spot_imgspot_imgspot_imgspot_img
Saturday, June 22, 2024
spot_imgspot_imgspot_imgspot_img

အထက်တန်းအဆင့်နဲ့ အဆုံးသတ် သွားရတဲ့ ကျောင်းသားတို့ အိမ်မက်

Author

Date

Category

မူဖိလစ်စတာ/ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးဂယက်ကြောင့် မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေပိတ်လိုက်ရပါတယ်။ တချိန်ထဲမှာပဲ ကရင်နီပြည်နယ်က ကျောင်းသား တချို့တဝက်က တောထဲတောင်ထဲမှာ စစ်ရှောင်လိုက်ရပါတယ်။

အဲဒီ ကျောင်းသားတွေထဲ ကရင်နီပြည်၊ ဒီးမော့ဆို ဇာတိ မြို့နယ်လေးက ကျောင်းသူ မပူခေးရီယာလည်းပါဝင်ပါတယ်။ သူမအတွက် ဥပဒေကျောင်းတက်ဖို့က အကြီးမားဆုံးနဲ့ တခုတည်းသော အိပ်မက်ဖြစ်တယ်လို့ ပြောပါတယ်။

မပူခေးရီယာဟာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ကယန်းတိုင်းရင်းသူတယောက်ပါ။ အသက်ငယ်ရွယ်ပေမဲ့ ကိုယ့်ဘဝရည်မှန်းချက်ကို ပြတ်ပြတ်သားသားမြင်နေတဲ့ အမျိုးသမီးတဦးလို့လည်းဆိုနိုင်ပါတယ်။
ဘဝရည်မှန်းချက်ကို ပြည့်မြောက်မယ်လို့ တသမတ်တည်း ရိုးရိုးရှင်းရှင်းတွေးခဲ့ပေမဲ့ အခုတော့ ပူခေးရီယာရဲ့ အိပ်မက်ကို ရိုက်ချိုးမဲ့ တံတိုင်းကြီးပေါ်လာပါပြီ။

အဲတာကတေ့ာ မရေရာတဲ့ ကြားကာလပညာရေးစနစ်ပဲ ဖြစ်ပါတယ်။ တောထဲ တောင်ထဲမှာ စစ်ရှောင်နေကြရတဲ့ ပူခေးရီယာတို့လို ကျောင်းသား၊ကျောင်းသူတွေအတွက် ရှေ့ဆက်ပညာရေးလမ်းကြောင်း ဟာ ကြားကာလပညာရေးစနစ်ကြောင့် အိပ်မက်မှုန်ဝါးလာနေပြီ။

သူမက ၂၀၂၃ ခုနှစ်မှာပဲ စစ်ရှောင်စခန်းတခုမှာ ကြားကာလပညာရေးစနစ်နဲ့ ဆယ်တန်းပြီးထားပါတယ်။ ဒါပေမဲ့ သူမရဲ့ ပညာရေးအတွက် ရှေ့ဆက်ဖို့ လမ်းမရှိပါဘူး။ စစ်ရှောင်စခန်းတွေဖြစ်တာကြောင့် အခြေခံပညာသင်ကြားရေးအတွက်ကိုပဲ ဦးစားပေးကြရပြီး ဆယ်တန်းလွန်ပညာရေး ဒါမှမဟုတ် တက္ကသိုလ်ပညာရေး က စစ်ရှောင်စခန်းတွေမှာ မရှိနေသေးတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပူခေးရီယာ ရဲ့ အကြီးမားဆုံး မျှော်လင့်ချက် အိပ်မက်ဖြစ်တဲ့ ဥပဒေ ကျောင်းတက်ရဖို့ က မဖြစ်နိုင်တော့ဘူးလို့ သူမက ပြောပါတယ်။ ဆက်တက်ဖို့ ကျောင်းမရှိတော့တဲ့ သူမအဖို့ လက်ရှိမှာ ဆိုင်ဖွင့်ပြီး စျေးရောင်းနေရပါတယ်။

ဖြစ်ချင်တာနဲ့ ဖြစ်နေတာ နှမ်းတစေ့လောက်တောင် ကိုက်ညီမှုမရှိဘူးလို့ ပူခေးရီယာ က ပြောပါတယ်။
အာဏာသိမ်းကာလမှာ ကြားကာလပညာရေးစနစ်က ကျောင်းသားတွေရဲ့ အနာဂတ်အတွက် သေချာတဲ့ အာမခံချက်တခု မပေးနိုင်ဘူးလို့ သူမရဲ့ထင်မြင်ချက်ကို ပြောလာပါတယ်။

