spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“အနေခက် ၊အပြန်ခက် “

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“တိုးမရဘူးဆိုရင် မြန်မာပြည်ပြန်ဖို့လည်းကြောက်တယ်။ ဒီနားတဝိုက်ပဲ overstay (တရားမဝင်) နဲ့ရတဲ့ အလုပ်တွေ လျှောက်မယ်၊ လုပ်မယ်တော့ စဉ်းစားထားတယ်” လို့ မလေးရှားနိုင်ငံကို အလုပ်နဲ့ ရောက်နေတဲ့ ကရင်နီပြည်က ကယောတိုင်းရင်းသူ လေး မအဲနီက ပြောပါတယ်။

မလေးရှားနိုင်ငံက အီလက်ထရောနစ်စက်ရုံတခုမှာ အလုပ်သမားပါမစ်နဲ့ အလုပ်လုပ်လာခဲ့တာ ၉ နှစ်ထဲ ရှိလာပြီး၊ လာမယ့် နိုဝင်ဘာမှာတော့ နောက်ထပ် တနှစ်စာအတွက် အလုပ်လုပ်ကိုင်ခွင့်ကဒ် (work permit) ထပ်မံ သက်တမ်းတိုး ရတော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ သူမ အလုပ်လုပ်နေတဲ့ စက်ရုံက ကိုဗစ်- ၁၉ ကပ်ရောဂါနောက်ဆက်တွဲ အနေနဲ့ အလုပ်သမားဦးရေ လျော့ချနေပြီဖြစ်တဲ့အတွက် မကြာခင်မှာ သက်တမ်းထပ်တိုးရမယ့် အလုပ်သမားကဒ် ကိစ္စအတွက် စိုးရိမ်နေမိတာဖြစ်တယ်။

ပုံမှန်အချိန်ဆို ဒီလိုအလုပ်ခက်ခဲတဲ့ကာလ အလုပ်မရှိတဲ့ ကာလမှာ မြန်မာပြည်ကို ခဏပြန်သွားပြီးပြန်လာလို့ရပေမယ့်လည်း လက်ရှိမြန်မာပြည်က စစ်မှုထမ်း ဥပဒေနဲ့ တခြားလုံခြုံရေးအကြောင်းပြချက်တွေကြောင့် အသက် ၂၆ နှစ်အရွယ် မအဲနီက အိမ်ပြန်ဖို့ခက်နေတာပါ။

‘ပြည်သူ့စစ်မှုထမ်းဥပဒေ’ မှာ စစ်ကောင်စီရဲ့ သတ်မှတ်ချက်အရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားတွေ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ် အရွယ်အထိ အမျိုးသမီး တွေ ပါဝင်နေပါတယ်။ လက်ရှိမှာတော့ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ မခေါ်သေး ဘူးလို့ စစ်ကောင်စီက ကြေညာထားပေမယ့်လည်း အမျိုးမျိုး ပြောင်းလဲနေတဲ့ စစ်ကောင်စီရဲ့ မူ၀ါဒတွေကြောင့် မအဲနီက မပြန်လာရဲသေးတာ ဖြစ်တယ်။

မလေးရှားနိုင်ငံ စက်ရုံမြင်ကွင်းတနေရာ

သူမအလုပ်လုပ်နေတဲ့ အီလက်ထရောနစ်စက်ရုံမှာ မလေးရှားနိုင်ငံသားနဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအပါအဝင် တခြားသော နိုင်ငံသား စုစုပေါင်း အလုပ်သမားထောင်ချီရှိပြီး၊ မြန်မာနိုင်ငံသား အလုပ်သမားတွေ ကတော့ ၇၀ ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်။

စက်ရုံမှာ အလုပ်ဆက်လုပ်ခွင့်မရှိတဲ့ မြန်မာအလုပ်သမား တချို့ဟာ ကိုယ့်နိုင်ငံကို ပြန်ပို့ခံကြရတာပါ။ မြန်မာနိုင်ငံက တခြားတိုင်း/ ပြည်နယ်အချို့မှာ နေထိုင်သူတွေအဖို့ မိမိအိမ်ကို ပြန်လို့ အဆင်ပြေနိုင်ပေမယ့် တပြည်နယ်လုံး စစ် မီးလျှံတွေနဲ့ ပြည့်နှက်နေတဲ့ မအဲနီတို့ နေထိုင်တဲ့ ကရင်နီပြည်မှာတော့ ပြန်ရခက်နေပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် မိဘတွေကိုယ်တိုင်က သူမကို အိမ်ပြန်မလာ စေချင်ပါဘူးတဲ့။

