spot_img
Wednesday, November 30, 2022
spot_img

“အတွေ့အကြုံကို ပြန်ပြောရင် တချို့ဆိုယုံမှာတောင်မဟုတ်ဘူး” လို့ပြောတဲ့ အသက်၂၃ နှစ်အရွယ် တော်လှန်ရေး ရဲမေ ဝါဝါအောင်နဲ့ မေးမြန်ခန်း။

spot_imgspot_imgspot_imgspot_img

ကယားပြည်နယ် စိုက်ပျိုးရေးရုံးမှာ နှစ်နှစ်သာ တာဝန်ထမ်းဆောင်ရင်း CDM ပြုလုပ်လာတဲ့ အသက် ၂၃ နှစ် အရွယ် မဝါဝါအောင် ကတော့ အခုချိန်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းတစ်ခုမှ ရဲမေ အဖြစ် တာဝန်ထမ်းဆောင်နေပြီး စစ်မြေပြင်အထိ ကိုယ်တိုင်ပါဝင်နေသူ တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖြစ်တဲ့ မဝါဝါအောင်နဲ့ ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ လက်နက်ကိုင် လမ်းစဉ်ကို ပါဝင်ရွေးချယ်ရတဲ့ ရည်ရွယ်ချက်လေး သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ စစ်အာဏာသိမ်းမှု မစခင်မှာ ကျနော် ဒီကယားပြည်နယ် စိုက်ပျိုးရေးရုံးမှာ ၂ နှစ် ကျော်ကျော်လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း CDM လှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးထဲကို ရောက်လာပါတယ်။

မေး ။ ။ လက်နက်ကိုင်တပ်ဖွဲ့ဝင်ထဲ ပါဝင်ဖို့ ဘယ်လောက်ထိ အချိန်ယူ ဆုံးဖြတ်ခဲ့ရလဲ။

ဖြေ ။ ။ ဒီကိုရောက်ဖို့ ကျနော် အချိန်တော်တော်ယူပြီးတော့ စဉ်းစားခဲ့ရတယ်။ အရင်တုန်းက တော်လှန်ရေးက ဒီဆန္ဒပြ လှုပ်ရှားမှုတွေက ဟိုအော်၊ ဒီအော်နဲ့ ထင်သလောက် လွယ်ကူပေမယ့် ဒီလက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ဖို့ဆိုတာက ဆုံးဖြတ်ချက်က ထင်သလောက် မလွယ်ကူဘူး။ လက်တွေ့မှာ ဒီလိုလုပ်ရတယ်ဆိုတာ ပိုပြီးတော့ ခက်ခဲတယ်။ ပြီးတော့ ဒီလို ခက်ခက်ခဲခဲ ဆုံးဖြတ်ထားတဲ့ ရည်ရွယ်ချက်ကလည်း ကျနော်တို့ နိုင်ငံကြီး ဒီစစ်အာဏာရှင် လုံးဝမကြိုက်လို့ အာဏာရှင်မှန်သမျှကို တော်လှန်ချင်လို့ လွတ်လွတ်လပ်လပ်နဲ့ နေချင်တယ်။ ကျနော်တို့ လူငယ်တွေအားလုံးက ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ့်ပန်းတိုင်ကို သွားချင်ကြတဲ့ လူတွေချည်းပဲ။ ရည်မှန်းချက်တွေ အားလုံးကို စွန့်ပစ်ပြီးတော့ ကျနော်တို့ ဒီကို ရောက်လာရတယ်ပေါ့နော။ ပြီးတော့ ထပ်ပြီးတော့ ကျနော့်ရဲ့ ရည်ရွယ်ချက်က ကျနော်တို့ ကရင်နီပြည်နယ်ကြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ သီးခြားလွတ်လပ်တဲ့ ပြည်နယ်အဖြစ် ရောက်အောင် ကျနော်အာဏာရှင်မှန်သမျှကို တိုက်ထုတ်သွားချင်တယ်။ ဒီစစ်အာဏာရှင်မက နောက်ထပ် အာဏာရှင်တွေ ထပ်ပေါ်လာဦးမယ်ဆိုရင်လည်း အဲ့ဒီအာဏာရှင်တွေကို ထပ်ပြီးတော့ တိုက်ထုတ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကို ရောက်လာခြင်း ဖြစ်ပါတယ်။

