spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“အနာဂတ်အိမ်မက်ပိုင်ဆိုင်နိုင်ဖို့ လက်နက်ကိုင်တော်လှန်ကြတဲ့ အာဂပျိုမေများ”

ကန္တာရဝတီတိုင်း(မ်)

မိုးသည်းတဲ့နေ့တနေ့ရဲ့ နံနက်ခင်းဆိုတာ ပုံမှန်လူတွေအတွက် အိပ်ယာထဲဇိမ်ခံပြီး အနားယူလို့ရပေမယ့် အိန်ဂျလစ်မိုအပါအဝင် ၅၅ ယောက်သော အမျိုးသမီးငယ်တွေကတော့ အခက်အခဲဆုံး နံနက်ခင်းကို ရင်ဆိုင်ဖြတ်သန်းနေပါတယ်။

ဒီလိုနံနက်ခင်းမျိုးကို ဖြတ်သန်းနေကြတဲ့ သူတို့တွေဟာ ကရင်နီပြည်နယ်ရှိ (ကယားပြည်နယ်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့မှာ ပထမဆုံးဖွဲ့စည်းထားတဲ့ အမျိုးသမီးအထူးတပ်ဖွဲ့ရဲ့ စစ်သည်ပျိုမေများ ဖြစ်ပါတယ်။

သူတို့တွေဟာ အမျိုးသားစစ်သည်များနည်းတူ စစ်ရေးတာဝန်တွေထမ်းဆောင်နိုင်ဖို့ မိုးသည်းသည်းထဲမှာ ရွံ့ဗွက်အိုင်ထဲတောင် မရှောင်နိုင်ဘဲ စစ်ရေးလေ့ကျင့်လူးလိမ့်ပြီး ကိုယ်ခန္ဓာနဲ့ စိတ်ဓာတ်သန်မာသူတွေ ဖြစ်လာစေဖို့ ဇွဲမာန်အပြည့် သင်ယူနေကြသူတွေပါ။

ဒီအမျိုးသမီး အထူးတပ်ခွဲမှာ တပ်ခွဲမှုးအဖြစ် တာဝန်ယူထားရတဲ့ အိန်ဂျလစ်မိုဟာဆိုရင် အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီးငယ်တစ်ယောက်ပါ။ အခုလို စစ်သမီးတစ်ယောက် မဖြစ်လာခင်အချိန်က သူဟာ CDM ကျောင်းဆရာမ တစ်ဦး ဖြစ်ခဲ့သူပါ။

အခုအချိန်မှာတော့ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရှေ့တန်းမှာ တပ်ခွဲမှုးတာဝန်ကို ထမ်းဆောင်နိုင်နေပြီလို့ သူက ဆိုပါတယ်။ ကျောင်းဆရာမကနေ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်အထိ ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ ပတ်သတ်ပြီး အိန်ဂျလစ်မိုက အခုလို ပြောပါတယ်။

လက်နက်ကိုင်တော်လှန်​ရေးမှာ ပါဝင်နေကြတဲ့ KNDF B – 5 မှ အမျိုးသမီးများ။ (ဓါတ်ပုံ – KNDF B-05)
လက်နက်ကိုင်တော်လှန်​ရေးမှာ ပါဝင်နေကြတဲ့ KNDF B – 5 မှ အမျိုးသမီးများ။ (ဓါတ်ပုံ – KNDF B-05)
လက်နက်ကိုင်တော်လှန်​ရေးမှာ ပါဝင်နေကြတဲ့ KNDF B – 5 မှ အမျိုးသမီးများ။ (ဓါတ်ပုံ – KNDF B-05)
လက်နက်ကိုင်တော်လှန်​ရေးမှာ ပါဝင်နေကြတဲ့ KNDF B – 5 မှ အမျိုးသမီးများ။ (ဓါတ်ပုံ – KNDF B-05)
လက်နက်ကိုင်တော်လှန်​ရေးမှာ ပါဝင်နေကြတဲ့ KNDF B – 5 မှ အမျိုးသမီးများ။ (ဓါတ်ပုံ – KNDF B-05)