“ပြန်လာရင် နင့်အသက် နင့်ခန္ဓာတွေပြန်မမြင်ရဘဲနေမယ် ဆိုတဲ့ စိတ်နဲ့ သူတို့ (မိဘ) က ပြန်မလာခိုင်း ချင်ကြဘူးပေါ့နော။ အဲ့မှာဘဲနေ အဆင်ပြေပြေ မပြေပြေ မိဘကအဲ့လိုပြောတာပေါ့နော” လို့ မအဲနီကပြောပါတယ်။

မအဲနီရဲ့ ဇာတိဖြစ်တဲ့ ကရင်နီပြည်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဒီးမော့မြို့နယ်ထဲက ရွာဟာလည်း လက်ရှိအချိန်ထိ စစ်ရှောင်နေကြဆဲဖြစ်ပါတယ်။ သူမရဲ့ လစာငွေကို စစ်ရှောင်စခန်းမှာရှိနေတဲ့ မိသားစုဆီကို ပုံမှန်ထောက်ပံ့နေရပါတယ်။

မအဲနီလိုပဲ မလေးရှားနိုင်ငံမှာ အလုပ်သမားကဒ်သက်တမ်းတိုးဖို့ စိတ်ပူနေရသူ ကတော့ အသက် ၃၈ နှစ်အရွယ် ကယားတိုင်းရင်းသား ခူးမီဒူပါ။ သူကတော့ မလေးရှားနိုင်ငံမှာ ရေပိုက်ထုတ်စစ်ရုံအလုပ်သမားအဖြစ် လုပ်လာတာ ၁၂ နှစ် ကျော်လာပြီး လာမယ့် ဇူလိုင်လမှာတော့ ၁၃ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ဥပဒေရအရ နိုင်ငံခြားသားအလုပ်သမားတဦးကို ၁၀ နှစ်သာ အလုပ်သမားကဒ် နဲ့ နေထိုင်ခွင့်ပေးပြီး ကိုဗစ် -၁၉ ကာလ အလွန်မှာတော့ ၁၃ နှစ်အထိ ခွင့်ပြုပေးခဲ့ပါတယ်။ ၁၃ နှစ်ပြည့်လို့ အလုပ်သမားပါမစ်နဲ့ ဆက်လက် သက်တမ်းတိုးချင်ရင်တော့ တခြားနိုင်ငံမှာ ၆ လ ထွက်ပြီးမှ မလေးရှားနိုင်ငံမှာ အလုပ်သမားပါမစ် နဲ့ ပြန်လျှောက်ခွင့်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေအပါအဝင် မလေးရှားအစိုးရရဲ့ တရားဝင် Calling Visa (Visa With Reference-VDR) ရထားတဲ့ နိုင်ငံခြားသား အလုပ်သမားခေါ်ယူခွင့် အားလုံးကို ယခုမေလကုန်အထိပဲ ခွင့်ပြုပေးတော့မယ်လို့ မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။

“အခုလောလောဆယ်က ပါမစ်တိုးမရတဲ့ကိစ္စက ပိုပြီးတော့ ကိုယ့်မိသားစုထက် ခက်ခဲနေတယ် ပြောရမှာပေါ့။ အခုက အစိုးရက ၁၃ နှစ်ပြည့်ရင် ပါမစ်တိုးမပေးတော့ဘူး။ အဲ့လိုမျိုး ဖြစ်နေတော့ တအားနဲ့ခက်ခဲနေတယ်” လို့ ခူးမီဒူက ပြောပြပါတယ်။

လက်ရှိအချိန်ထိတော့ ခူးမီဒူတယောက် မလေးရှားနိုင်ငံမှာ overstay (တရားမဝင်) နဲ့ ဆက်နေရမလား၊ ပြန်လာရမလားဆိုတာ ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။

မလေးရှားနိုင်ငံ စက်ရုံတခုထဲမှာ အလုပ်လုပ်နေတဲ့ ကရင်နီအမျိုးသားတဦးကို တွေ့ရစဉ်

“ကိုယ့်စိတ်နဲ့ကိုယ်ဆိုရင်တော့ ပြန်ချင်တာပေါ့။ ကျနော်ပြန်မယ် ဆုံးဖြတ်ထားတာ ၁၀ နှစ်ပြည့်ကတည်းက ပြန်မယ်လို့ဆုံးဖြတ်ထားတာ။ ၁၀ နှစ်ပြည့်နေတဲ့ အချိန်မှာလည်း ကိုဗစ်လည်းဖြစ်နေတယ်။ နောက်ပြီးလည်း စစ်အာဏာ သိမ်းလိုက်တဲ့ အချိန်နဲ့ ကွက်တိဖြစ်နေတယ်” လို့ မိသားစုနဲ့အတူပြန်နေချင်စိတ်ရှိတဲ့ ခူးမီဒူက ပြောတယ်။