အသက်၂၃ နှစ်အရွယ် တော်လှန်ရေး ရဲမေ ဝါဝါအောင်

မေး ။ ။ လက်နက်ကိုင်တပ်ဖွဲ့ဝင်ထဲ ပါဝင်တာ ဘယ်လောက်ကြာသွားပြီလဲ။

ဖြေ ။ ။ သင်တန်းတွေပြီးတော့ KNDF ရဲ့ လက်ရှိ တပ်ရင်းကို ရောက်ခဲ့တယ်ပေါ့နော။ ဒီတပ်ရင်းမှာ ကျနော် ရှေ့တန်းတပ်သားအနေနဲ့ကော ရှေ့တန်းထောက်ပို့အနေနဲ့ကော တာဝန်ထမ်းဆောင်နေပါတယ်။ ဒီတာဝန်ကြီးပဲ မဟုတ်ပေမယ့် တခါတလေ ကြုံရင်ကြုံသလို လုပ်ကူရတာတွေလည်း ရှိပါတယ်။ ဒီတပ်ရင်းကို ရောက်ခဲ့တာ ဒီလနဲ့ဆိုရင် ကိုးလ ရှိသွားပါပြီ။ ကျနော်တို့တပ်ရင်းက အမြဲတမ်း ရှေ့တန်းမြေပြင်မှာပဲ ရှိတဲ့အတွက် ရှေ့တန်းအတွေ့အကြုံဆိုရင်တော့ အရမ်းများတယ်ပေါ့နော။ အမြဲတမ်း တိုက်ပွဲက မထင်ရင်မထင်သလို အဲ့မျိုးဖြစ်နေတယ်ပေါ့နော။ တိုက်ပွဲအတွေ့အကြုံကို ပြောရင်တော့ တော်တော်ကို များပါတယ်။ တိုက်ပွဲ ဒီရက်၊ ဒီရက် ဖြစ်မယ် ကြိုမသိပဲနဲ့ အမြဲတမ်း ကိုယ်က ဝီရိယ ရှိရှိ ရဲဘော်တွေအားလုံးက ပြင်ဆင်ထားတယ်ပေါ့နော။

မေး ။ ။ မိသားစုဝင်တွေကော လက်နက်ကိုင်တပ်ဖွဲ့ထဲ ပါဝင်လိုက်တဲ့အပေါ် ဘယ်လို တုံ့ပြန်မှုတွေ ရှိပါသလဲ။
ဖြေ ။ ။ ကျနော့် မိသားစုတွေနဲ့ အတိုက်အခံတွေ အများကြီးဖြစ်တယ်။ ဘယ်မိဘကမှ အသက်ကို စတေးပြီး တော်လှန်ရေးလုပ်ဖို့ကို လွယ်လွယ်ကူကူ ခွင့်ပြုကြမှာ မဟုတ်ဘူး။ ယောကျ်ားလေး မိဘတောင်မှ ဆိုးတယ်ဆိုရင် ကျနော့်လို မိန်းကလေးအတွက်နဲ့ဆိုရင်တော့ သူတို့က ပိုပြီးတော့ ဆိုးမှာပေါ့။ ဘယ်သူကမှ ဒီလမ်းကို သွားပါ၊ သွားပါ ဆိုပြီးတော့ တိုက်တွန်းတဲ့ မိဘ ရှိမှာ မဟုတ်ဘူး။ ကျနော်တို့အားလုံးက ဒီလို အတိုက်အခံတွေ လုပ်ပြီးတော့ ဒီထဲမှာ ရှိတဲ့ ရဲဘော်တွေအားလုံးကလည်း သူတို့ မိဘ ခွင့်ပြုချက် တစ်ယောက်မှ မပါကြဘူး။ အိမ်နဲ့ ခွဲခွာပြီးတော့ ဒီနေရာကို ရောက်လာကြတယ်။ မိသားစုနဲ့ ခွဲခွာပြီးတော့ ဒီနေရာကို ရောက်လာရတာ တကယ်ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်ပေါ့နော။

