အမျိုးသမီးတွေနဲ့. သူတို့ရဲ့ သဘာဝအရက်ချက်လုပ်ငန်း

ကရင်နီသူ

ကယားပြည်နယ်မှာရှိတဲ့ အိမ်ရှင်မတချို့တွေဟာ တောင်ယာ၊ လယ်ယာလုပ်ငန်းခွင်က အလုပ်တွေနည်းပါးချိန်မှာ အပိုဝင်ငွေအဖြစ်၊ သဘာဝအရက်ချက်ကြပါတယ်။ ရက်သတ္တပတ်တစ်ပတ်ကို တစ်အိုး၊ နှစ်အိုးချက်ပြီး အပိုဝင်ငွေရှာကြပါတယ်။ အပိုဝင်ငွေလို့ ပြောပေမယ့်လည်း ဆန်ကွဲဖိုး၊ ထင်းဖိုး၊ လုပ်အားခနဲ့တင် အရင်းပြန်ကျေပြီး ဝက်စာတစ်ခုလောက်ပဲ ပြန်ရပါတယ်။

ဒေသခံအိမ်ရှင်မတွေက အလုပ်နဲ့လက်နဲ့ မပြတ်နိုင်ကြတဲ့သူတွေမို့ တောင်ယာ၊ လယ်ယာတွေနားချိန်၊ အလုပ်နည်းနည်းအားချိန်မှာ အရက်လေးတွေချက်ကြတာ ဖြစ်ပါတယ်။

ကယား(ကရင်နီ)ဒေသခံအမျိုးသမီးတွေရဲ့ အရက်ချက်တဲ့ပုံစံလေးတွေက အင်မတန်မှ ရိုးရှင်းပါတယ်။ ပထမအဆင့်အနေနဲ့ ဆန်ကွဲကို ထမင်းချက်သလို ချက်ရပါတယ်။ ချက်ပြီးတဲ့ဆန်ကွဲတွေကို ဖျာပေါ်မှာခူးချပြီး အအေးခံထားပါတယ်။ အေးလာတဲ့ဆန်ကွဲတွေအပေါ်ကို တဆေးမှုန့်ဖြူးပြီး တောင်း(သို့) စဥ့်အိုး(သို့) ပုံးတွေထဲကို ခူးထည့်ပြီး လုံအောင်ဖုံးထားရပါတယ် (အငွေ့မ့ပျံရပါ)။

အဲ့ဒီ တောင်း(သို့) စဥ့်အိုး(သို့) ပုံးတွေကို အနည်းဆုံး တစ်ပတ်ကနေ ဆယ်ရက်အထိထားထားရပါတယ်။ တစ်ပတ်ပြည့်ရင် အရက်အိုးထဲထည့်ပြီး ချက်ရပါတယ်။ ဒီလိုမှမဟုတ်ဘဲ သုံးရက်၊ ငါးရက်လောက်ထိပဲထားပြီး ချက်ရင် အရသာပိုပေါ့လွယ်တယ်လို့ ဒီးမော့ဆိုမြို့နယ်၊ ရူးဖယ်ခူရပ်ကွက်က အရက်ချက်တဲ့ အဒေါ်တစ်ယောက်က ပြောပြပါတယ်။

အရက်ချက်တဲ့နေရာမှာ သုံးတဲ့ တဆေးတွေကိုတော့ အမှုန့်ကြိတ်ပြီးသားဆန်(တချို့ ကောက်ညှင်းမှုန့်နဲ့သုံး)နဲ့ တဆေးအဟောင်း(အမှုန့်)ကို ရေနဲ့ရောနယ်ပြီး ပေါက်ဆီလုံးလောက်ရှိတဲ့ အလုံးလေးတွေလုံးကာ နေရိပ်မှာ အခြောက်ခံထားပါတယ်။ ခြောက်ပြီဆိုတာနဲ့ နှီးနဲ့တွယ်ပြီး ကျပ်ခိုးစင်ပေါ်မှာ တင်ထားကြပါတယ်။ မီးခိုးအနံ့တွေနဲ့ဆိုတော့ ပိုမွှေးပါတယ်။

အရက်ချက်တဲ့အခါမှာ အလွန်ဂရုစိုက်ရပါတယ်။ မီးအရှိန်များရင် အရက်ဖတ်က တူးပြီး အရက်ကလည်း တူးနံ့ထွက်သွားပါမယ်၊ မီးအရှိန်နည်းရင်လည်း အငွေထွက်နည်းပြီး အရည်ကျ နည်းတတ်ပါတယ်။ ဒါကြောင့် မီးကိုပုံမှန်လေး ဆိုက်ရပါတယ်။ ထင်းတွေသုံးတဲ့နေရာမှာလည်း မီးတောက်လောင်ကောင်းတဲ့ ထင်းတွေကိုသုံးလို့မရပါဘူး။ အရမ်းအခိုးအငွေ့များတဲ့ ထင်းတွေကိုလည်း ရွေးလို့မရပါဘူး၊ ဒါကြောင့် ထင်းတွေရွေးတတ်မှလည်း အဆင်ပြေမှာပါ။

