spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အမျိုးသမီးများ ဝင်ငွေတိုးလုပ်ငန်း လုပ်ကိုင်နိုင်ရန် စွမ်းရည်မြှင့်သင်တန်းပြုလုပ်

Author

Date

Category

မီမြာ၊ ဦးမြာ

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ အမျိုးသမီးထုများ တနိုင်တပိုင်အသေးစားစီးပွားရေးလုပ်ငန်းမှ မိသားစုဝင်ငွေတိုးလုပ်ငန်းများလုပ်ကိုင်လာနိုင်ရန် စီးပွားရေးဆိုင်ရာအသိပညာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းပြုလုပ်ပေးသွားသည်ဟု ဒီးမော့ဆိုမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနဲဒိုက ပြောပါသည်။

“အဓိကလုပ်တာကလည်းရည်ရွယ်ချက်က အမျိူးသမီးများဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးမှာလည်းဦးဆောင်နိုင်ဖို့အဲဒီရည်ရွယ်ချက်လည်းပါတာပေါ့နော။” ဟု ဦးနဲဒိုက ပြောပါသည်။

အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များ၊ စီးပွားရေးဆိုင်ရာအသိပညာရပ်များ၊ လူမှုရေးဆိုင်ရာအသိပညာရပ်များစသည်တို့ကို ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဒီးမော့ဆိုမြို့တွင် ဖွင့်လှစ်လျက်ရှိသည်ဟု သိရသည်။

သင်တန်းတွင်း သဘာဝသီးနှံယိုအမျိုးမျိုးကို လက်တွေ့ ပြုလုပ်နေသည့် အမျိုးသမီးများမြင်တွေ့ရစဉ် (ဓါတ်ပုံ – ဦးမြာ)

အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များအနေဖြင့် အဝတ်အိတ်အမျိုးမျိုးချုပ်လုပ်နည်း၊ ပန်းထိုးနည်း၊ ယိုစုံ၊ ဖျော်ရည်လုပ်နည်း၊ ဆပ်ပြာရည်ပြုလုပ်နည်းတို့ကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၊ သီရိမေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့နှင့် ပူးပေါင်းပြီး ဒီးမော့ဆိုမြို့နယ်ရှိ သမဝါယမအသင်းဝင်ထားသည့် မိသားစုဝင်အမျိုးသမီးများကိုအဓိကထား၍ သင်တန်းများပို့ချပေးသွားသည်ဟုသိရသည်။

သင်တန်းတက်ရောက်လျက်ရှိသည့် ဒေါ်စိုးမြာက “သင်တန်းတက်ပြီးရင်ကိုယ့်အိမ်မှာရှိတဲ့ အသီးဝလံတွေ စီးပွားရေးအဆင့်ထိတော့မစဉ်းစားနိုင်သေးဘူးပေါ့နော။ ကိုယ့်အိမ်မှာရှိတဲ့ သစ်သီးတွေကို ယိုထိုးမလား မုန့်လုပ်မလား အိတ်ချုပ်မလား ကိုယ်အားလပ်တဲ့အချိန်မှာပေါ့နော။” ဟု ပြောပါသည်။

သင်တန်းတက်ရောက်နေကြသည့် သမဝါယမအသင်းသူ/သားတချို့ကလည်း မိမိတို့သင်တန်းပြီးသွားပါက အစုအဖွဲ့တခုအနေဖြင့်ဖွဲ့ပြီး ဖျော်ရည်၊ သီးစုံယိုစုံများ အိမ်တွင်းမှုလုပ်ငန်းများကိုတနိုင်တပိုင်ပြုလုပ်ပြီး ကျောင်းများတွင် ရောင်းချသွားနိုင်ရန် ကြိုးစားသွားမည်ဟုလည်း တနန်းဥကွိုင်ရပ်ကွက်နေဒေါ်အန်တောညာက ပြောပါသည်။

“စိတ်ပါဝင်စားတဲ့ ကျမတို့အမျိုးသမီးအချင်းချင်းတွေစုထားတာရှိတယ်၊ အဲဒီအဖွဲ့ကနေကျမတို့ကယိုစုံတွေ၊ မုန့်တွေ၊ ဖျော်ရည်တွေလုပ်ပြီး ကျောင်းတွေမှာရောင်းမလားလို့ပေါ့နော်။” ဟုပြောပါသည်။

လိုအပ်သည့်အရင်းအနှီးများနှင့် နည်းပညာများ၊ ဈေးကွက်များကိုလည်း သက်ဆိုင်ရာ သမဝါယမအသင်းမှလည်း ဆောင်ရွက်ပေးမည်ဟု ဦးနဲဒိုက ပြောပါသည်။

၎င်းတို့မှထုတ်လုပ်မည့် ထုတ်ကုန်များသည် ဈေးကွက်တွင် စိတ်ချလက်ချရောင်းချနိုင်ရန် ကျန်းမာရေးနှင့်ညီညွတ်မှုရှိမရှိစစ်ဆေးပေးသည့် နိုင်ငံတကာလူမှုကူညီရေးအသင်းအဖွဲ့များ၊ အစားအသောက်စီမံကွပ်ကဲရေးအဖွဲ့များနှင့်လည်း ချိတ်ဆက်ပေးနိုင်သည်ဟု သီရိမေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သင်တန်းပို့ချပေးနေသည့် ဆရာမ ဒေါ်စိုးသန္တာကပြောပါသည်။

“တရားဝင်မှတ်ပုံတင်ဖို့တို့ သူတို့သုံးတဲ့ပစ္စည်းထဲမှာဆို ဒီပစ္စည်းဟာဆိုရင်ပါဝင်မှုကဘယ်လို အရေအသွေးကဘယ်လိုဆိုတာတွေ၊ လူတွေကိုမထိခိုက်စေတဲ့ပစ္စည်းတွေပါဝင်တယ်ဆိုတာတွေကို ကျမတို့က နောက်ကျရင် သူတို့က လုပ်တယ်ဆိုရင် သက်ဆိုင်ရာဆရာမတွေနဲ့ချိတ်ပေးလို့ရတယ်။” ဟု ဆရာမ ဒေါ်စိုးသန္တာကပြောပါသည်။

ကျေးလက်နေအမျိုးသမီးများကို စွမ်းရည်မြှင့်သင်တန်းများ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများကိုလည်း တခြားကျေးလက်ဦးစီးဌာန၊ အမျိုးသမီးအဖွဲ့အစည်းများက ၊ နိုင်ငံတကာကူညီသည့်အဖွဲ့အစည်းများက သင်တန်းပေးလျက်ရှိသော်လည်း လက်တွေ့တွင် သင်တန်းပြီးဆုံးသွားပါက အမျိုးသမီးများကိုယ်ထူကို်ယ်ထ ပြန်လည်ပြုလုပ်နိုင်ရန် အခက်အခဲများ ရှိနေကြသေးသည်။

spot_img
spot_img

Recent posts