မေး ။ ။ လက်နက်ကိုင်တပ်ဖွဲ့ဝင်ထဲ နေတဲ့အခါ ဘယ်လိုပုံစံမျိုးတွေကို လေ့ကျင့်ရလဲ။
ဖြေ ။ ။ ပထမဆုံး လေ့ကျင့်ရေးသင်တန်းကွင်းကို ရောက်တယ်။ လေ့ကျင့်ရေးကို သင်တန်းကွင်းမှာ ပထမ စစရက်မှာပဲ အရမ်းပင်ပန်းတယ်။ ခက်ခဲတယ်။ ကိုယ်က အိမ်မှာ အေးအေးဆေးဆေးလေး နေခဲ့တဲ့ လူတစ်ယောက်ဆိုတော့လေ။ ဒီလိုပထမဆုံး သင်တန်းကွင်းမှာ သင်တန်းမှာလည်း နည်းတွေကလည်း ပေါင်းစုံပဲ။ လေ့ကျင့်ရတဲ့ လေ့ကျင့်နည်းတွေကလည်း ပေါင်းစုံပဲ။ အဲ့လို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ပေါင်းစုံလုပ်ရတယ်။ အိမ်မှာ မနက်မိုးလင်းလို့ ထပြီးတော့တောင် မပြေးဖူးတဲ့လူက ဒီလိုလေ့ကျင့်ရတာ တကယ်ပင်ပန်းတယ်။ သူများတစ်ဆပင်ပန်းရင် သူများထက် နှစ်ဆ ပိုပင်ပန်းတယ်။ တော်တော်ခက်ခဲပါတယ်။ နောက်ပြီးတော့ နားရတဲ့အချိန်ဆိုတာကလည်း စားတဲ့အချိန်ရယ်၊ ညအိပ်တဲ့အချိန်ရယ်။ ဒါတောင်မှ ညအိပ်ရင်းနဲ့ ထပြီးတော့ လေ့ကျင့်ရတာတွေလည်း ရှိတယ်။ တကယ်ကို ပင်ပန်းပါတယ်။ ပြောပြမတတ်အောင်ပဲပေါ့နော။ အဲ့ဒါတွေကြောင့်ပဲ နေမှာပါ။ အခုဆို အဲ့ဒီလေ့ကျင့်ရေးမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာကော အများကြီး လေ့ကျင့်ပေးတယ်။ အခုဆိုရင် အရာအားလုံးကို ကျော်ဖြတ်နိုင်တယ်ပေါ့နော။ လွယ်လွယ်ကူကူနဲ့။ အဲ့ဒီလေ့ကျင့်ရေးတွေကြောင့်ပဲ ဖြစ်မှာပါ။

မေး ။ ။ လေ့ကျင့်ရတဲ့အခါမှာကော ဘယ်လောက်ထိ ခက်ခဲပါသလဲ။ ကိုယ်မလုပ်တဲ့ လေ့ကျင့်ရေးမျိုးတွေ ရှိခဲ့ဖူးလား။ ကိုယ်မလုပ်နိုင်လို့ စိတ်ဓတ်ကျသွားတာမျိုးကော ကြုံဖူးလား။