သေချာတာတခုကတေ့ ကိုယ့်နိုင်ငံကို ပြန်ခဲ့မယ်ဆိုရင် တရားဝင်နည်းလမ်းနဲ့ ရန်ကုန်လေဆိပ်ကနေ ပြန်မှာမဟုတ်ဘဲ အောက်လမ်းလို့ ခေါ်ကြတဲ့ ထိုင်းနိုင်ငံ ဖက်ကနေပဲ ပြန်ဖြစ်မယ်လို့ ခူးမီဒူက ပြောပါတယ်။

ခူးမီဒူရဲ့ ဇာတိဖြစ်တဲ့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက ရွာဟာလည်း တိုက်ပွဲကြောင့် သူ့မိသားစုဝင်တွေဟာလည်း စစ်ရှောင်စခန်းမှာသာ နေထိုင်ရပြီး မိသားစုအတွက် မြန်မာကျပ်ငွေ ကျပ် ၄ သိန်းကို လစဉ် ထောက်ပံ့ပေးနေရတယ်လို့ ဆိုပါတယ်။

မိသားစုရဲ့ စားဝတ်နေရေးအတွက် စဉ်းစားရပြန်ပြီး တခြားနိုင်ငံမှာ တရားမဝင်ဘဲ ဆက်လက် နေထိုင်မယ် ဆိုပြန်တော့လည်း အခြေအနေတွေက အရင်လို မဟုတ်တော့ပဲ အစစ အရာရာ ပိုမို ခက်ခဲလာနေပါတယ်။

“အဖမ်းအဆီးတွေကို နေ့တိုင်းလိုလိုရှိတယ် အဲ့လိုမျိုး။ အဲ့လိုမျိုးဖြစ်နေတော့ ကိုယ်ကလည်း overstay နဲ့နေမယ်ဆိုတော့ တအားနဲ့ သတိဝိရိယနဲ့ နေရမှာပေါ့” လို့ ခူးမီဒူက ပြောပါတယ်။

လက်ရှိမလေးရှားနိုင်ငံမှာ တရားမဝင်နဲ့ ရောက်ရှိလာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နဲ့ တခြားနိုင်ငံက အလုပ်သမားတွေ ပိုများလာတာတဲ့အပြင် မလေးရှားနိုင်ငံစီးပွားရေး ကျဆင်းလာတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုခက်ခဲလာတယ်လို့ မလေးရှားနိုင်ငံ အတွင်း ကရင်နီလူမျိုးစုအရေး ဆောင်ရွက်သူ ခူးဂျိုးဇက်က ပြောပါတယ်။

အလုပ်သမားကဒ်ရှိတဲ့ သူတွေက ကဒ်သက်တမ်းကုန်မယ့်အရေး စိုးရိမ်နေကြ ရသလို စား၀တ်နေရေးအတွက် တရားမ၀င် မလေးရှားကို ရောက်လာကြတဲ့သူတွေ အတွက်ကလည်း မလွယ်လှပါဘူး။

မူထူးထူး ကတော့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ရှောင်ခဲ့ရတဲ့ မိသားစုကြောင့် စားဝတ်နေရေးအဆင်ပြေဖို့ အတွက် မလေးရှားနိုင်ငံကို တရားမဝင် နည်းလမ်းနဲ့ ရောက်လာခဲ့သူပါ။

“ဟို(ရွာ)မှာ လည်း ဒုက္ခ၊ ဒီမှာလည်းဒုက္ခဆိုပေမယ့် ရွာမှာနေတာထက်စာရင် ဒီမှာ နေတာက အဓိကလုံခြုံမှု ပေါ့ နော။ မလေးရှားမှာနေတာ အထောက်အထား လည်းမရှိတဲ့အတွက် အလုပ်မရှိတော့ စားဝတ်နေ ရေးအတွက် ဖြေရှင်းဖို ဒုက္ခ တွေ့တယ်။ ကိုယ့်နိုင်ငံရွာမှာနေတော့လည်း အလုပ်မရှိတော့ ဒုက္ခရောက်တယ်။ ဒီနိုင်ငံမှာလည်း အလုပ်မရှိတာတော့မဟုတ်ဘူး အထောက်အထား မရှိသေးတဲ့ အတွက် လုပ်လို့မရသေးဘူး။”လို့ ပြောပါတယ်။

