spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကျောင်း ရဲ့  ၂၀၂၃-၂၄ပညာသင်နှစ်မှာ ကျောင်းသူ ၃၇ဦး သင်တန်းပြီးစီးခဲ့ပြီး အိမ်ထောင်ရှိအမျိုးသမီးတွေပါ တက်ရောက်ခဲ့ကြ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) ရဲ့ လက်အောက်မှာရှိတဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကျောင်း (WSP-Women Study Program) ကို ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ဖွင့်လှစ်နေပြီး ၂၀၂၃-၂၄ပညာသင်နှစ်မှာတော့ ကျောင်းသူ (၃၇) ဦး တက်ရောက်ပြီးစီးခဲ့ကြပါတယ်။

အဆိုပါကျောင်းဟာ အမျိုးသမီးတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ ကျောင်းဖြစ်ပြီး ၂၀၂၃-၂၄ပညာသင်နှစ် မှာတော့ အိမ်ထောင်ရှိ အမျိုးသမီး (၃)ဦးလည်း တက်ရောက်ပြီးစီးခဲ့တယ်လို့ WSPကျောင်း တာဝန်ခံ ဖြစ်တဲ့ ဆရာမ ဝိုင်းချစ်စုက ပြောပါတယ်။

“ အမျိုးသမီးတွေကို အဓိက ဦးစားပေးတဲ့ ကျောင်းဖြစ်တယ်။ အမျိုးသမီးတွေကဆိုရင် စောစီးစွာ အိမ်ထောင်ကျသွားတဲ့ အမျိုးသမီးတွေလည်း မြောက်များစွာရှိတယ်။ အသက်ငယ်ငယ်တွေရှိတယ်။ တချို့သော အမျိုးသမီးတွေဆို ပညာဆက်သင်ချင်တယ်ပေါ့နော။ ဆက်သင်ချင်ပေမယ့် တချို့သောကျောင်းတွေက လက်မခံတဲ့အတွက် အမျိုးသမီးတွေကို ဦးစားပေးတာဖြစ်တယ်။ ကျောင်းဆက်လက်မတက်နိုင်တဲ့ အမျိုးသမီးတွေကို ဦးစားပေးတာလည်းဖြစ်တယ်။ “ လို့ ဆရာမ ဝိုင်းချစ်စုက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၇)ရက်နေ့မှာ ကျောင်းဆင်းပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကျောင်းတက်ရောက်ပြီးစီးခဲ့သူ တစ်ဦးဖြစ်တဲ့ မော်ငါ့မာ ကတော့ သင်ကြားခဲ့ရတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး အခုလို‌ ဆိုပါတယ်။

“ သင်ယူခဲ့တဲ့ဘာသာရပ်အပေါ်မူတည်ပြီးတော့ အဖက်ဖက် အကျိုးရှိပါတယ်။ women issueဘာသာရပ်မှာဆိုရင် အမျိုးသမီးနဲ့ ပတ်သက်တဲ့ Genderပိုင်းတွေမှာ ဆိုရင် လက်တွေ့မှာ အကျိုးသက်ရောက်မှုရှိတယ်ပေါ့နော။ ကိုယ်က အမျိုးသမီးဖြစ်တဲ့အတွက် သိသင့်သိထိုက်တဲ့ အရာလည်းဖြစ်တယ်။ ကျောင်းပြီးသွားတဲ့အချိန်မှာဆိုရင် အမျိုးသမီးတစ်ယောက်မှာရှိတဲ့ စွမ်းရည်တွေ အခွင့်အရေးတွေ ပိုပြီးတော့ သိရှိလာတယ်။ ပြီးရင် အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတွေနဲ့ တန်းတူပါဝင်နိုင်တယ်။ ပြီးရင် လူမှုအသိုင်းအဝိုင်းနဲ့ ဘယ်လို သဟဇာတရှိအောင် ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ စသဖြင့် ပိုပြီးတော့ သိရှိလာတယ်ပေါ့။ “

WSPကျောင်းမှာဆိုရင် အဓိက ဘာသာရပ် (၃)ခုဖြစ်တဲ့ Women issue, Peace education နဲ့ Community development ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ ဒါ့အပြင် အခြေခံ English နဲ့ Computer အတန်းကိုလည်း ထည့်သွင်းသင်ကြားပေးတယ်လို့ သိရပါတယ်။

“ ကျမတို့အမျိုးသမီးတွေက နိုင်ငံရေး၊ စီးပွားရေးမှာဆိုရင် အမျိုးသားနဲ့ တန်းတူအခွင့်အရေးရရှိဖို့အတွက်ပေါ့။ ပြီးတော့ အသက်မွေးဝမ်းကြောင်းပိုင်းမှာလည်း ကျမတို့ ကိုယ်ပိုင်တည်ထောင်နိုင်ဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ဖိုဝါဒ လွှမ်းမိုးမှုအောက်မှာ မဟုတ်ပဲနဲ့ ကျမတို့ အမျိုးသမီးတွေမှာလည်း ကိုယ်ပိုင် အစွမ်းအစရှိတယ်။ ကိုယ်ပိုင်အရည်အချင်းရှိတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမတို့ ဒီကျောင်းကို တည်ထောင်ရခြင်းဖြစ်တယ်။ “ လို့ ဆရာမ ဝိုင်းချစ်စုက ပြောပါတယ်။

၂၀၂၂-၂၃ ပညာသင်နှစ်မှာတော့ ကျောင်းသူ (၂၇)ဦး တက်ရောက်ပြီးစီးခဲ့ကြပါတယ်။ ကျောင်းပြီးသွားတဲ့ အမျိုးသမီးတွေဆိုရင် ပညာဆက်လက်ရှာဖွေပြီး ကျောင်းဆက်လက်တက်ရောက်သူတွေရှိသလို ကျောင်းဆရာမ၊ မူကြိုဆရာမ၊ ရက်ကန်း၊ စက်ချုပ် စသဖြင့် စိတ်ဝင်စားတဲ့ လုပ်ငန်းခွင်တွေမှာ ပြန်လည်လုပ်ကိုင်နေကြတာလည်းရှိတယ်လို့ သိရပါတယ်။

spot_img
spot_img