“အရင်တုန်းက CDM စလုပ်ခဲ့တာပေါ့နော်။ ဒါပေမယ့် သူတို့က ယုတ်မာတဲ့နည်းတွေနဲ့ သူတို့ယန္တရား မဖြစ်ဖြစ်အောင် လည်ပတ်တယ်။ CDM လုပ်တဲ့သူတွေကို ဘယ်သူပဲဖြစ်ဖြစ်ပေါ့ ဒီကျန်းမာရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ်၊ ဆရာဝန်တွေပဲဖြစ်ဖြစ် သူတို့က ဖမ်းဆီးတာ ရှိတယ်။ သတ်ဖြတ်တာ ရှိတယ်။ ပြည်သူတွေကို ကာကွယ်ရမယ့်အစား ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်တဲ့အတွက်ကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ကို လက်နက်ကိုင်ပြီး ပြန်တော်လှန်မှရမယ် ဆိုတဲ့အတွက်ကြောင့် ဒီလက်နက်ကိုင်တဲ့ လမ်းစဉ်ကို ရွေးဖြစ်တာ” လို့ သူက ပြောပါတယ်။

အမျိုးသမီးငယ် ၅၅ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးအထူးတပ်ခွဲရဲ့ တပ်ဖွဲ့ဝင်အမျိုးသမီးတွေဟာ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ် အထိသာ ရှိကြသေးတဲ့ အမျိုးသမီးငယ်လေးတွေပါ။ စစ်သည်ပျိုမေများထဲမှာ ကရင်နီတိုင်းရင်းသူတွေက အများစု ပါဝင်ကြပါတယ်။

နှစ်ပေါင်း ၆၀ ကျော် ကြာရှည်ပြီဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးခရီးမှာ အမျိုးသားတွေကပဲ ဦးဆောင် ပါဝင်ခဲ့ကြပေမယ့် အာဏာရှင်စစ်ကောင်စီအဖွဲ့ကို ဆန့်ကျင်တော်လှန်တဲ့ ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ပူးပေါင်းပါဝင်လာတာက အပြောင်းအလဲတခု ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ ရဲ့ အမျိုးသမီးဒုရုံးအုပ်က ပြောဆိုပါတယ်။

“နိုင်ငံတနိုင်ငံပြောင်းလဲဖို့က ဒီအမျိုးသမီးတွေဦးဆောင်မှုနဲ့အတူပေါ့နော် လိုအပ်တယ်။ ကျမတို့သိခဲ့တဲ့အတိုင်းပဲ နှစ် ၆၀ လုံးလုံးက အမျိုးသားတွေပဲ ဦးဆောင်လာတယ်။ ဒါကပြောင်းလဲမှု မရှိတာကို ကျမတို့တွေ့ရတာပေါ့နော်။ အဲဒါကြောင့် ကျမတို့ အမျိုးသမီးတွေအနေနဲ့ ပြောင်းလဲတဲ့ အရည်အချင်းတခု လုပ်နိုင်ကြောင်းဆိုတဲ့ ရည်ရွယ်ချက် ထားရှိခြင်းဖြစ်တယ်” လို့ KNDF တပ်ရင်း ၅ ရဲ့ အမျိုးသမီးဒုရုံးအုပ်က ပြောပါတယ်။

အမျိုးသမီးအထူးတပ်ခွဲရဲ့ ကတိသစ္စာသံဓိဌာန်မှာပါဝင်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာစေဖို့ အာဏာရှင်မှန်သမျှကို ဆန့်ကျင်တော်လှန်မယ်လို့ အမျိုးသမီးအထူးတပ်ဖွဲ့ဝင် စစ်သည်ပျိုမေတိုင်းက လက်ခံကျင့်သုံးကြပါတယ်။

ဒီအမျိုးသမီးအထူးတပ်ဖွဲ့ထဲမှာ အသက် ၁၈ နှစ်အရွယ် ဝီးဒီဖောကလည်း တပ်စုတစ်စုကို ဦးဆောင်ရတဲ့ တပ်စုမှုးတစ်ယောက် ဖြစ်ပါတယ်။ သူဦးဆောင်ရတဲ့ တပ်ဖွဲ့မှာ သူ့ထက် အသက်အရွယ်ကြီးသူတချို့လည်း ပါရှိပါတယ်။

ငယ်စဉ်ကတည်းက အဆိုတော်ဖြစ်လာဖို့ အိမ်မက်တွေရှိထားတဲ့ ဝီးဒီဖောက အာဏာရှင်စနစ်ကို လက်မခံနိုင်လို့ လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့ရတာလို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ သူရဲ့အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ သီချင်းသီဆိုရမယ့် မိုက်အစား လက်ထဲမှာ သေနတ်ကိုင်ထား နေရပြီလို့ သူက ဆိုပါတယ်။