ဒီလို လေ့ကျင့်ခန်းတွေ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ရပေမယ့်လည်း စိတ်ဓတ်ကျပြီးတော့ ဒီနေရာမှာ ရပ်လိုက်မယ်။ နောက်ဆုတ်လိုက်မယ် ဆိုတဲ့ အတွေးမျိုး တခါမှ မတွေးဖူးဘူး။ တခါတလေ တအားပင်ပန်းတဲ့အချိန်မျိုးဆိုရင် ကိုယ့်အိမ်ကို ပြန်ချင်တယ်။ အဲ့လိုမျိုး အမေနဲ့အဖေနဲ့ ရှိပြီးတော့ ဘာမှ ပူပင်စရာမလိုတဲ့ ဘဝကို တခါတလေ ပြန်လိုချင်တယ် အဲ့ဒါက လွဲရင်ပေ့ါ။ ကျနော်နဲ့အတူ ဒီထဲက မိန်းကလေးတွေ အကုန်လုံးကလည်း ဒီလိုရင်ဆိုင်နေရတာတွေလည်း ရှိတယ်။ အကုန်လုံးကလည်း ဒီလိုဘဝမျိုးကို ဖြတ်သန်းနေကြတာဆိုတော့ ပြီးတော့ ဒီလိုလုပ်နေတဲ့ အရာတွေကလည်း ကျနော်တို့ နိုင်ငံကြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားဖို့အတွက် အကုန်လုံး တိုက်ပွဲဝင်နေကြတာပဲ။ ကျနော်မှန်တယ်ထင်တာကို လုပ်ခဲ့တဲ့အတွက် စိတ်ဓတ်မကျတာပါ။ နောက်ဆုံး ဒီလိုရည်ရွယ်ချက် ကြီးကြီးမားမား အိမ်နဲ့အတူ အတိုက်အခံတွေ လုပ်ပြီးတော့မှ တော်လှန်ရေးကို လုပ်မယ်လို့ ဆုံးဖြတ်ချက် ချပြီးတော့ ဒီနေရာကိုရောက်လာခဲ့တယ်ပေါ့နော။

မေး ။ ။ ကိုယ့်အတွက် အခက်ခဲဆုံးက ဘယ်အပိုင်း ဖြစ်နေပါသလဲ။

အခက်ခဲဆုံးအချိန်လို့ ပြောရရင် Mission ထွက်တဲ့အချိန်ပေါ့နော။ အဲ့အချိန်ဆို အရမ်းပင်ပန်းတယ်။ ပါတဲ့ အဝတ်အစားတွေ၊ ပါသမျှ ပစ္စည်းတွေကို ထည့်ပြီးတော့ နှစ်ညအိပ်၊ သုံးညအိပ်၊ တစ်တောင်ဝင်၊ တစ်တောင်ထွက်၊ တစ်တောင်ဆင်း အဲ့လိုတွေ လုပ်ရတယ်။ ပြီးတော့ ပါတဲ့ ရေတွေ၊ ခေါက်ဆွဲခြောက်တွေကလည်း မလောက်ဘူး။ အချင်းချင်းဝေမျှပြီးတော့ စားတာတွေလည်း ရှိတယ်။ နောက်ဆုံး အစားအသောက်မလောက်လို့ တောထဲမှာ ရှိတဲ့ အရွက်တို့၊ ငှက်ပျောအူတို့ကို စားရတဲ့အချိန်တွေလည်း ရှိခဲ့ဖူးတယ်။ ပြန်ပြောပြရင်တောင်မှ တချို့ဆို ယုံကြမှာတောင် မဟုတ်ဘူး။ တကယ်ကို ခက်ခဲခဲ့ပါတယ်။ သင်တန်းလုပ်ရတာ။ ဒါပေမယ့် သင်တန်းမှာ ပေးတဲ့ ပညာတွေကို သင်ပြီးတော့ တကယ့်တကယ် ရှေ့တန်းမှာ ကြုံလိုက်ရတဲ့ အချိန်မှာ ဒါတွေက အရမ်းကို အသုံးဝင်တယ်။ လက်တွေ့ကျကျပဲ။

