spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အမျိုးသမီးတွေမှာအဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာနှင့် ရင်သားကင်ဆာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေဟာ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ကို အများဆုံး ခံစားကြရပါတယ်။ နှစ်စဉ် အမျိုးသမီး ၃၀၀,၀၀၀ ကျော်ဟာ သားအိမ်ခေါင်း ကင်ဆာကြောင့် သေဆုံးနေကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ( WHO) ရဲ့စာရင်းအရ သိရပါတယ်။

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရခြင်းနဲ့ အဲဒီရောဂါကြောင့် သေဆုံးရခြင်းတို့ရဲ့ ၉၀% ကျော်ဟာ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့ တိုင်းပြည်တွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) က ဆိုပါတယ်။

ဒါ့အပြင် ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုးဖြစ်ပြီး ရင်သားကင်ဆာကြောင့် အမျိုးသမီးတွေရဲ့ သေဆုံးနိုင်ခြေဟာ ၃၇ ယောက်မှာ ၁ ယောက် (၂.၇ ရာခိုင်နှုန်း)ရှိနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒါကြောင့် အမျိုးသမီးတွေအတွက် သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေနဲ့ မဖြစ်ပွားအောင် ဘယ်လိုနေထိုင်သင့်သလဲ ဆိုတာတွေကို မျှဝေပေးချင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရခြင်းအကြောင်းရင်းနှင့် လက္ခဏာများ

Human papilloma virus (HPV) ပိုးက သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေပါတယ်။ HPV ဟာ လိင်ဆက် ဆံခြင်း ကတစ်ဆင့် ကူးစက် တတ်တဲ့ ရောဂါပိုးဖြစ်ပြီး အဲဒီကနေ လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေ ပါတယ်။

ဒါ့အပြင် လိင်ဆက်ဆံဖော်များတာ၊ လိင်ဆက်ဆံချိန်စောတာနဲ့ တခြားလိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေ၊ ခုခံအားကျတာ၊ ဆေးလိပ်အလွန်အကျွံ သောက်တာ၊ ကိုယ်ဝန်ခိုင်ဆေးသုံးတာနဲ့ တားဆေး သောက်သုံးတာတွေကလည်း သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ခန္ဓာကိုယ်က HPV ပိုးကို ရင်ဆိုင်တွေ့တဲ့အခါ တိုက်ခိုက်ဖယ်ရှားလိုက်တတ်ပေမယ့် ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ အကြာကြီးရှိနေတဲ့အခါမှာတော့ ကင်ဆာဖြစ်လာနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာတွေကတော့ မိန်းမကိုယ်ကနေ မူမမှန်သွေးဆင်းတာ၊ ဗိုက်အောက်ပိုင်း (သို့မဟုတ်) ဆီးစပ်နာတာ/အောင့်တာ၊ လိင်ဆက်ဆံချိန်မှာနာကျင်တာ၊ မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ အရည်တွေ ဆင်းတာတွေ ပြလေ့ရှိပါတယ်။

တခြားသော မိန်းမကိုယ်ပိုးဝင်တာကလည်း အထက်ပါလက္ခဏာတွေ ပြလေ့ရှိတာကြောင့် အဆိုပါ လက္ခဏာတခုခု ခံစားရပြီဆိုရင် စောစီးစွာကုသမှုခံယူနိုင်ဖို့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ် သင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရန်နည်းလမ်းများ

HPV ကာကွယ်ဆေး ကြိုတင်ထိုးနှံထားခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ပေး နိုင်ဖို့ အထိရောက်ဆုံးဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV Vaccine) ဟာ လိင်အင်္ဂါကြွက်နို့ နဲ့ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့အပြင် HPV ပိုးကြောင့် ဖြစ်တဲ့ ယောနိကင်ဆာ (မိန်းမကိုယ်ကင်ဆာ)၊ စအိုကင်ဆာ၊ ပါးစပ်၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာတွေကိုလည်း ကာကွယ်ပေးနိုင်ပြီး တခြားသော HPV မျိုးကွဲတွေကိုလည်း ခံနိုင်ရည်ရှိစေတယ်လို့ သိရပါတယ်။

HPV ကာကွယ်ဆေးထိုးဖို့ အကောင်းဆုံး အသက်အရွယ်ကတော့ လိင်ဆက်ဆံမှု မရှိခင်ပဲ ဖြစ်ပါတယ်။ ၉ နှစ် ကနေ ၁၄ နှစ် မှာ ၆လ (ဒါမှမဟုတ်) ၁နှစ်ခြားပြီး ၂ ကြိမ်၊ ၁၅ နှစ် ကနေ ၂၇ နှစ် အထိကတော့ ၃ ကြိမ် နဲ့ ၂၇ နှစ်နဲ့ အထက်တွေမှာ ကာကွယ်ဆေး ထိုးမယ်ဆိုရင် အာနိသင်ရနိုင် မရနိုင်ကို ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးရမှာဖြစ်ပါတယ်။