“မသေချာဘူးပေါ့နော။ ဒီပြီးဆုံးကြောင်းလက်မှတ်ယူပြီးတော့မှ အလုပ်တခု‌လျှောက်ဖို့တော့ မသေချာဘူး။ ဘာလို့လဲဆိုတော့ ဒီအစိုးရ(NUG) ကိုကမှ သေချာလား မသေချာဘူးလား ဆိုတဲ့ဟာမျိုးလည်းရှိသေးတယ်လေးနော။ အဲကြောင့်လေး။” လို့ ပူခေးရီယာ က ပြောပါတယ်။

ပူခေးရီယာလိုပဲ မောင်ဝေယံ (အမည်လွှဲ) ကလည်း ကြားကာလပညာရေးစနစ်နဲ့ ဆယ်တန်းပြီးထားတဲ့ ကျောင်းသားတယောက် ဖြစ်ပါတယ်။ သူကတော့ ကျောင်းပြီးရင် လူ့အသက်ကို ကယ်တင်နိုင်တဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်ချင်နေသူပါ။

“ဆရာဝန်တယောက် ဖြစ်ချင်တယ်ပေါ့နော။ မရခဲ့ရင်တောင်မှပေါ့နော လုံးဝ သူနာပြုတယောက်ဖြစ်မယ်ဆိုလို့ရှိရင်လည်းကျေနပ်တယ်။ နောက်ပြီးလို့ရှိရင် လူတယောက်ရဲ့ အသက်ကို ကယ်နိုင်တဲ့ လူတယောက်ဖြစ်ချင်ခဲ့တယ်” လို့ ပြောလာပါတယ်။

ဒါပေမဲ့ လက်ရှိမှာ သူက စာသင်ကျောင်းတခုမှာ စာရင်းကိုင်အဖြစ် အလုပ်လုပ်နေရပါတယ်။ ဒီလို ဖြစ်ချင်တာနဲ့ဖြစ်နေတာ မအပ်စပ်တဲ့အတွက်ကြောင့် သူ့ကိုယ်သူ ကျေနပ်အားရမှု မရှိဘူးလို့ ပြောပါတယ်။

သူ့ရဲ့လက်ရှိဖြစ်နေတဲ့ ဘဝကို အားမရတဲ့ အသက် ၁၈ နှစ်အရွယ် မောင်ဝေယံ (အမည်လွှဲ) က သူလိုချင်တဲ့ ပန်းတိုင်ကို မလျော့သောဇွဲနဲ့ မရရတဲ့နည်းနဲ့ ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ချက် ပြတ်သားစွာနဲ့ တည်တည်တံ့တံ့ ပြောနေပါတယ်။

“ဆေးကျောင်းနဲ့ ပတ်သက်ပြီး‌တော့မှ တခုခုထူးခြားလာလို့ ကိုယ့်ကိုခေါ်တာဆိုလို့ရှိရင် ကိုယ်အဲ့ဒီ နေရာကို ရောက်အောင် သွားကို သွားမယ်ပေါ့နော” လို့ မောင်ဝေယံ (အမည်လွှဲ) က ပြောပါတယ်။