မေး ။ ။ ရှေ့တန်းထွက်တဲ့အခါမှာကော အစားအသောက်၊ သောက်သုံးရေ စသဖြင့် ပြတ်လပ်ရင်း မစားသောက်ရတာမျိုး ကြုံရသေးလား။ ဘယ်နကြိမ်လောက်လဲ။
ဖြေ ။ ။ တိုက်ပွဲဖြစ်ရင်တော့ အလှူရှင်တွေ လှူထားတဲ့ ထမင်းထုပ်တွေ ရောက်လာတာတွေ ရှိတယ်။ တိုက်ပွဲဖြစ်လို့ အစာရေစာ ရှားပါးတာမျိုးတော့ မကြုံဖူးဘူး။ ပြတ်လပ်တာတွေ အဲ့မျိုးတွေလည်း ဒီနေ့အထိ မကြုံဖူးသေးပါဘူး။ ဒါပေမယ့် ဒီနောက်ပိုင်း အလှူရှင်တွေက နည်းလာတယ်ပေါ့နော။ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့်၊ အင်တာနက်လိုင်း အခြေအနေကြောင့် အဲ့လိုဖြစ်မယ်ထင်တယ်။ အဲ့ကြောင့်မို့လို့ အလှူရှင်တွေ နည်းလာတယ်။ ရိက္ခာတွေ လုံးဝပြတ်သွားတာမျိုးတွေ မဟုတ်ပေမယ့် ချိုးခြံချွေတာပြီးတော့ စားသောက်လာရတယ်။ အဲ့မျိုး မရှိ ရှိတာတွေနဲ့ပဲ စားသောက်လာနေရတယ်ပေါ့နော။ စစ်အာဏာသိမ်းပြီးတော့ တစ်နှစ်ကျော်ကြာလာပြီးတော့ တက်ညီလက်ညီနဲ့ ပါဝင်ကြတဲ့ အလှူရှင်တွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းလည်း ထပ်ပြီးတော့ ပါဝင်စေချင်တယ်။ ဒီနောက်ပိုင်း နည်းနည်းအားနည်းလာတာကို တွေ့ရတယ်။ အရင်ကလောက် လွတ်လွတ်လပ်လပ် လုံးဝမရှိတော့ဘူးလို့ ပြောရမှာပေါ့နော။

မေး ။ ။ အမျိုးသမီးတစ်ဦး ဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့ဝင်ထဲ ပါဝင်ရတဲ့အခါ ဘယ်လို စိန်ခေါ်မှုကို အဓိက ကြုံနေရလဲ။
ဖြေ ။ ။ ကျနော်တို့ ရှေ့တန်းမှာ ကျနော့်ကို မိန်းကလေးမို့ ဦးစားပေးပြီးတော့ ပိုပြီးတော့ အခွင့်ထူးခံရမယ် အဲ့မျိုးတွေ ရှိတယ်။ အကုန်လုံး တန်းတူပဲ။ ရဲဘော်ရဲဘက်စိတ်၊ ညီအစ်ကို မောင်နှမစိတ်နဲ့ အားလုံး သွားကြတာတွေချည်းပဲ။ မိန်းကလေးဖြစ်လို့ အခွင့်အရေးပိုရမယ်၊ ပိုစားရမယ်။ အဲ့မျိုးတွေ မရှိဘူး။ သူတို့က ထမင်း တစ်ရက်ကို နှစ်နှပ်ဆိုရင် ကျနော်လည်း နှစ်နှပ်ပဲ။ အကုန်လုံးက တန်းတူတွေပဲ။ ပြီးတော့ ညီအစ်ကိုမောင်နှမစိတ်နဲ့ သွားကြတာ။ ခင်ခင်မင်မင်ပဲ။ စစရောက်ချင်းတုန်းကဆိုရင် အဲ့လိုမျိုး ရှက်တာတွေ ဘာတွေ ရှိပေမယ့် ဒီနောက်ပိုင်းဆို လုံးဝ ကိုယ့်မိသား၊ ညီအစ်ကို မောင်နှမလိုပဲ။ ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ ဒုတိယ မိသားစုလိုပဲ အရမ်းကို နွေးနွေးထွေးထွေး ခံစားရတယ်။ ဒါတွေ ပြီးသွားရင် ဒီလူတွေနဲ့ တွေ့ဆုံခဲ့ရတာကို အမှတ်ရနေမှာ။ တကယ်ကို ကျေးဇူးတင်နေမှာ။