Photo – Google

ရင်သားကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းရင်းများ

ရင်သားကင်ဆာဖြစ်စေသောအကြောင်းရင်းတွေကို မသိရှိရသေးပေမယ့် အသက် ၃၀ နောက်ပိုင်း အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေပိုများတယ်လို့ ဆေးပညာရှင်တွေက ပြောဆိုကြပါတယ်။ အသက်အရွယ် ကြီးလာလေလေ ရင်သားကင်ဆာဖြစ်နိုင်ဖို့ အခွင့်အရေးပိုများလာပြီး အသက် ၄၀ ကျော်နဲ့ အထက် အမျိုးသမီးတွေမှာ သတိထားရမှာဖြစ်တယ်လို့ သိရပါတယ်။

ရင်သားကင်ဆာအများစုဟာ ရင်သားဆဲလ်တွေမှာ အန္တရာယ်အကျိတ်အဖုထွက်တာကနေ စတင်ပါတယ်။ ရင်သားအတွင်းရှိ နို့ ရည်လမ်းကြောင်းကနေပြီး ဘေးပတ်ဝန်းကျင်ကို တဖြည်းဖြည်း နယ်ချဲ့လာကာ သွေးကနေတစ်ဆင့် ကင်ဆာဆဲလ်တွေဟာ ခန္ဓာကိုယ်အနှံ့အထိ ပျံ့သွားတတ်ပါတယ်။

ရင်သားကင်ဆာ ဖြစ်နိုင်စေတဲ့ တွန်းအားပေးတဲ့ အချက်တွေများစွာရှိပြီး ရင်သားကင်ဆာရဲ့ ၅-၁၀ ရာခိုင်နှုန်းဟာ မျိုးဗီဇသန္ဓေပြောင်းမှုကြောင့် ဖြစ်တယ်လို့ ဆေးပညာရှင်တွေက ခန့်မှန်းပြောဆို ကြပါတယ်။

အသက် ၄၀ ကျော် အမျိုးသမီးတွေ၊ မျိုးရိုးရှိတဲ့သူတွေ၊ ဟော်မုန်းဆေး သောက်နေရသူတွေ၊ သန္ဓေတားဆေး သုံးနေတဲ့သူတွေ၊ အရက် အလွန်အကျွံ သောက်သူတွေ၊ အဝလွန်တဲ့သူတွေ၊ ရာသီစတာ စောတဲ့အမျိုးသမီးတွေ၊ ရာသီသွေးဆုံး နောက်ကျ တဲ့ အမျိုးသမီးတွေ၊ ကလေးမရှိတဲ့ အမျိုးသမီးနဲ့ အသက်ကြီးမှ ကလေးရတဲ့ အမျိုးသမီးတွေ၊ ဓာတ်ရောင်ခြည် ထိတွေဖူးတဲ့သူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

ရင်သားကင်ဆာရဲ့ ရောဂါလက္ခဏာများ

ရင်သားကင်ဆာစဖြစ်ပြီဆိုရင် ပြလေ့ရှိတဲ့ ရောဂါလက္ခဏာကတော့ ရင်သားတစ်ဝိုက် တစ်ရှုးဧရိယာ တချို့ ထူထဲလာတာကိုတွေ့ရပြီး ရင်သား (သို့မဟုတ်) ချိုင်းကြားထဲမှာ အဖုအကျိတ်တွေကို တွေ့ရ တတ်ပါတယ်။ ဒီလိုလက္ခဏာတွေကို စောစောသိရမယ်ဆိုရင် စောစီးစွာကုသနိုင်တာကြောင့် ရောဂါပျောက်ကင်းနိုင်ခြေ ပိုများပါတယ်။

နောက်ထပ်တွေ့ရတဲ့ ရောဂါလက္ခဏာတွေကတော့ ဓမ္မတာလာချိန်မဟုတ်ဘဲ ချိုင်းကြား၊ ရင်သားမှာ နာကျင်မှုကို ခံစားရတာ၊ ရင်သားရဲ့ အရေပြားဟာ လိမ္မော်သီး အခွံလိုမျိုး ပြောင်းလဲသွားတာ၊ အနီကွက်တွေ ရင်သားခေါင်း တစ်ဝိုက် မှာ ဖြစ်ပေါ်တာ၊ နို့သီးခေါင်းမှ သွေးပါတဲ့ အရည်တွေထွက်တာ၊ နို့သီးခေါင်း အတွင်းကို ချိုင့်ဝင်နေတာ၊ ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံပြောင်းလဲလာတာတွေ ဖြစ်လာပါတယ်။