“တကယ်လို့ စစ်တပ်က အာဏာမသိမ်းဘူးဆိုရင် ကျမရဲ့ ဝါသနာ ရည်မှန်းချက်အရ နာမည်ကျော်ကြားတဲ့ အဆိုတော်တယောက် ဖြစ်ချင်တယ်။ အဆိုတော်ဖြစ်ပြီးရင် ရပ်ရွာအကျိုးအတွက် ဖြစ်နိုင်မယ်ဆိုတဲ့အတွေး တွေးထားတာပေါ့။ ဒီအရေးတော်ပုံအောင်ရင်လည်း စိတ်ထဲမှာလည်း ကိုယ့်ရဲ့စွမ်းရည်ပေါ့ အဆိုတော်တခုဖြစ်ဖို့ပဲ မျှော်ထားတာ၊ ငယ်ငယ်ကတည်းက မျှော်ထားတဲ့ ရည်မှန်းချက်ဖြစ်လို့ မဖြစ်ဖြစ်အောင် လုပ်မယ်။ ကိုယ်အသက်ရှိနေသ၍ လုပ်ဆောင်သွားမယ်လို့ တွေးထားတယ်” လို့ ဝီးဒီဖောက တော်လှန်ရေး အလွန်မှာလည်း သူဖြစ်ချင်တဲ့ အဆိုတော်အိမ်မက်ကို ဆက်ပြီး အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြတဲ့ အမျိုသားများနည်းတူ အမျိုးသမီးတွေဟာလည်း တော်လှန်ရေး တိုက်ပွဲဝင်ဖို့ ရှေ့တန်းစခန်းကို ရောက်ရှိနေချိန်မှာ သူတို့မိသားစုဆီ အလည်ပြန်ပြီး တွေ့ကြရဖို့ ဆိုတာလည်း ခက်ခဲလွန်းလှတဲ့ အခြေအနေပါ။

မိမိရွေးချယ် လျှောက်လမ်းခဲ့တဲ့လမ်းကြောင်းကြောင့် မိသားစုတွေကို မထိခိုက်စေလိုတဲ့စိတ်နဲ့ မိသားစုနဲ့ အကင်းကွာရဆုံးနေရာမှာ ရောက်ရှိနေထိုင်ရသူတွေချည်းပါ။ မိဘအားကိုးခံရသူ သမီးတစ်ဦးလည်းဖြစ်တဲ့ ဝီးဒီဖောက မိသားစုနဲ့ ဝေးကွာရချိန်မှာ အားငယ်စိတ်ဖြစ်ပေမယ့် ဒီတော်လှန်ရေးမှာ မိမိပါဝင်ရင် အမြန်ဆုံး ပိုပြီးအောင်မြင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ကိုယ့်ကိုယ်ကို အားပေး ခွန်အားယူနေရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးငယ်တွေဟာလည်း လက်နက်ကိုင်ဆွဲပြီး အာဂအမျိုးသမီးစစ်သည်တွေအဖြစ် တော်လှန်တိုက်ပွဲမှာ မြောက်များစွာ ပါဝင်လာကြပါတယ်။

ကရင်နီပြည်က အမျိုးသမီးတွေဟာ တော်လှန်ရေးကာလအတွင်း ရှေ့တန်းစစ်မြေပြင် တိုက်ပွဲမှာ ကိုယ်တိုင် ပါဝင်ကြသူတွေရှိသလို ရှေ့တန်းကို ပံပိုးပေးရတဲ့ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြသူတွေလည်းရှိပြီး
ကဏ္ဍပေါင်းစုံမှာ အသီးသီးပါဝင်လာတဲ့ အမျိုးသမီးတွေ အတော်အသင့် ရှိလာပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“လက်ရှိအချိန်မှာတော့ အမျိုးသမီးတွေရဲ့ ပါဝင်နှုန်းက ရှိတော့ရှိတယ်။ ပါဝင်သင့်သလောက် ပါဝင်နေကြပြီ။ သူတို့ ပါဝင်မှုနှုန်း ဒီထက်ပိုများလာအောင် ဆက်လက်အားပေးသွားမယ်၊ တိုက်တွန်းသွားမယ်” လို့ KNDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှာ တပ်ရင် ၂၁ ရင်း ရှိပြီး တပ်ဖွဲ့ဝင် တစ်သောင်းကျော်ရှိရာမှာ အမျိုးသမီး ပါဝင်မှုနှုန်းက ထိုက်သင့်သလောက် ရှိတယ်လို့လည်း အဆိုပါ KNDF တာဝန်ရှိသူက ဆိုပါတယ်။

စစ်အာဏာရှင်စနစ် ပြုတ်ကျရေး တော်လှန်ရေးလမ်းစဉ်မှာ ပါဝင်လာကြတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပင်ပန်းကြီးစွာနဲ့ အခက်အခဲများကို ပိုရင်ဆိုင်ဖြတ်သန်းရတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) ရဲ့အတွင်းရေးမှုး ၂ မော်ဖရေမြာက အခုလို ပြောပါတယ်။