မေး ။ ။ ကိုယ့်ကိုယ်ကို အမျိုးသားတွေနဲ့ တန်းတူ လုပ်ဆောင်နိုင်တယ်လို့ ထင်ပါသလား။
အခုလို အမျိုးသားတွေနဲ့ တန်းတူ ရှေ့တန်းထွက်ရတဲ့အပေါ် ကိုယ့်ကိုယ်ကို ဘယ်လောက်ထိ ဂုဏ်ယူနေလဲ။
ဖြေ ။ ။ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုပါဝင်လာရတဲ့အတွက် အရင်တုန်းကဆိုရင် အိမ်မှာနေရင် ဘာမှ မလုပ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ဒီလိုနည်းနည်းပါးပါး လုပ်လာနိုင်တယ်။ အများနဲ့ တန်းတူ ယောကျာ်းလေးလောက် မလုပ်နိုင်သေးပေမယ့် သူတို့ထက် မလျော့တဲ့ ပုံစံနဲ့ လုပ်လာနိုင်တဲ့အတွက် တခါတလေ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတာမျိုးတွေ ရှိပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို ဒီလောက် လုပ်နိုင်မယ်လို့လည်း မထင်ထားတော့ ဒီလောက်ထိ လုပ်လာနိုင်တဲ့အတွက် တကယ်ကို ဂုဏ်ယူပါတယ်။ ပြီးတော့ ဒီတပ်ရင်းထဲမှာ ကျနော့်ကို ညီအစ်ကိုမောင်နှမလို ချစ်ခင်ပြီးတော့ ဖေးမကူညီခဲ့ကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို ထာဝစဉ် လေးစားနေမှာပါ။

မေး ။ ။ ရှေ့တန်းထွက်ရတဲ့ ခံစားချက်၊ အတွေ့အကြုံလေး ပြောပြပေးပါရှင့်။ ရှေ့တန်းထွက်ရတော့မယ်ဆိုရင် ဘယ်လိုတွေ ပြင်ဆင်ထားရလဲ။
ဖြေ ။ ။ ပထမဆုံး ရှေ့တန်း အတွေ့အကြုံအရဆိုရင် ကြောက်ဖို့ကောင်းတယ်။ စိတ်လှုပ်ရှားတယ်ပေါ့နော။ အရမ်းကြောက်စရာကောင်းတယ်။ လက်နက်ကြီး လက်နက်ငယ်အစုံပဲ ကိုယ့်ဘေးမှာ စင်ထွက်သွားတာတွေကအစ ရုပ်ရှင်တွေထဲကလို လွယ်လွယ်ကူကူကြီး မဟုတ်ဘူး။ အရမ်းခက်ခဲတယ်။ ပြန်ပြောပြရင်တောင် တချို့ဆို ယုံကြမှာ မဟုတ်ဘူး။ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုဖြတ်သန်းခဲ့ရတာကိုပေါ့နော။ ဒီနေ့ ဒီအချိန်ထိ ကိုယ့်ကိုယ်ကို အသက်ရှင်ခဲ့တာတောင်မှ ဘုရားကို ကျေးဇူးတင်ရမှာ ဖြစ်တယ်။

