ့နေရပါတယ်။ အစိုးရသစ်အနေဖြင့် အောက်ခြေထိသိနားလည်အောင် လေ့လာပြီး ဖွဲ့စည်းပုံများကို ခေတ်စနစ်နှင့် ကိုက်ညီအောင်ပြုပြင်ပြောင်းလဲရပေ လိမ့်မည်။ သို့မှသာ မိမိတို့အစိုးရသွားလိုသော ရည်ရွယ်ချက်များအပေါ် ထိထိမိမိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပေလိမ့်မည်။

ထို့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များ အပေါ် ကော်မတီများဖွဲ့ပြီးမှ ဆွေးနွေး ဆုံးဖြတ်ခြင်းများသည်လည်း အစိုးရစနစ်ကို ပိုမိုလေးလံနှေးကွေးစေပြီး ကြိုးနစ်စနစ်ကို ပိုမိုအားကောင်းစေပါလိမ့်မည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်၊ ဦးစီးဌာန အလိုက်သာတတ်နိုင်သမျှတာဝန် ယူဆုံးဖြတ်စေပြီး အထူးကိစ္စများ၌သာ ကော်မတီဖွဲ့ ဆုံးဖြတ်ခြင်းများကို ပြုလုပ်သင့်ပေသည်။ သို့မှသာ အစိုးရစနစ် လေးလံခြင်းများကို ပြေလည်အောင် ဆောင်ရွက်နိုင်ပေလိမ့်မည်။

အချို့အကြောင်းအရာ ကိစ္စများဆိုလျှင် ယခင်က သက်ဆိုင်ရာ ဦးစီးဌာနများကသာ တာဝန်ယူခွင့်ပြု ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပေမယ့် ယခုအခါမှာဆိုလျှင် ဝန်ကြီးဌာနများနှင့် ကော်မတီများသို့သာ တင်ပြဆောင်ရွက်နေကြရသောကြောင့် မလိုအပ်ဘဲ ရုံးစနစ်ကို ကြန့်ကြာစေပါသည်။

ထိုလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ် ဖြေလျော့မှသာ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာနအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုများတိုးတက်လာမှာ ဖြစ်ပြီး အစိုးရစနစ်ကိုလည်း မြန်ဆန်သွက်လက် လာစေမှာ ဖြစ်ပါသည်။

အလားတူ ဒေသအစိုးရများတွင်လည်း အကြောင်းကိစ္စအားလုံးကို ကက်ဘိနက်စည်းဝေး တင်ဆုံးဖြတ်နေခြင်းထက် သက်ဆိုင်ရာဌာနအလိုက်၊ ဝန်ကြီးအလိုက်တာဝန်ယူမှု တာဝန်ခံမှုဖြင့် ဆုံးဖြတ်စေကာ အချို့အရေးကြီးသော အကြောင်းကိစ္စများကိုသာ ကက်ဘိနက်ခေါ်စည်းဝေးဆုံးဖြတ် စေသင့်သည်။

သို့မှသာ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဌာနအလိုက်လုပ်ကိုင်ဆောင်ရွက်မှုများ တိုးတက်လာမည်ဖြစ်ပြီး အထက်ပိုင်းခေါင်းဆောင်များ အနေဖြင့်လည်း အလုပ်ဝန်ပိနေခြင်းများကို လျော့ချနိုင်ပေလိမ့်မည်။

အချုပ်အားဖြင့်ဆိုသော် အစိုးရစနစ်ပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ အင်မတန်မှ အရေးပါသလို လက်တွေ့ပြောင်းလဲ လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်း အခက်အခဲ အတားအဆီးများနှင့်ကြုံတွေ့ရ နိုင်ပေသည်။

အဓိကအားဖြင့်တော့ အရိုးစွဲနေပြီဖြစ်သော နိုင်ငံဝန်ထမ်းများ၏ Mindset များကို ပြောင်းလဲလာသော ဖယ်ဒရယ်ဒီမိုကရေစီ စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲနိုင်ဖို့သား အရေးကြီးပါကြောင်း မီးမောင်းထိုး ရေးသားတင်ပြလိုက်ရပါသည်။

Comments

comments

Next Post

ဖောင်စီးရင်း ရေငတ်သည့် ကယား(ကရင်နီ)ပြည်သူတို့၏ ရပိုင်ခွင့်

Fri Sep 8 , 2017
ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။ မနောစိတ်မှာကြည်နူးစရာအလွန်ကောင်းပြီး ရေတသွင်သွင် စီးဆင်းနေတဲ့ ရေတံခွန်ရှိ ကယား(ကရင်နီ)ပြည်နယ်ဟာ သံယံဇာတ ပေါများကြွယ်ဝသလို ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဒေသမှာ နေထိုင်ကြတဲ့တိုင်းရင်းသား လူမျိုးစုတွေဟာ သံယံဇာတရဲ့အကျိုးအမြတ်၊ အနံ့ အရသာကို ဒီနေ့ဒီချိန်ထိ မြည်းစမ်းခွင့် မရကြပါဘူး။ ရိုးသားစိတ်ထားပြည့်ဝတဲ့ လူငယ်လူရွယ်တွေနှင့် နှုတ်ခမ်းနီပါးနီ မခြယ်သပဲ သဘာဝအတိုင်း လှပတဲ့ ကယားပျိုဖြူ မိန်းကလေးတွေဟာ အိမ်နီးချင်း ထိုင်းနှင့် မလေးရှားတို့မှာ သွားရောက်အလုပ်လုပ်ကိုင်ရင်းနဲ့ ကိုယ့်ရဲ့အနာဂတ်ဘဝအတွက် လှုပ်ရှား ရုန်းကန်နေတာကို တွေ့မြင်နေရပါတယ်။ ဒီလိုအခြေအနေတိုင်းသာ ရှေ့ဆက်သွားမယ်ဆိုရင် ကယားပြည်နယ်ဟာ ဒေသခံတိုင်းရင်းသားအတွက် အခြေချ နေထိုင်လုပ်ကိုင်စားသောက်ဖို့ ဒေသတစ်ခုမဟုတ်ပဲ ခေတ္တခဏသာ လာရောက် အနားယူအပန်းဖြေဖို့ နေရာတစ်ခုဖြစ်သွားမှာကို အလွန်ပဲ […]