လက်ရှိမှာမူထူးထူးဟာ အလုပ်လက်မဲ့ဖြစ်နေပါတယ်။ သူငယ်ချင်းတွေကို ထမင်းဟင်းချက်ကျွေး ၊ ထမင်းဖိုးပြန်ပေးတဲ့ ပုံစံနဲ့ ရပ်တည်နေရတယ်လို့ မူထူးထူးက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင်နေထိုင်နိုင်ဖို့နဲ့ အလုပ်အကိုင်အခွင့် အလမ်းရဖို့ Passport (နိုင်ငံကူးလက်မှတ် စာအုပ်) ကို မြန်မာသံရုံးမှာ Qr code စနစ်နဲ့ လျှောက်ထား တယ်လို့ဆိုပါတယ်။ နိုင်ငံကူးလက်မှတ်ရရင် စာအုပ်ပါမစ်ကဒ်ရဖို့အတွက် အလုပ်အမျိုး အစားပေါ်မူတည်ပြီး မလေးရှားငွေ ရင်းဂစ် ၇၀၀၀ ကနေ ၈၀၀၀ (မြန်မာ ကျပ်ငွေ ၅၆ သိန်း မှ ၆၅ သိန်း)အထိ ထပ်ကုန်ကျတယ်လို့ ဆိုပါတယ်။

“သွားလာရင်လည်းကြောက်ရတယ်။ ဥပမာ အော်ပရာစီ (ဖမ်းစီးခြင်း) ဖမ်းပြီဆိုရင် ကိုယ်ကခေါင်းကြီးတာပေါ့။ အိပ်လည်း ကောင်းကောင်းမအိပ်ရ ဖြစ်တယ်ပေါ့နော။ overstay သမားတိုင်းကြောက်ရတာပေါ့။ ဖမ်းဆီးပြီ ဟိုမှာဆိုရင် အိပ်မပျော်ကြ တော့ဘူး” လို့ မူထူးထူး က တခြားနိုင်ငံမှာ တရားမဝင်နဲ့ နေထိုင်ရတဲ့ အကြောင်း ရင်ဖွင့်လာပါတယ်။

မူထူးထူးတို့လို မလေးရှားနိုင်ငံမှာ မတူညီတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကရင်နီက အလုပ်သမားတွေ ဒုနဲ့ဒေးရှိနေပါတယ်။

“အဓိကရင်ဆိုင်ရတဲ့ပြသနာကဘာလဲဆိုရင်တော့ အလုပ်အကိုင် ရှားပါးလာ တာပေါ့။ ဒီမလေးရှားမှာ တရားမဝင် ဝင်လာတဲ့လူတွေရော၊ တရားဝင် ဝင်လာတဲ့ လူတွေရော အရမ်းများလာတော့ အလုပ်ပေးနိုင်တာထက် လူဦးရေက ပိုများသွား တယ်လို့ ပြောရမှာပေါ့နော။ အဲ့ဒီအလုပ်အကိုင်ရှားပါးမှု ပြသနာရှိတယ်။ ပြီးတော့ passport နဲ့နေတဲ့လူတွေလည်း သက်တမ်းတိုးရတာ အခက်တွေ့လာတယ်။ ဘာလို့လဲ ဆိုတော့ တချို့ပြည်နယ်ကနေလာတဲ့သူတွေကို သံရုံးကနေ ခွဲခြားဆက်ဆံ တာတွေ ရှိတယ်” လို့ ကရင်နီလူမျိုးစုအရေး ဆောင်ရွက်သူ ခူးဂျိုးဇက်က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ကရင်နီပြည်က အလုပ်သမားဦးရေ ၃၀၀၀ ဝန်းကျင်ရှိနိုင်ပြီး၊ တရားဝင်နိုင်ငံကူး လက်မှတ် စာအုပ်နဲ့ နေထိုင်သူ၊ UNHCR card နဲ့နေထိုင်သူတွေ အပြင် မည်သည့်အထောက်အထားမရှိဘဲ နေထိုင်ကြသူတွေ ဖြစ်ကြ တယ်လို့ Organization Of Karenni Development (OKD) စာရင်းအရ သိရပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားအလုပ်သမားအရေးနဲ့ပတ်သက်ပြီး လိုက်လံကူညီတဲ့ အဖွဲ့ကလည်း အရင်လောက်မကူညီပေးနိုင်တော့ဘူးလို့ဆိုတယ်။

“သံရုံးကစစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတော့ အလုပ်သမားအခွင့် အရေးတွေ ထဲထဲဝင်ဝင် လိုက်လုပ်ပေးတာတွေ မရှိတော့ဘူးပေါ့နော်။ သွားပြီး တော့ အကူအညီတောင်းခံတာလည်း ထိထိ ရောက်ရောက် ကူညီပေးတာတွေ မရှိဘူး။ တခြားသော NGO တွေကလည်း သူတို့ကူညီပေးနိုင်တဲ့ အတိုင်းအတာ ကလည်း နည်းတယ် ဆိုတော့ အလုပ်သမားအခက်အခဲ အဓိက သူတို့ကြုံရတာက တော့ ခေါင်းပုံဖြတ်မှုတွေပေါ့နော။”လို့ ခူးဂျိုးဇက်က ဆိုပါတယ်။

မလေးရှားနိုင်ငံ စက်ရုံတခုထဲမှာ အလုပ်လုပ်နေတဲ့ ကရင်နီအမျိုးသမီးတွေကို တွေ့ရစဉ်

စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့်လည်း ကရင်နီက ရွှေ့ပြောင်း လူငယ် အလုပ်သမားတွေဟာ နေရပ်ကိုပြန်ဖို့ တွန့်ဆုတ်ကြတာကို တွေ့မြင်ရတယ်လို့ ခူးဂျိုးဇက်က ဆက်ပြောပါတယ်။

တိုင်းတပါးမှာ အလုပ်သွားလုပ်ဖို့ သားသမီးတွေကို တွန်းအားပေးတာမျိုး မဟုတ်ပေမယ့်လည်း အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေအရ ကရင်နီက လူငယ်အများအပြားဟာ တခြားတိုင်းတပါးမှာ သွားရောက် အလုပ်လုပ်ဖို့ မိဘတွေကိုယ်တိုင် တွန်းပို့နေရသလိုဖြစ်နေပါတယ်။

“မလေးရှားတော့ရောက်တော့ရောက်ပြီ။ စစ်အာဏာသိမ်းတယ် (စစ်မှုထမ်း ဥပဒေ)ရှိတယ်ဆိုတော့ ခဏနေ ဆွဲခေါ်ပြန်မှာကြောက်တယ်။ အဲ့တခုတော့ စိုးရိမ်မှုရှိတယ်။ ပြန်လာရမှာလားဆိုတာ သေချာမသိဘူးပေါ့နော်။ ဒါပေမဲ့ နိုင်ငံခြားရောက်သွားတဲ့သူတွေ (လူငယ်တွေ) ကို ပြန်ခေါ်လာမယ်ဆိုတဲ့ ကောလာ ဟလ သတင်းတွေလည်း ထွက်နေတော့ စိုးရိမ်တယ်” လို့ ဒီးမော့ဆို အနောက် ဖက်ခြမ်းက မလေးရှားနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်သူတဦးရဲ့ ဖခင် ဦးဂျော်နီ (အမည်လွှဲ) က ပြောပါတယ်။

ဦးဂျော်နီရဲ့သားဟာ လက်ရှိမလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်တာ တနှစ်နီးပါးပဲ ရှိသေးတာပါ။ သူစိမ်းလိုနေရာတွေမှာ သွားရောက်အလုပ်လုပ်ရတဲ့ သားအတွက် နေစရာ၊စားစရာ၊ အလုပ်အကိုင် စတာတွေအတွက် စိတ်ပူရတယ် ဆိုပေမယ့် ဦးဂျော်နီအပါအဝင် နိုင်ငံခြားမှာ အလုပ်သွားရောက် လုပ်ကိုင်သူတွေရဲ့ မိဘတိုင်းကတော့ မိမိတို့ရဲ့ သားသမီးတွေကို နေရပ်ပြန်မလာစေချင်ကြပါဘူး။

ဒါပေမဲ့ မလေးရှားမှာ ရှိနေတဲ့ ကရင်နီလူငယ်အချို့ကတော့ တရား၀င်နေထိုင်ခွင့်နဲ့ တရား၀င်အလုပ်လုပ်ခွင့် ပြဿနာတွေကြောင့် “အနေခက်၊ အပြန်ခက်” မသေချာမှုတွေ ရင်ဆိုင်နေကြရပါတယ်။

spot_img
spot_img

Recent posts