အသက်၂၃ နှစ်အရွယ် တော်လှန်ရေး ရဲမေ ဝါဝါအောင်

မေး ။ ။ ရှေ့တန်းထွက်တဲ့တစ်လျှောက် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ ရခဲ့သေးလား။
ဖြေ ။ ။ ရှေ့တန်းမှာ ကြုံရတွေက အရမ်းခက်ခဲတယ်။ ဖြတ်သန်းရတာတွေက ပင်ပင်ပန်းပန်းတွေပဲ။ တခါတလေ ကိုယ်က War Zone မဟုတ်ပေမယ့် Danger Zone မှာ မြင်ရတဲ့လူဆိုတော့ ဒီစစ်မြေပြင်မှာ လိုအပ်တဲ့အရာတွေကို ပို့ဆောင်ရတဲ့အချိန်လည်း ရှိတယ်။ ဒီနေ့ဒီအချိန်ထိတော့ ဒဏ်ရာကြီးကြီးမားမား ရဖူးတာတော့ မရှိသေးပေမယ့် ပွန်းပဲ့တာတို့၊ မှောက်ရင်း ဘာရင်း ထိခိုက်တာတွေ ပွန်းပဲ့တာတွေ ဒဏ်ရာလောက်ပဲ ရဖူးတယ်။

မေး ။ ။ စစ်တပ်ကသာ အာဏာမသိမ်းခဲ့ရင် ဒီအချိန်မှာ ကိုယ်ဘာတွေဖြစ်နေပြီလို့ ထင်ပါသလဲ။
ဖြေ ။ ။ တကယ်လို့များ စစ်တပ်က အာဏာရူးပြီးတော့ ထမသိမ်းခဲ့ရင် ဒီအချိန်မှာ ကျနော် မိဘတွေ ဖြစ်စေချင်တဲ့အတိုင်း သူတို့ကို တင့်တောင့်တင့်တယ် ထားပြီးတော့ သူများ သား၊သမီးတွေလိုပဲ ကိုယ်ရည်မှန်းထားတဲ့ ရည်မှန်းချက် ပန်းတိုင်အတိုင်း ရောက်နေမယ်လို့ထင်တယ်။ အများကြီးပဲ ဒီလို အာဏာသိမ်းလိုက်တော့ ကိုယ်မျှော်လင့်ထားတာတွေနဲ့ တခြားစီဖြစ်သွားတယ်။ ကိုယ်မှန်းထားတဲ့ အနာဂါတ် Plan တွေကလည်း အကုန်လုံး ပျက်စီးသွားပြီပေါ့နော။ စစ်တပ်က အာဏာမသိမ်းခဲ့ရင် ကျနော့်မိဘ ကျနော့်ကို ဖြစ်စေချင်တဲ့အတိုင်းလည်း ဖြစ်နေပါပြီ။ ဒီနေ့ဒီအချိန်ထိ ကျနော့်မိဘကို ကျနော်က သူတို့ ဘာဖြစ်ချင်လဲဆိုတာကို တခါမှ မမေးဖူးဘူး။ ကျနော်ဖြစ်ချင်တဲ့အတိုင်းပဲ လျှောက်လုပ်နေခဲ့တယ်။ တခါမှ သူတို့ကို ပြန်လှည့်မကြည့်ခဲ့ဖူးဘူး။ အခုလည်း သူတို့ သဘောမတူတဲ့ ဒီနေရာကြီးကို ရောက်လာတယ်ပေါ့နော။ ဒါပေမယ့် စစ်တပ်ကသာ အာဏာမသိမ်းခဲ့ရင် သူတို့ကို စိတ်ချမ်းသာအောင် ထားနေနိုင်မယ်လို့ ထင်တယ်။ တကယ်လို့များ ဒီအခြေအနေကြီးက ဘာလို့ ဒီလောက်ကြာနေလဲဆိုတော့ အားလုံးက မညီလို့ပေါ့နော။ အကုန်လုံးက တက်ညီလက်ညီနဲ့ တူတူပါဝင်လာရင် ခနလေးအတွင်း ပြန်ချင်တဲ့အိမ်လည်း ပြန်ရမယ်။ ပြန်ဆုံချင်တဲ့ မိသားစုလည်း ဆုံရမယ်။ ဒီနေ့ ဒီအချိန်ထိ တစ်နှစ်ကျော်ကြာတဲ့အချိန်ထိ တက်ညီလက်ညီ တိုင်းနဲ့ ပြည်နယ်တွေ အားလုံးက မပါဝင်လာဘူး။ လုပ်နေရတဲ့ ပြည်နယ်တွေကလည်း အမြဲတမ်း လုပ်နေရတယ်ပေါ့နော။ ပြီးတော့ ဖိခံနေရတယ်။ အဲ့ဒါကြောင့်မို့လို့ တချို့က ကျနော့်ကို လာမေးတယ်။ ဘယ်တော့ အိမ်ပြန်ရမလဲ အဲ့လိုလာမေးရင် မကြာဘူး။ ပြန်ရမယ် အဲ့လိုမျိုး နှစ်သိမ့်ရပေါင်းလည်း များနေပြီပေါ့နော။ သူတို့လည်း အိမ်ပြန်ချင်ကြပြီ။ ကျနော်တို့လည်း တူတူပါပဲ။ အကုန်လုံး မိသားစုတွေနဲ့ ပြန်ဆုံချင်ပြီ။