အရက်ပြင်းပြင်းလေးလိုချင်ရင် ၆ပုလင်း၊ ရပုလင်းလောက်ထိပဲ ယူပြီး အနည်းငယ်ပေါ့ချင်ရင် ၁၀ပုလင်းထိ ယူဖြစ်တဲ့အကြောင်း တနိုင်တပိုင်အရက်ချက်နေတဲ့ အဒေါ်က ပြောပါတယ်။

သူမက “ ဦးရေဆိုပြင်းပြင်းလေးပေါ့။ နောက် ပေါ့ပေါ့လေးယူတဲ့ဟာဆို ဆယ်ပုလင်းလောက် ယူပေးတယ်။ စျေးပိုပေါတယ် အဲ့လိုပေါ့။˝ လို့ ပြောပါတယ်။

ဦးရေလို့ပြောတဲ့နေရာမှာ အိုးထဲကနေအရင်ဆုံးကျလာတဲ့ အရည်ကိုဆိုလိုပြီး အရည်ကြည်လေးဖြစ်ပါတယ်။ နောက်မှကျလာတဲ့ အရည်တွေကတော့ အပေါ့ရည်ဖြစ်သွားပါပြီ။ အရက်ဦးရေက တစ်ပုလင်း ၁၅၀၀ကျပ်နဲ့ ဖောက်သည်ပေးတာဖြစ်ပြီး ရိုးရိုးအရက်က တစ်ပုလင်း ၆၀၀ ကနေ ၈၀၀ အထိ ရောင်းကြပါတယ်။

ပုံမှန်ဖောက်သည်ရှိတဲ့သူတွေကတော့ တစ်နေ့ကို နှစ်အိုးလောက်ချက်နိုင်ကြပြီး တစ်ချို့အိမ်ရှင်မတွေက တစ်အိုးပဲချက်ကြပါတယ်။ ဝက်စာအတွက် အရက်ဖတ်ကျန်ရုံလောက်ပဲချက်တဲ့သူတွေက တစ်ပတ်ကို နှစ်အိုး၊ သုံးအိုးလောက်ပဲ ချက်ကြပါတယ်။ အချို့ အရက်ဖတ်တွေကို ဝက်စာအနေနဲ့ ပြန်ရောင်းရင် ပုံးဝါတစ်ပုံးကို ၁၀၀၀ကျပ်လောက် ရောင်းကြပါတယ်။

လွန်ခဲ့တဲ့ လေးငါးနှစ်က အရက်ချက်လိုင်စင်မရှိရင် ကျေးရွာအုပ်ချုပ်ရေးမှူးရယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေက အရက်ချက်အိမ်တွေကို လိုက်လံစစ်ဆေးပြီး ပစ္စည်းတွေကို သိမ်း၊ ဒဏ်ငွေတွေကို ဆောင်ခိုင်းပါတယ်။ ဒါကြောင့် လိုင်စင်မရှိသူတွေက အရက်အိုးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဝက်ခြံ၊ စပါးကျီတွေပေါ်မှာ ခိုးပြီးဝှက်ထားကြပါတယ်။ စီးပွားဖြစ် ချက်နေကြတာမဟုတ်တဲ့အတွက် အခွန်မဆောင်ထားကြပါဘူး။

̏ “စိုးရိမ်တယ်။ အရင်တုန်းကဆို ရဲတွေလိုက်ကြည့်လို့ ချက်တောင်မချက်ရဲတော့ဘူး။ အခုမှ နည်းနည်းငြိမ်လို့ နည်းနည်းပြန်ချက်တာ။˝ လို့ ၁၉၉၀ခုနှစ်ကျော်က အရက်ချက်ခဲ့ဖူးတဲ့ အဒေါ်တစ်ယောက်က သူမအတွေ့အကြုံကို ပြန်ပြောပြပါတယ်။

အရက်ချက်တာဟာ လက်ရှိပြည်နယ် ဥပဒေမှာတော့ ယစ်မျိုးခွန် ဥပဒေနဲ့ ညှိစွန်းနိုင်တယ်လို့ ဥပဒေပညာရှင် က ထောက်ပြထားပါတယ်။

အရက်ချက်ရောင်းနေကြတဲ့ အမျိုးသမီးတွေဟာ ဥပဒေနဲ့မညီလို့ ကြောက်စိတ်တွေရှိနေပေမယ့်လည်း သားသမီး ပညာရေးထောက်ပ့ံဖို့ အတွက် ချက်လုပ်နေရတယ်လို့ အရက်ချက်ရောင်းရင်း သားသမီး လေးဦးကို ပညာရေးထောက်ပ့ံ နေ တဲ့ အသက် ၅၀ အရွယ် အဒေါ်တစ်ဦးက ပြောပါတ ယ်။