“ကျမတို့ အမျိုးသမီးတွေဆိုရင် အမျိုးသားတွေလိုမျိုး မဟုတ်ဘူးပေါ့နော။ ဥပမာ အမျိုးသားတွေက တော်လှန်ရေးမှာ ပါဝင်တယ်ဆိုတာက သူတို့က စိတ်လွတ်ကိုယ်လွတ်နဲ့ သွားကြတယ်၊ တိုက်ကြတယ်၊ လုပ်ကြတယ်ပေါ့နော်။ ဒါပေမယ့် ကျမတို့အမျိုးသမီးတွေက တော်လှန်ရေးမှာပါဝင်သလို မိသားစု အနောက်မှာ ကျန်နေခဲ့တဲ့ ကိုယ့်ရဲ့ကလေးတွေပဲဖြစ်ဖြစ်၊ မိဘတွေပဲ ဖြစ်ဖြစ်ပေါ့နော်၊ သူတို့အတွက် စီမံခန့်ခွဲရမယ့်အပိုင်းတွေ၊ သွားရင်းနဲ့ စီမံခန့်ခွဲရတဲ့အပိုင်းတွေ အဲ့ဒါတွေကိုပါ လုပ်ရတယ်ဆိုတော့ အရမ်းပင်ပန်းတယ်ပေါ့။ စိတ်ရောလူရော ပင်ပန်းတယ်ဆိုပေမယ့် ဒီတိုက်ပွဲက အောင်မှဖြစ်မှာမို့လို့ ဆက်လက်အားတင်းထားဖို့လည်း သူတို့ကို ပြောချင်တယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တော်လှန်ရေးကို ကိုယ့်ရဲ့အသက်အန္တာရာယ်ကြားကနေ စွန့်စားပြီးတော်လှန်ပါဝင်နေတဲ့ အမျိုးသမီးတစ်ယောက်ချင်းစီတိုင်းနဲ့ ရှေ့တန်းစစ်မြေပြင်၊ ရှေ့တန်းထောက်ပို့တပ်သား အစရှိတဲ့ ကဏ္ဍအသီးသီးမှာ ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးများအားလုံးကို အသိအမှတ်ပြု လေးစားဂုဏ်ယူ တယ်လို့လည်း KNOW အဖွဲ့ အတွင်းရေးမှုး ၂ မော်ဖရေမြာက ဆက်ပြောပါတယ်။

“ အာဏာရှင်မှန်သမျှကို ကျမတို့ ဆက်လက်ဆန့်ကျင် တွန်းလှန်တော်လှန်နိုင်မှသာလျှင် ကျမတို့ အမျိုးသမီးတွေအတွက် အာမခံချက်ရှိတဲ့ အကာအကွယ်ပေးတဲ့ ကျမတို့လိုချင်တဲ့ ဖက်ဒရယ်မူပုံစံတွေ ပေါ်လာနိုင်မယ်လို့ ယုံကြည်တယ်” လို့လည်း မော်ဖရေမြာက သူရဲ့ခံယူချက်သဘောထားကို ပြောဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီက တိုင်းပြည်အာဏာမသိမ်းရင် အမျိုးသမီးတိုင်း၊ နိုင်ငံသားတိုင်းက မိမိတို့ ဖြစ်ချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ကြပြီး ရည်ရွယ်ထားတဲ့ အနာဂတ်ရည်မှန်းချက် ပန်းတိုင်ကို ပျော်ရွှင်စွာလျှောက်လှမ်း နိုင်မယ်ဆိုတာ လူတိုင်းကိုယ်စီ ယုံကြည်လက်ခံထားတဲ့ အမှန်တရားတစ်ခုပါ။

KNDF အမျိုးသမီး အထူးတပ်ခွဲရဲ့တပ်ခွဲမှုး အိန်ဂျလစ်မိုကတော့ အကြမ်းဖက်စစ်ကောင်စီတစ်ဖွဲ့လုံး အမြစ်ပြတ် ပြုတ်ကျစေဖို့ နိုင်ငံသားတိုင်း အားလုံးကိုယ်စီ ပူးပေါင်းပါဝင်မှသာ ဒီတော်လှန်ရေးခရီး အောင်မြင်ပြီး လူတစ်ဦးစီတိုင်းရဲ့ အိမ်မက်ပန်းတိုင်ကို ရောက်ရှိကြမှာဖြစ်လို့ အဆုံးထိ ပါဝင်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

spot_img
spot_img