မေး ။ ။ ထပ်မံဖြည့်စွက်ပြောကြားချင်တာများ ရှိပါသလား။
ဖြေ ။ ။ တစ်နှစ်ကျော်ကြာတဲ့အထိ အလှုရှင်တွေကော ပြည်တွင်းပြည်ပ အလှုရှင်တွေကော တက်ညီလက်ညီနဲ့ ပါဝင်လာပေးတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့လည်း ပါဝင်ကြဖို့လည်း တောင်းဆိုချင်ပါတယ်။ အားမလျော့သေးပဲနဲ့၊ သွေးမအေးသေးပဲနဲ့။ အကုန်လုံး တူတူပါဝင်လာပေးကြဖို့လည်း ထပ်ပြီး ပြောချင်တယ်။ မကြာပါဘူး။ တကယ့်တကယ် မညီလို့သာ ကြာနေတာပါ။ ညီရင် ခနလေးအတွင်းနဲ့ ကျနော်တို့တွေ အကုန်လုံး ဒီအာဏာရှင်စနစ်ကြီးကို တွန်းလှန်နိုင်မှာပါ။ ဒီနောက်ပိုင်း ကျနော်တို့တွေ အဓိက စိန်ခေါ်မှု တစ်ရပ်ကတော့ လက်နက်ကြီးပိုင်းပေါ့နော။ လက်နက်အင်အားတွေက အရင်လို လက်လုပ်သေနတ်တွေ မဟုတ်တော့ပေမယ့် မောင်းပြန်တွေ ကိုင်လာနိုင်တယ်။ အလှုရှင်တွေရဲ့ ကျေးဇူးကြောင့်။ ဒါပေမယ့် ဒီစစ်တပ်က အင်အား အလုံးအရင်းနဲ့ အသုံးပြုတာတို့ လေယာဉ်အသုံးပြုတာတို့က နောက်ပိုင်း ကရင်နီပြည်နယ်မှာက များလာတယ်ပေါ့နော။ လေယာဉ်မဝဲတဲ့ညဆိုတာလည်း လုံးဝကို မရှိသလောက် ရှားသွားပြီ။ ပြီးတော့ လက်နက်ကြီးနဲ့ အမြဲတမ်း ပစ်ခတ်နေတယ်ပေါ့နော။ ရမ်းပြီးတော့ နေရာတကာကို ပစ်ခတ်နေတာတွေ များတယ်။ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်တွေလည်း ဆုံးရှုံးရတာတွေ များလာပြီ။ ဒါကြောင့် ဒီနောက်ပိုင်း အဓိက လိုအပ်လာတဲ့အပိုင်းဆိုရင်တော့ လက်နက်ကြီးပိုင်း လို့ ပြောရမယ်။ ကျနော်တို့တွေလည်း သူတို့တွေ လုပ်ခဲ့သလို ပြန်လုပ်နိုင်မယ်ဆိုရင် သေချာပါတယ်။ ဒီပွဲက မကြာတော့ပါဘူး။ နိုင်မှာပါ။ အားလုံး ကျနော်တို့နဲ့အတူ အားတင်းကြပေးဖို့ ဒီကနေ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Related Stories