ကျောင်းသားဝေယံ (အမည်လွှဲ)က ပြတ်သားတဲ့ ဆုံးဖြတ်ချက်တခု ချထားပေမဲ့ သူ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ရာမှာ သူ့ တယောက်အားနဲ့တင် ရောက်အောင်သွားလို့မရပါဘူး။ အာဏာမသိမ်းခင်ကလို အာမခံချက်ပေးနိုင်တဲ့ ပညာရေး တခုရဲ့ အကူအညီရှိမှသာ ကျောင်းသား မောင်ဝေယံ (အမည်လွှဲ) ရဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ တက္ကသိုလ်ပညာရေးစနစ်တွေမရှိသေးပေမဲ့ အထက်တန်းလွန် ပညာရေးအတွက် လုပ်ရှားနေတဲ့ သင်တန်းကျောင်းတချို့ရှိနေပါတယ်။
နွေဦးဂုရုလေးများ ပညာရေးစင်တာ ၊ New Horizon Institute၊ YAC (Youth Academic Collage) လို့ခေါ်တဲ့ လူငယ်အကယ်ဒမီ ကောလိပ် ၊ Set of Step Youth Learning Center (SSYLC ) ၊ ဆယ်သဲကောလိပ် နဲ့ သူနာပြုတက္ကသိုလ် လို ကျောင်းတွေ ရှိပါတယ်။ ဒါပေမဲ့လည်း တဖက်မှာ လူဦးရေအကန့်အသတ်နဲ့ လက်ခံထားရသလို သင်တန်းကျောင်းရှိနေတဲ့ အရပ်ဒေသ ကွဲပြားမှုအပေါ်မူတည်ပြီး လူတိုင်းအတွက် ပညာရေးအခွင့်အလမ်း ပေးနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး ၂ ဖြစ်တဲ့ ဦးဗညားကတော့ ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအတွက် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ အသက်မွေးမှုကျောင်းတွေ၊ လူငယ်အတတ်သင်ကျောင်းတွေ ရှိနေပေမဲ့ လူငယ်တွေအားလုံးကို ပညာရေးအခွင့်အလမ်းတွေပေးဖို့ မလုံလောက်သေးတာကြောင့် ပညာရေးဆုံးရှုံးမှုတွေရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“သက်ဆိုင်ရာ ဌာန အစုအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနိုင်းပြီးတော့မှ နောက်ထပ် အဆင့်မြင့် ပညာရေးကျောင်းတွေ ဥပမာ နောက်ပိုင်းဆိုရင် ပညာရေးနဲ့ ပတ်သက်ရင် ပညာရေးကောလိပ်တွေ၊ ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်းတွေ၊ ကောလိပ်တွေ ဆက်လက်ဖွင့်နိုင်ဖို့ အတွက် လူငယ်တွေကိုခေါ်ပြီးတော့ ဒီလိုပညာရေးကောလိပ်တွေမှာ ပညာသင်ကြားနိုင်ဖို့ ပေါင်းစပ်ညှိနိုင်းမှုတွေအများကြီး လုပ်ဖို့လိုတယ်။ နိုင်ရင်နိုင်သလောက် ကြိုးစားပြီး လုပ်နေတာလည်းရှိပါတယ်။” လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၂ ဦးဗညားကပြောပါတယ်။

ပူခေးရီယာနဲ့ မောင်ဝေယံ (အမည်လွှဲ) လိုပဲ ကြားကာလပညာရေးစနစ်နဲ့ ဆယ်တန်းပြီး တဲ့ ကျောင်းသားတွေ ကရင်နီပြည်က စစ်ရှောင်စခန်း နဲ့ ကျေးရွာတွေမှာ အများကြီးရှိနေပါတယ်။ သူတို့ အားလုံးကလည်း တယောက်စီတိုင်းရဲ့ မတူညီတဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်ဖို့က ‌စောင့်စားနေကြတာပါ။
………
ကရင်နီပြည်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ လွိုင်ကော်မြို့ တခုတည်းမှာသာ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားနိုင်တာပါ။ ပြည်နယ် လူဦးရေရဲ့ သုံးပုံ နှစ်ပုံ ဟာစစ်ဘေးရှောင်တွေဖြစ်ပြီး မြို့ပေါ်မဟုတ်တဲ့ တိုက်ပွဲနဲ့ လွတ်ရာနေရာတွေမှာ စစ်ဘေးရှောင်နေကြရတာပါ။

အဲဒီဒေသက ကျောင်းသားတွေဟာ စစ်ကောင်စီလက်အောက်ခံကျောင်းသားတွေမဟုတ်သလို အထက်တန်းပြီးသွားရင်လည်း စစ်ကောင်စီ လက်အောက်ခံတက္ကသိုလ်တွေမှာ တက်ရောက်ခွင့်မရှိကြပါဘူး။

ဒါကြောင့် စစ်ရှောင်စခန်း သို့မဟုတ် စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ကျေးရွာက စာသင်ကျောင်းတွေမှာတက်ရောက်နေတဲ့ ပူခေးရီယာနဲ့ မောင်ဝေယံ (အမည်လွှဲ) တို့ဟာ
သူတို့ရဲ့ အနာဂတ်ပညာရေးအတွက် ပူပန်နေကြရတာပါ။