“တစ်ထောင့်တစ်နေရာမှာ သားသမီးတွေကို ပံ့ပိုးကူညီနိုင်မယ့်သူတွေ အများကြီးတွေ့တယ်။ ဒါကြောင့် ပိတ်ပင်လိုက်မယ်ဆိုရင် တခြားအလုပ်တွေ အစားထိုးပေးမှ အဲ့ဒီအရက်တွေမချက်မှာ။˝လို့ သူမက ပြောပါတယ်။

အကယ်၍အစိုးရအနေနဲ့ တိုင်းရင်းသားတွေချက်တဲ့ သဘာဝအရက်ကို အဆင့်မြှင့်တင်ပြီး နိုင်ငံခြားလိုလှလှပပလေး တိုင်းရင်းသားရိုးရာဂျပ်ခုပ်ထည်စတွေနဲ့ ထုတ်ပိုးပြီး ရောင်းချရင် ကိုယ့်ဒေသကိုလာလည်တဲ့ ဧည့်သည်တွေလည်း သဘောကျမှာ ဖြစ်ပါတယ်။

ဒီအရက်တွေကို အစိုးရတွေအနေနဲ့ ဥပဒေနဲ့အညီ အန္တရာယ်ကင်းအောင်၊ အရည်အသွေးပြည့်မီအောင် စီစစ်ပြီး တစ်ဆင့်ချင်းလုပ်ဆောင်ပေးနိုင်ရင် နိုင်ငံခြားစျေးကွက်ထိကို တင်ပို့ရောင်းချနိုင်မှာဖြစ်ပါတယ်။ အိမ်ရှင်မတွေကလည်း ခွင့်ပြုချက်ရရင် အရည်အသွေးပြည့်မီအောင် ချက်လုပ်ဖို့ ဆန္ဒရှိနေကြပါတယ်။

ကယား(ကရင်နီ)ပြည်နယ်မှာရှိနေတဲ့ အမျိုးသမီးတွေက အခြားအလုပ်အကိုင်မရှိတဲ့အတွက်ကြောင့် အရက်ချက်တဲ့အလုပ်တွေကို လုပ်နေပါတယ်။

နိုင်ငံခြားက တင်သွင်းလာတဲ့ အရက်တွေထက် ကယားသူလေးတွေ သဘာဝကျကျ ချက်လုပ်ထားတဲ့အတွက်လည်း ထုတ်ကုန် စျေးကွက်ရှိရင် ဥပဒေ နဲ့အညီ ဒေသခံတွေရဲ အရက်ချက်လုပ်ငန်းကိုမြင့်တင်ပေးသင့်တယ် လို့ ရန်ကုန်မှ ကယားပြည်နယ်သို့ အလည်လာရင်း အရက်ချက်နေသော ကယားအမျိုး သမီးတစ်ဦး၏ လုပ်ငန်းကို လေ့လာသွားသည့် သတင်းစာဆရာ တစ်ဦးက သုံးသပ်ပြော ဆိုသွားခဲ့ပါတယ်။

Comments

comments

Next Post

“ဘဝ အာမခံချက် ပျောက်ဆုံးနေသူများ”

Mon Oct 7 , 2019
မော်ဦးမြာ ရေးသားသည်။ ဒုက္ခသည် ပြန်လည်နေရာချထားရေးမှာ ပါဝင်ပြီး နေရပ်ကို ပြန်လည်ရောက်ရှိလာတာ လပိုင်းအတွင်းသာ ရှိသေးတဲ့ ဒေါ်ပိုးမယ်ကတော့ ဝါးထရံ ကာပြီး သွပ်မိုး မိုးထားတဲ့ ခြေတိုင်ရှည် အိမ်ငယ်လေးမှာ အမျိုးသားနဲ့အတူ မနက်စာအတွက် ချက်ပြုတ်ပြင်ဆင်နေပါတယ်။ နေရပ်ကို ပြန်ရောက်တာ မကြာသေးတာ ဖြစ်တဲ့အတွက် အိမ်ထဲမှာတော့ ပစ္စည်းတွေက တခြားအိမ်တွေလောက်တော့ သိပ်မများလှ။ နေ့စဉ် မျှသုံးလို့ရနိုင်တဲ့ အသုံးအဆောင်ပစ္စည်းလောက်သာ ရှိသေးတယ်။ သူမကတော့ ရှားတောမြို့နယ် ဖရေစိုးလေးဒေသက လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲနေသေးတဲ့ ဒေါဆော်ဘူးကျေးရွာမှာ နေထိုင်ပါတယ်။ သူမကတော့ ဖြတ်လေးဖြတ်မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်းနေရင်းနဲ့ ကရင်နီဒုက္ခသည်စခန်းကို ရောက်ရှိသွားပါတယ်။ “အခုက ကျမတို့ တောင်ယာလုပ်တယ်။ လယ်နဲနဲတော့ရှိတယ် ဒါပေမဲ့ သစ်ပင်တွေ […]