ရင်သားပေါ်က အဖုအကျိတ်တွေတိုင်းဟာ ကင်ဆာအကျိတ်တွေမဟုတ်ဘူးဆိုပေမယ့် ကိုယ့်မှာ အဖုအကျိတ်တွေ ဖြစ်လာရင်တော့ ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ သွားရောက်ပြရမှာဖြစ်ပါတယ်။

ရင်သားကင်ဆာ ကုသနည်းများ

ဘယ်ရောဂါမျိုးမဆို ရောဂါအခြေအနေ သေချာသိထားမှ ကုသမှုခံယူတာက ပိုမိုထိရောက်မှာ ဖြစ်ပါတယ်။ အထူသဖြင့် ရင်သားကင်ဆာကုသတဲ့အခါမှာ ရောဂါအမျိုးအစား၊ ရင်သားကင်ဆာရဲ့ အဆင့်သတ်မှတ်ချက်တွေ ၊ဟော်မုန်း ဓါတ်များအပေါ် တုံ့ပြန်နိုင်စွမ်း၊ လူနာရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးစတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ဆုံးဖြတ်ရတာဖြစ်ပါတယ်။

ရင်သားကို စက်ဝိုင်းပုံစံလှည့်လည်ပြီး စမ်းကြည့်မယ်ဆိုရင် အကျိတ်တွေကို စမ်းသပ်မိနိုင်ပြီး ရင်သားကင်ဆာ အကြိတ်ဟာ အများအားဖြင့် နာကျင်မှုမရှိပါဘူးလို့ သိရပါတယ်။ ရင်သား အကျိတ်ရှိ/မရှိ စမ်းသပ်နည်းကတော့ မှန်ရှေ့မှာရပ်ပြီး လက်နှစ်ဖက်စလုံးကို ခေါင်းပေါ်တင်ပြီး ရင်သားအရွယ်အစား ညီမညီနှင့် အနိမ့်အမြင့်ကို ကြည့်နိုင်ပါတယ်။

မိမိစမ်းသပ်မယ့် ရင်သား (ဥပမာ- ညာဖက်စမ်း မယ်ဆိုရင်) ညာဖက်လက်ကို ခေါင်းပေါ်တင်လိုက်ခြင်း ဖြင့် ဘယ်ဖက်လက်သုံးချောင်းနဲ့ စက်ဝိုင်းပုံစံလှည့်ပြီး စမ်းသပ်ရပါမယ်။ ညာဘက်ပြီးပါက ဘယ်ဖက် ရင်သားကိုလည်း ထိုနည်းအတိုင်း စမ်းသပ်နိုင်ပါတယ်။

အမျိုးသမီးတယောက်အနေနဲ့ မိမိရဲ့ရင်သားကို နှစ်ပတ်တစ်ကြိမ် ပုံမှန်စမ်းသပ်ပြီး ရင်သားကင်ဆာ လက္ခဏာတွေနဲ့ ရင်သားတစုံတရာ ပြောင်းလဲမှုရှိခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ကုသမှုဆိုင်ရာ နည်းလမ်းတွေကတော့ ရေဒီယိုဓါတ်ရောင်ခြည်ဖြင့်ကုသတာ ၊ ခွဲစိတ်ကုသတာ၊ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အသုံးပြုပြီး ကင်ဆာလ်ရောဂါကို ကုသတာ၊ ဟော်မုန်းဓါတ်နဲ့ ကုသတာ၊ ဓါတုနည်းလမ်းနဲ့ ကုသတာတွေ ရှိပါတယ်။

ခွဲစိတ်ကုသတာဟာ တခုတည်းသော ပျောက်ကင်းအောင်ကုသနည်းလမ်းဖြစ်ပြီး နောက်တဖန် ရေသားကင်ဆာ ပြန်မဖြစ်နိုင်ဖို့ တခြားသောကုထုံးနည်းတွေလည်း ကုသမှုခံယူရမှာဖြစ်ပါတယ်။

ရင်သားကင်ဆာရောဂါကို စောစီးစွာတွေ့ရှိမယ်ဆိုရင် ကုသပျောက်ကင်းနိုင်ဖို့က ၉၀ ရာခိုင်နှုန်း ရှိပြီး ရင်သားကင်ဆာလက္ခဏာတွေကို စောစီးစွာတွေ့ရှိနိုင်ဖို့ဟာ အလွန်အရေးကြီးပါတယ်။

အထက်ပါ ဖော်ပြထားတဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ နှစ်ခုလုံးဟာ အမျိုးသမီးတွေမှာ အဖြစ်များတာကြောင့် မိမိရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ မသင်္ကာစရာ တစုံတရာရှိခဲ့ရင် မရှက် မကြောက်ပဲ တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အမြန်ဆုံးပြသရမှာဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ကိုးကား – NUG MOH website, Hello Sayarwon website.

spot_img
spot_img

Recent posts