ဒီပူပန်မှုတွေကို ဖြေလျော့ဖို့အတွက် ပဋိပက္ခဖြစ်နေတဲ့ အုပ်စု နှစ်ခုကြားမှာ အပြန်အလှန်အသိမှတ်ပြုတဲ့ ပညာရေးစနစ်တခု ရှိနေဖို့ ပူခေးရီယာက မျှော်လင့်နေပါတယ်။

“NUG ဖက်က ထောက်ခံတဲ့ ပညာရေးစနစ်လည်းဖြစ်ဖို့လိုတယ်။ ဒီစစ်ကောင်စီကလည်းထောက်ခံတဲ့ ပညာရေးစနစ်ဖြစ်ဖို့ လိုတယ်ပေါ့။ အဲတာမှ ကျမတို့အတွက်မနစ်နာမှာ။ မနစ်နာဘူးဆိုတာက ကျမတို့က အဲ့လို လိုချင်တယ်။ ပညာရေးစနစ်ကို လိုချင်တာပေါ့နော။” လို့ ပူခေးရီယာက သူလိုချင်တဲ့ ပညာရေးစနစ်ကို ပြောပြပါတယ်။

ကရင်နီပြည်မှာ သင်ကြားနေတဲ့ ကြားကာလပညာရေးစနစ်မှာ တက္ကသိုလ် ရယ်လို့ တကျောင်းမှမရှိသေးပါဘူး။ ဒါ့ကြောင့် ကြားကာလပညာရေးစနစ်နဲ့ ကျောင်းတက်ခဲ့တဲ့ ကျောင်းသားတွေဟာ အထက်တန်းပြီးရင် ပညာရေး အိပ်မက်က မှေးမှိန်သွားကြရပါတယ်။

လက်ရှိ ကရင်နီပြည်က ကျောင်းသူကျောင်းသားတွေအတွက် အာမခံချက်ရှိတဲ့ ပညာရေးစနစ်တခု မရှိနေသေးသလို၊ ကျောင်းပြီးသွားရင်လည်း အသက်မွေးဝမ်းကြောင်းအတွက် အလုပ်အကိုင်ရဖို့ အာမခံချက်မရှိနေသေးပေမဲ့လည်း ကျောင်းသားလူငယ်တွေကို တတ်သင့်တဲ့ အတတ်ပညာတွေကိုတော့ အတတ်နိုင်ဆုံးသင်ကြားပေးနေတယ်လို့ အထက်တန်းပြဆရာမ ‌ဒေါ်ရောဇာက ဆိုပါတယ်။

“ကိုယ့်ရဲ့ကလေးတွေက‌နော အနာဂတ်ကလေးတွေ ဖြစ်တဲ့အတွက်ပေါ့နော။ သူတို့အတွက်စိုးရိမ်တယ်။ သူတို့အတွက် သူတို့ဘဝရှေ့လှမ်းဖို့အတွက်ဆို ပူပင်သောကရောက်တယ်။ သူတို့ကိုသနားမိတယ်ပေါ့နော။ သူတို့က ဒီနိုင်ငံရေးအခက်အခဲဘဝကနေ သူတို့အဲလိုရင်ဆိုင်ရတော့ သူတို့ရဲ့ ဘဝကိုစာနာမိတယ်‌ပေါ့။ သနားမိတယ်ပေါ့” လို့ အထက်တန်းပြဆရာမ ‌ဒေါ်ရောဇာက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးကြီးဟာ နှစ်နှစ်ကျော်လို့ သုံးနှစ် ပြည့်ဖို့ လပိုင်းသာလိုပါတော့တယ်။ အခုလို ခက်ခဲတဲ့ကာလမှာ ခက်ခဲတဲ့ အချိန်တွေကိုကျော်ဖြတ်ရင်း အိပ်မက်ကို အကောင်ထည်ဖော်ပေးနိုင်တဲ့ ပညာရေးစနစ်တခု ရရှိဖို့ ကရင်နီပြည် ကျောင်းသားတွေသာမက ဆရာ/ဆရာမ တွေကပါ မျှော်လင့်နေကြပါတယ်။

spot_img
spot_img

Recent posts